မုံရွာ အလွတ်သတင်းထောက်တစ်ဦး ထောင်လေးနှစ်ချခံရ
2024.03.29

စစ်ကိုင်းတိုင်း၊ မုံရွာမြို့အခြေစိုက် အလွတ်သတင်းထောက် ကိုရန်နိုင်စိုးကို စစ်ကောင်စီက မတ်လ ၂၅ ရက်နေ့က မုံရွာထောင်တွင်းတရားရုံးကနေ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ- ၅၂ (က) နဲ့ ထောင်ဒဏ်လေးနှစ် ချမှတ်လိုက်တယ်လို့ မိသားစုနဲ့ နီးစပ်သူတွေနဲ့ မုံရွာအခြေစိုက် သတင်းထောက်တွေက ပြောပါတယ်။
သတင်းထောက်လုပ်သက် ၉ နှစ်ခန့်ရှိတဲ့ အသက် ၃၇ နှစ်အရွယ် ကိုရန်နိုင်စိုးဟာ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၂၂ ရက်နေ့က မုံရွာ၊ သာစည်ဈေး စစ်ဆေးရေးဂိတ်နားမှာ စစ်ဆေးဖမ်းဆီးခံခဲ့ရတာပါ။ သူ့ရဲ့ လက်ကိုင်ဖုန်းထဲမှာ သတင်းဌာနတချို့နဲ့ ဆက်သွယ်ထားတဲ့ အချက်အလက်တွေကို တွေ့သွားရာကနေ သတင်းထောက်မှန်း သိသွားပြီး ဖမ်းဆီးခံခဲ့တာလို့ မိသားစုနဲ့ နီးစပ်သူတွေက ပြောပါတယ်။
ကနဦး မုံရွာ အမှတ် (၁) ရဲစခန်းမှာ ဖမ်းဆီးစစ်ဆေးခံခဲ့ရာကနေ နောက်ပိုင်းမှာ အမှတ် (၂) ရဲစခန်း၊ အဲဒီကတစ်ဆင့် မုံရွာအကျဉ်းထောင်အချုပ်မှာ ဆက်လက်ချုပ်နှောင်ခံရပြီးနောက် ငါးလကျော်အကြာမှာ ထောင်ချခံရတာလို့ မိသားစုနဲ့ နီးစပ်သူတစ်ဦးက RFA ကို ပြောပါတယ်။
“ပြီးခဲ့တဲ့ တနင်္လာနေ့က အမိန့်ချလိုက်တာ။ ထောင်ကြီးအချုပ်ထဲက တရားရုံးကပဲချတာ။ မိသားစုက ရှေ့နေလည်း မငှားနိုင်တော့ ရှေ့နေ မခေါ်ရဘူး။ အခုချလိုက်တာက ၅၂ (က)။ ပြောရင်ကတော့ အမေအိုကြီးက အခု အိပ်ယာထဲမှာ လဲနေတာ။ မိသားစု လက်လုပ်လက်စားဆိုတော့ ထောင်ဝင်စာပို့တာနဲ့ ဘာနဲ့ဆိုတော့ မလွယ်ဘူး။ သားအမိနှစ်ယောက်တည်းနေတာဆိုတော့ သူ့ရဲ့ အမေကိုတော့ မိသားစုဝင်တွေက ခေါ်ထားတာပေါ့”
အလွတ်သတင်းထောက် ကိုရန်နိုင်စိုးကို ထောင်ဒဏ်အမိန့်ချလိုက်တာနဲ့ ပတ်သက်ပြီး အသေးစိတ်သိရဖို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်း ပြောခွင့်ရသူ တိုင်းလူမှုရေးရာဝန်ကြီး ဦးညွန့်ဝင်းအောင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုခြင်း မရှိပါဘူး။
ကိုရန်နိုင်စိုးဟာ မုံရွာမြို့နယ်နဲ့ အနီးတစ်ဝိုက်က သတင်းတွေကို အဓိက ရေးသားပြီး ပြည်တွင်းသတင်းဌာနတချို့ကို ပေးပို့နေတဲ့ အလွတ်သတင်းထောက်တစ်ဦးဖြစ်တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မုံရွာအခြေစိုက် သတင်းထောက်တစ်ဦးက ပြောပါတယ်။
“အလွတ်တန်း သတင်းထောက်ပေါ့။ နေတာကတော့ မုံရွာမှာနေတယ်။ သတင်းတွေကတော့ မုံရွာနဲ့ မုံရွာနယ်အနီးတစ်ဝိုက်က သတင်းတွေရယူပြီးတော့ DVB သတင်းဌာနကို ပေးပို့တယ်ပေါ့နော်”
ဖမ်းဆီးခံ သတင်းသမားစာရင်း ပြုစုထားတဲ့ Detained Journalists Information Myanmar ရဲ့ စာရင်းအရ မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးတဲ့နောက် သတင်းဌာန (၁၄) ခုကို စစ်ကောင်စီက ထုတ်ဝေခွင့်လိုင်စင်တွေ ရုပ်သိမ်းခဲ့သလို နိုင်ငံတစ်ဝန်းက သတင်းထောက် (၁၆၉) ဦးထက်မနည်း ဖမ်းဆီးခဲ့ပါတယ်။
အဲဒီအထဲက သတင်းထောက် (၅၄) ဦးကတော့ လက်ရှိအချိန်အထိ အကျဥ်းထောင် အသီးသီးမှာ ဆက်လက်အကျဥ်းကျခံနေရတယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံဟာ ကမ္ဘာပေါ်မှာ သတင်းသမားတွေကို ဖမ်းဆီးထောင်ချတဲ့နေရာမှာ တရုတ်နိုင်ငံပြီးရင် ဒုတိယမြောက် အဆိုးဝါးဆုံးနိုင်ငံဖြစ်တယ်လို့ ၂၀၂၃ ခုနှစ်အတွင်း ရရှိထားတဲ့ အချက်အလက်ကို အခြေခံပြီး နယူးယောက်မြို့အခြေစိုက် စာနယ်ဇင်းသမားများ ကာကွယ်စောင့်ရှောက်ရေးအဖွဲ့ (CPJ) က ထုတ်ပြန်ထားပါတယ်။