အဆိုးရွားဆုံး ပစ်မှတ်ထားဖိနှိပ်မှုနဲ့ ရင်ဆိုင်နေရကြောင်း မြန်မာသတင်းသမားတွေပြော
2024.08.01

စစ်အာဏာသိမ်းပြီးနောက် သုံးနှစ်ကျော်အတွင်း မြန်မာပြည်မှာ သတင်းမီဒီယာလွတ်လပ်ခွင့် အဆိုးဆုံး အခြေအနေကို ရောက်နေသလို သတင်းသမားတွေဟာလည်း ဖိနှိပ်မှု၊ ခြိမ်းခြောက်မှုပေါင်းစုံကို ရင်ဆိုင်နေရတယ်လို့ မြန်မာသတင်းစာဆရာများအစည်းအရုံး (IMJA) က ဒီနေ့ ပြောပါတယ်။
ဒီနေ့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့က နိုင်ငံခြားသတင်းထောက်များအသင်း (FCCT) ရုံးမှာ မြန်မာသတင်းစာဆရာများအစည်းအရုံး (IMJA) က ဦးဆောင်ပြီး မြန်မာသတင်းသမားတွေကြုံတွေ့နေရတဲ့ အခြေအနေတွေနဲ့ ပတ်သက်လို့ ဆွေးနွေးပွဲကျင်းပခဲ့ပါတယ်။
IMJA အစည်းအရုံး ဥက္ကဋ္ဌ ကိုကျော်ကျော်မင်းက မြန်မာပြည်မှာ သတင်းသမားတွေ အကြမ်းဖက်ခံရတာ စံချိန်တင်ဖြစ်နေပြီလို့ RFA ကို ပြောပါတယ်။
"ကျွန်တော်တို့နိုင်ငံရဲ့ အခြေအနေက နိုင်ငံတကာက သတင်းထောက်တွေ ကြုံတွေ့နေရတဲ့ အခြေအနေနဲ့ဆိုရင် အဆိုးဆုံး အခြေအနေမှာ ရှိတယ်။ မီဒီယာလွတ်လပ်ခွင့် ချိုးဖောက်ခံနေရတာနဲ့အပြင် သတင်းထောက်တွေအပေါ်မှာ အကြမ်းဖက်ခံရမှုက စံချိန်တင် အမြင့်ဆုံး ရောက်နေတယ်"
မြန်မာသတင်းစာဆရာများအစည်းအရုံး (IMJA) က အာဏာသိမ်း သုံးနှစ်ကျော်အတွင်း သတင်းသမားတွေရဲ့ အခြေအနေတွေနဲ့ ပတ်သက်တဲ့ အစီရင်ခံစာတစ်စောင် ထုတ်ပြန်ခဲ့ပါတယ်။
အဲဒီအစီရင်ခံစာထဲမှာ သတင်းပေးပို့မှုကြောင့် ပြင်းပြင်းထန်ထန် နှိပ်စက်ညှဉ်းပန်းမှုတွေနဲ့ ထောင်ချခံခဲ့ရတဲ့ သတင်းသမားတွေရဲ့ ကိုယ်တွေ့မှတ်တမ်းတွေကို ဖော်ပြထားပါတယ်။
ဆက်နွှယ်သောသတင်းများ
DMG သတင်းထောက်နဲ့ ရုံးဝန်ထမ်းတစ်ဦး ထောင်ဒဏ်ငါးနှစ်စီ ချမှတ်ခံရ
သတင်းထောက်ဖိုးသီဟအပါအဝင် အရပ်သား ခုနစ်ဦးသတ်ဖြတ်ခဲ့ကြောင်း ဝန်ခံချက်ပါဗီဒီယို AA ထုတ်ပြန်
မြန်မာ့စာနယ်ဇင်းလွတ်လပ်ခွင့်နဲ့ သတင်းလောကစိန်ခေါ်မှုများ
စစ်အာဏာသိမ်းလိုက်ပြီးနောက် သတင်းသမားတွေဟာ စစ်ကောင်စီရဲ့ ဖိနှိပ်မှုကြောင့် ပြည်တွင်းမှာ သတင်းသမားအလုပ်ကို မလုပ်နိုင်တော့ဘဲ ပြည်ပနိုင်ငံတွေကို ထွက်ပြေးနေရပြီး အဲဒီအထဲက သတင်းသမား ခြောက်ရာထက်မနည်းဟာ ထိုင်းနိုင်ငံမှာ ထွက်ပြေးခိုလှုံနေကြရတယ်လို့ ဆိုပါတယ်။ သတင်းသမားတွေဟာ ထိုင်းနိုင်ငံထဲမှာ တရားဝင်ရော၊ တရားမဝင်ပါ နေထိုင်နေကြရတာလို့လည်း အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
မြန်မာနိုင်ငံဟာ ကမ္ဘာပေါ်မှာ သတင်းသမားတွေကို ဖမ်းဆီးထောင်ချတဲ့နေရာမှာ ဒုတိယမြောက် အဆိုးရွားဆုံးနိုင်ငံ ဖြစ်တယ်လို့ ကလည်း မတ်လကုန်ပိုင်းမှာ ထုတ်ပြန်ထားပါတယ်။
အာဏာသိမ်းလိုက်ပြီးနောက် စစ်ကောင်စီက မြန်မာနိုင်ငံက သတင်းမီဒီယာသမားတွေအပေါ် ရည်ရွယ်ချက်ရှိရှိ စနစ်တကျ ဖိနှိပ်လာတယ်လို့ CPJ ရဲ့ အရှေ့တောင်အာရှဆိုင်ရာ အကြီးတန်း တာဝန်ခံ Mr.Shawn Crispin က RFA ကို ပြောပါတယ်။
"ကျွန်တော်တို့တွေ့ရှိတာကတော့ အာဏာသိမ်းပြီးတဲ့နောက်မှာ ပထမ ကြောက်စရာကောင်းတဲ့လှိုင်းအနေနဲ့ လွတ်လပ်တဲ့သတင်းမီဒီယာတွေကို ဖြိုခွင်းခဲ့တာပါ။ တချို့ အထင်ကရ မီဒီယာတွေ DVB လို အထင်ကရ သတင်းမီဒီယာတွေ ပထမဦးဆုံး ဖြိုခွင်းခံခဲ့ရပါတယ်။ အာဏာသိမ်းပြီးနောက်ပိုင်းတွေမှာ ဒီလိုဖြိုခွင်းမှုတွေက တစ်နိုင်ငံလုံးကို ပျံ့နှံ့သွားပါတယ်။ အဲဒီနောက် စစ်ကောင်စီရဲ့ စိစစ်တင်းကျပ်မှုတွေက ပိုရှုပ်ထွေးလာခဲ့ပြီး တိုင်းရင်းသားဒေသအခြေစိုက် သတင်းမီဒီယာငယ်လေးတွေကိုပါ ရှာဖွေပြီးတော့လည်း သတင်းသမားတွေကို ဖိနှိပ်လာပါတယ်"
သတင်းထောက်အလုပ် လုပ်ရင်း ထောင်နှစ်နှစ် ချမှတ်ခံခဲ့ရတဲ့ ဧရာဝတီတိုင်းမ် သတင်းဌာန သတင်းခန်းတာဝန်ခံ ကိုသန်းထိုက်အောင်က မြန်မာနိုင်ငံမှာ သတင်းသမားတွေ အသက်အန္တရာယ် ခြိမ်းခြောက်ခံရမှုတွေပါ ကြုံနေကြရတယ်လို့ ပြောပါတယ်။
"ပြည်တွင်းက သတင်းသမားတွေကတော့ ဘယ်အချိန်မှာ ဖမ်းဆီးနှိပ်စက်ခံရမလဲ၊ သတ်ဖြတ်ခံရမလဲဆိုတဲ့ စိုးရိမ်ပူပန်စရာကောင်းတဲ့ အခြေအနေတွေ ရှိနေတယ်"
"ပြည်တွင်းက သတင်းသမားတွေဟာ အသက်အန္တရာယ်ကို ကြီးကြီးမားမား ခြိမ်းခြောက်ခံနေရတယ်။ နောက်ပြီး ဘယ်လိုမှ နေလို့မရလို့ နယ်စပ်တစ်နေရာ၊ တချို့လည်း လွတ်မြောက်နယ်မြေကို သွားပြီးတော့ ရပ်တည်နေရတဲ့ သတင်းသမားတွေကလည်း လုံခြုံရေးဆိုင်ရာ ပြဿနာတွေရှိတယ်။ ပြည်တွင်းက သတင်းသမားတွေကတော့ ဘယ်အချိန်မှာ ဖမ်းဆီးနှိပ်စက်ခံရမလဲ၊ သတ်ဖြတ်ခံရမလဲဆိုတဲ့ စိုးရိမ်ပူပန်စရာကောင်းတဲ့ အခြေအနေတွေ ရှိနေတယ်"
ဒီနှစ်ပိုင်းကစပြီး မြန်မာနိုင်ငံမှာ သတင်းသမားတွေကို စစ်ကောင်စီက အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပါ ပုဒ်မတွေနဲ့ ကြီးလေးတဲ့ပြစ်ဒဏ် ချမှတ်တာတွေ များလာပါတယ်။ ဒါဟာ သတင်းသမားတွေနဲ့ လုံးဝ ဆီလျော်မှုမရှိတဲ့ ဥပဒေပုဒ်မတွေတပ်ပြီး စစ်ကောင်စီက ဖိနှိပ်နေတယ်လို့ သတင်းသမားတွေက ထောက်ပြကြပါတယ်။
နယ်စည်းမခြားသတင်းထောက်များအဖွဲ့ (RSF) ရဲ့ ၂၀၂၄ ခုနှစ်အတွက် ထုတ်ပြန်တဲ့ သတင်းလွတ်လပ်ခွင့် အဆိုးရွားဆုံးနိုင်ငံတွေထဲမှာ မြန်မာနိုင်ငံက ဆက်လက်ပါဝင်နေပါတယ်။ သတင်းဌာနတွေအပေါ် အကြမ်းဖက် ဖိနှိပ်တာတွေ ရပ်တန့်ပြီး ဖမ်းဆီးခံထားရတဲ့ သတင်းသမားအားလုံးကို အမြန်ဆုံးလွှတ်ဖို့ နိုင်ငံတကာသတင်းသမားအဖွဲ့အစည်းတွေက ဆက်တိုက်တောင်းဆိုနေပေမယ့် စစ်ကောင်စီကတော့ သတင်းထောက်တွေကို ဖိနှိပ်မှုတွေ ရပ်မသွားပါဘူး။
ပြီးခဲ့တဲ့ ဇွန်လက Development Media Group (DMG) သတင်းထောက် ကိုထက်အောင်နဲ့ ရုံးဝန်ထမ်းကို အလုပ်ကြမ်းနှင့်ထောင်ဒဏ် ငါးနှစ်၊ မေလမှာ The People’s Voice သတင်းဌာနက သတင်းထောက် ကိုသူရအောင်ကို ထောင်ဒဏ်သုံးနှစ်၊ မတ်လမှာ DVB သတင်းထောက် ကိုရန်နိုင်စိုးကို ထောင်ဒဏ် လေးနှစ်စီ စစ်ကောင်စီက ချမှတ်ခဲ့ပါတယ်။ သတင်းသမားလည်းဖြစ်၊ မှတ်တမ်းရုပ်ရှင်ရိုက်ကူးသူလည်းဖြစ်တဲ့ ရှင်ဒေဝီကိုလည်း စစ်ကောင်စီက အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနဲ့ ထောင်ဒဏ် တစ်သက်တစ်ကျွန်းချမှတ်ထားပါတယ်။ အာဏာသိမ်းကာလမှာ သတင်းသမားတွေကြုံရတဲ့အခြေအနေတွေနဲ့ပတ်သက်ပြီး စစ်ကောင်စီ ပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က ဖုန်းနဲ့ ဆက်သွယ်ပေမဲ့ ဖုန်းမကိုင်ပါဘူး။
မြန်မာသတင်းစာဆရာများအစည်းအရုံး (IMJA) စာရင်းတွေအရ မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ် စစ်တပ် အာဏာသိမ်းချိန်ကစလို့ သတင်းသမား ၁၇၆ ဦး မတရား ဖမ်းဆီးခံခဲ့ရပြီး အဲဒီအထဲက ငါးဦးက အသက်ဆုံးရှုံးခဲ့ရပါတယ်။ အာဏာသိမ်းပြီးနောက် သတင်းသမား ၅၂ ဦး ထိန်းသိမ်းခံထားရဆဲဖြစ်ပါတယ်။