အသတ်ခံရတဲ့ ရခိုင်သတင်းထောက်အတွက် တရားမျှတမှုရဖို့ သတင်းသမားတွေ မျှော်လင့်
စစ်ကောင်စီရဲ့ မတရားသတ်ဖြတ်မှုကြောင့် သတင်းထောက် ဖိုးသီဟ (ခေါ်) ကိုမြတ်သူထွန်း သေဆုံးခဲ့ရမှုဟာ သတင်းမီဒီယာလောကအပြင် ရခိုင်ပြည်အတွက်ပါ ဆုံးရှုံးမှုတစ်ခုဖြစ်တယ်လို့ လုံခြုံရေးအရ အမည်လွှဲထားတဲ့ ဖိုးသီဟရဲ့ လုပ်ဖော်ကိုင်ဖက် သတင်းသမား ကိုပျံလွှားက ပြောပါတယ်။
“ကိုဖိုးသီဟက ကျွန်တော့်ရဲ့ ညီအစ်ကိုလိုမျိုးလည်း ဖြစ်တယ်။ ဆရာသမားလည်း ဖြစ်တဲ့အခါကျတော့ ကျန်ရစ်ခဲ့တဲ့ သူ့ရဲ့မိသားစုဝင်တွေအတွက် အရမ်းစိတ်မကောင်းဖြစ်တယ်။ ပြီးရင် ကိုဖိုးသီဟနဲ့တူတူ လုပ်ကိုင်ခဲ့တဲ့ သတင်းသမားတွေအတွက်ကတော့ အရမ်းကြီး ဆုံးရှုံးမှုတစ်ခု ဖြစ်တယ်။ သူကအရမ်းအရည်အချင်းရှိတဲ့ လူတစ်ယောက် ဖြစ်တယ်။ သူတောက်လျှောက်သတင်းမီဒီယာကနေ လုပ်ပေးခဲတဲ့ ရခိုင်ပြည်အတွက်၊ ပြည်သူလူထုအတွက် အများကြီး အကျိုးကျေးဇူးတွေ ရှိခဲ့တယ်။ ဒီအတွက် အများကြီးဆုံးရှုံးမှုတွေ ဖြစ်တယ်”
သတင်းထောက်လုပ်သက် နှစ် ၂၀ နီးပါး ရှိပြီဖြစ်တဲ့ ဖိုးသီဟဟာ လုပ်ဖော်ကိုင်ဖက် သတင်းသမားတွေကြား သူသိထားတဲ့ သတင်းစာအတတ်ပညာကို အမြဲမျှဝေတတ်သူတစ်ဦး ဖြစ်ပါတယ်။ သူဟာ အရည်အချင်းရှိတဲ့ သတင်းထောက်တစ်ဦးဖြစ်ပြီး သတင်းအလုပ်ကို ရူးသွပ်သူ၊ အလွန်တွယ်တာသူတစ်ယောက်လို့လည်း သူနဲ့ဆယ်စုနှစ်ကြာ ပေါင်းသင်းလာခဲ့တဲ့ ကိုပျံလွှားက ဆိုပါတယ်။
သတင်းထောက် ဖိုးသီဟဟာ ဘဝကို ပေါ့ပါးလွတ်လပ်စွာ နေထိုင်တတ်သူဖြစ်ပြီး သူ့ဆီကနေ သတင်းစာအတတ်ပညာတွေ များစွာလေ့လာသင်ယူခဲ့ရတယ်လို့ Lay Waddy FM ရဲ့ တာဝန်ခံအယ်ဒီတာ ကိုတေဇာအောင်က ပြောပါတယ်။
“သူ့ရဲ့ အားသာချက်က ရိုးသားတာပေါ့။ သူ့ရဲ့ ပညာတွေကို ဝေမျှတတ်တဲ့အကျင့်ရှိတယ်။ ဥပမာ ကျွန်တော်တို့ဆိုရင် သူ့ဆီက အများကြီး သင်ယူခဲ့တာရှိတယ်။ သရော်စာ၊ ဆောင်းပါးနဲ့ ပတ်သက်တာတွေ နောက်သတင်းထောက်ပညာနဲ့ ပတ်သက်ပြီးတော့ သတင်းရင်းမြစ်တွေဆီကို ဘယ်လိုသတင်းယူရမယ်။ ဘယ်လိုမေးခွန်းတွေမေးရမယ်၊ ဘယ်လိုလုပ်သင့်တယ်ဆိုတာမျိုးတွေ သင်ပေးတယ်။ အပေါင်းအသင်းမိတ်ဆွေဆိုတာထက် ဆရာတပည့်ပုံစံမျိုး သင်ပေးနိုင်တဲ့ အတိုင်းအတာရှိတယ်”
ဖိုးသီဟဟာ DVB ၊ 7 Day၊ The Voice ၊ DMG သတင်းဌာနနဲ့ ပြည်တွင်းပြည်ပ သတင်းဌာနအချို့မှာ လုပ်ကိုင်ခဲ့ပြီး ဖမ်းဆီးခံရချိန်က စစ်တွေမြို့အခြေစိုက် Western News သတင်းဌာနမှာ ကူညီလုပ်ကိုင်ပေးနေတာ ဖြစ်ပါတယ်။ သူဟာ စုံစမ်းထောက်လှမ်း သတင်းရေးသားဖော်ထုတ်ရတာ စိတ်ဝင်စားတဲ့သူတစ်ဦးဖြစ်ပြီး ရခိုင်ပြည်တွင်းက လူ့အခွင့်အရေးချိုးဖောက်ခံရမှုတွေကို ဦးစားပေးဖော်ထုတ်ရေးသားခဲ့သူ တစ်ဦးဖြစ်ပါတယ်။
“သူက သတင်းကို တော်တော်ရူးသွပ်တဲ့အထဲမှာ ပါတယ်။ နောက်ဆုံး သူရခိုင်မှာ အခြေစိုက်တယ်ဆိုတဲ့ အကြောင်းအရင်းက ရခိုင်က သတင်းတွေကို မြန်မာပြည်တစ်ပြည်လုံး တစ်ကမ္ဘာလုံးကို သိစေချင်တယ်။ ဒီမှာ ဘယ်လိုတွေ ချိုးဖောက်ခံနေရတယ်။ ဘယ်လိုဖိနှိပ်ခံနေရတယ်ဆိုတာ သိစေချင်လို့ သူကရခိုင်မှာ ပြန်ပြီး အခြေစိုက်တဲ့ သဘောမျိုးလို့ ကျွန်တော်ထင်တယ်”
သတင်းထောက် ဖိုးသီဟဟာ ၂၀၂၂ ခုနှစ် စက်တင်ဘာလ ၂၀ ရက်နေ့ မြောက်ဦးမြို့က သူ့နေအိမ်မှာ စစ်ကောင်စီရဲ့ ဖမ်းဆီးခြင်းကို ခံခဲ့ရတာပါ။ ဖမ်းဆီးခံခဲ့ရပြီးနောက်ပိုင်း ဖိုးသီဟကို ပုဒ်မ ၅၀၅ (က) နဲ့တရားစွဲဆိုခဲ့ပြီး မြောက်ဦးမြို့မ ရဲစခန်းမှာ ထိန်းသိမ်းထားခဲ့တာ ဖြစ်ပါတယ်။ ရက္ခိုင့်တပ်တော် AA နဲ့ စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲတွေ စတင်လာချိန်နောက်မှာတော့ ကိုဖိုးသီဟဟာ မြောက်ဦးအခြေစိုက် ခမရ (၃၇၈) တပ်ရင်းထဲကို ပြောင်းရွှေ့ခံခဲ့ရပြီးနောက် အသတ်ခံခဲ့ရတာပါ။
ရခိုင်ပြည်နယ် မြောက်ဦးမြို့အခြေစိုက် ခမရ (၃၇၈) တပ်ရင်းမှာ ဖမ်းဆီးခံထားရတဲ့ သတင်းထောက် ဖိုးသီဟအပါအဝင် ခုနှစ်ဦးကို ဇန်နဝါရီလ ၂၃ ရက်နေ့က အချုပ်ခန်းထဲကနေ ခေါ်ထုတ်ပစ်သတ်ပြီး မြေမြှပ် အလောင်းဖျောက်ခဲ့တယ်လို့ စစ်တပ်အရာရှိတွေ ဝန်ခံထားတဲ့ ဗီဒီယိုဖိုင်တစ်ခုကို ရက္ခိုင့်တပ်တော် AA က ထုတ်ပြန်ထားပါတယ်။
အခုလို ကိုမြတ်သူထွန်းကို စစ်ကောင်စီတပ်က သတ်ဖြတ်ခဲ့တယ်ဆိုတဲ့ သတင်းနဲ့ပတ်သက်ပြီး စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က ဆက်သွယ်ပေမဲ့ ဖုန်းမကိုင်ပါဘူး။
ဒီလိုမတရားသတ်ဖြတ်ခံခဲ့ရတဲ့ သတင်းထောက်ဖိုးသီဟအတွက် တရားမျှတမှု ရှာပေးဖို့ ပြစ်မှုကျူးလွန်သူတွေကို ထိထိရောက်ရောက် အရေးယူပေးဖို့ ကိုပျံလွှားက တောင်းဆိုထားပါတယ်။
“တရားဥပဒေနဲ့ မညီဘဲ အသတ်ခံလိုက်ရတယ်။ သူက ရာဇဝတ်မှုတစ်ခုကို ကျူးလွန်ပြီးတော့မှ ပြစ်ဒဏ်တစ်ခုကို ခံနေရတာမျိုး မဟုတ်ဘဲ တစ်ဖက်က တမင်ရည်ရွယ်ချက်ရှိရှိ လုပ်တာဆိုတော့လေ။ အခုဆိုရင် AA ကနေ သူ့ကိုသတ်ခဲ့တဲ့ အမိန့်ပေးခဲ့တဲ့ သူတွေရော ကိုယ်တိုင်သတ်ခဲ့တဲ့သူတွေရော ပါဝင်တဲ့သူတွေကိုရော ဖမ်းမိထားတယ်ဆိုတော့ သူတို့ကို AA ဆိုရင်လည်း AA မှာ ဥပဒေတွေ ရှိမှာပေါ့နော်။ သူ့ရဲ့ ဥပဒေအတိုင်း ကိုဖိုးသီဟကို သတ်သွားတဲ့သူတွေကို စီရင်စေချင်တယ်”
စစ်ကောင်စီဟာ သတင်းသမားတွေအပေါ် နှိပ်စက်ညှင်းပန်းပြီး ကြောက်ရွံ့အောင် အကြမ်းဖက် ခြိမ်းခြောက်တဲ့ လုပ်ရပ်တွေကို ကျူးလွန်နေပေမယ့် သတင်းသမားရဲ့အလုပ်ကိုတော့ မလွဲမသေ ဆက်လက်လုပ်ဆောင်သွားမယ်လို့ ကိုပျံလွှားက ဆိုပါတယ်။
“နောက်လည်း ဒီလို ကိုဖိုးသီဟလိုမျိုး တခြားသတင်းသမားတွေ မကြုံစေရဖို့ ဆုတောင်းတယ်။ ဒါပေမဲ့ ဖိနှိပ်မှုတွေကတော့ ရှိနေမယ်။ ဒါကိုလည်း ကိုဖိုးသီဟရဲ့ ကွယ်လွန်သွားတဲ့အပေါ်မှာ သတင်းသမားတွေကလည်း စိတ်ဓာတ်မကျဖို့ ၊ အဓိကတော့ ကျွန်တော်တို့ရဲ့ ရဲဖော်ရဲဖက်တစ်ယောက် ပေးဆပ်လိုက်ရတယ်ပေါ့။ ကျွန်တော်တို့ သွားရမယ့်ပန်းတိုင်ကတော့ ဆက်ပြီးသွားကြမယ်”
မြန်မာနိုင်ငံဟာ ကမ္ဘာပေါ်မှာ သတင်းသမားတွေကို ဖမ်းဆီးထောင်ချတဲ့နေရာမှာ တတိယမြောက် အဆိုးဝါးဆုံးနိုင်ငံဖြစ်တယ်လို့ နယူးယောက်မြို့အခြေစိုက် စာနယ်ဇင်းသမားများ ကာကွယ်စောင့်ရှောက်နေရေးအဖွဲ့ (CPJ) က ဖော်ပြထားပြီး သတင်းသမားတွေအတွက် အန္တရာယ်အရှိဆုံးတိုင်းပြည်တစ်ခုလည်း ဖြစ်နေပါတယ်။