သတင်းထောက်တစ်ဦးရဲ့ ဘဝခရီးကြမ်း

အေးအေးမွန် | ဓာတ်ပုံ၊ ဗီဒီယို - ချမ်းမြေ့အောင်
2024.09.25
သတင်းထောက်တစ်ဦးရဲ့ ဘဝခရီးကြမ်း ၂၀၂၄ ခုနှစ် ဇူလိုင်လ ၁၇ ရက်နေ့က ထိုင်းနိုင်ငံ မဲဆောက်မြို့တွင် သတင်းထောက်မသူဇာကို RFA သတင်းဌာနက တွေ့ဆုံမေးမြန်းစဉ်။
Chan Aung/RFA

အာဏာသိမ်းစစ်ကောင်စီကို ဆန့်ကျင်တွန်းလှန်နေသည့် တော်လှန်ရေးတပ်ဖွဲ့ဝင်များ၊ တိုင်းပြည်အတွက် အနာဂတ်မျှော်လင့်ချက်များအကြောင်း အပိုင်း ၅ ပိုင်းပါ RFA အထူးအစီအစဉ် တတိယပိုင်း ဖြစ်ပါသည်။ (အင်္ဂလိပ်ဘာသာဆောင်းပါး)

မိုးရွာပြီးတိုင်း ခပ်ဆိုးဆိုး အနံ့အသက်တွေ ထွက်လာတတ်တဲ့ ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ ဆင်ခြေဖုံးရပ်ကွက်က တိုက်တန်းလျားတစ်ခုမှာ ရှိတဲ့ ခပ်ညစ်ညစ် အခန်းကျဉ်းလေးဟာ မိသားစုလေးယောက်အတွက်ကျဉ်းကျပ်လွန်းတယ်လို့ ခံစားရပါတယ်။

မြန်မာပြည်ထက်စာရင် ဘေးကင်းလုံခြုံပေမဲ့ ရန်ကုန်မှာ ဆွေမျိုးသားချင်း စုံစုံလင်လင်နဲ့ နေခဲ့ရတဲ့ သူ့ရဲ့နေအိမ်နဲ့ နှိုင်းယှဉ်ရင်တော့ ဒီနေရာကို နေအိမ်အကျယ်ချုပ်လိုပဲ မသူဇာ ခံစားရပါတယ်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ စစ်တပ်က NLD အစိုးရခေါင်းဆောင်တွေကို ဖမ်းဆီးပြီး အာဏာသိမ်းလိုက်ကတည်းက အသက် ၃၇ နှစ်အရွယ် သတင်းထောက်မသူဇာဟာ ငြိမ်းချမ်းတဲ့ လူထုဆန္ဒပြပွဲတွေကို စစ်တပ်က ပစ်ခတ်ဖြိုခွဲတာကို နေ့စဉ် သတင်းရယူတင်ပြဖို့ ကြိုးစားရင်း အသက်ဘေးအန္တရာယ်နဲ့ မကြာခဏ ရင်ဆိုင်ခဲ့ရပါတယ်။

ခင်ပွန်းဖြစ်သူ ကိုရဲကိုကိုကလည်း စစ်တပ်ဘက်ယိမ်းတဲ့ မီဒီယာကြီးတစ်ခုကနေ အလုပ်ဖြုတ်ခံလိုက်ရပြီးနောက် ဆန္ဒပြပွဲ ပစ်ခတ်ဖြိုခွဲခံရမှုတွေကို သူ့ရဲ့ ဖေ့စ်ဘွတ် လူမှုကွန်ရက်စာမျက်နှာကနေ တိုက်ရိုက်ထုတ်လွှင့်ခဲ့သူပါ။

ဒီလုပ်ရပ်ကြောင့် အာဏာပိုင်တွေက ကိုရဲကိုကို ကို ရိုက်နှက်ဖမ်းဆီးပြီး အကျဉ်းထောင်တွင်းမှာ ရက်အတော်ကြာ ထည့်ထားချိန်မှာ အမှန်တကယ် ရဲနဲ့စစ်သားတွေ အလိုရှိတာက နေ့စဉ်လမ်းပေါ်ထွက်ပြီး သတင်းယူနေတဲ့ မသူဇာပဲ ဖြစ်ပါတယ်။

တစတစ ကျယ်ပြန့်လာတဲ့ အရပ်သားတွေရဲ့ အာဏာဖီဆန်ရေးလှုပ်ရှားမှုတွေကို လုံခြုံရေးတပ်ဖွဲ့တွေက တားဆီးဖို့ကြိုးစားရင်း ပစ်ခတ်ဖြိုခွဲတာ၊ ဖမ်းဆီး သတ်ဖြတ်တာတွေကို မသူဇာက နေ့စဉ် သတင်းထောက်လှမ်းပြီး ပြည်တွင်းမီဒီယာတစ်ခုကို ခုနစ်လကြာ သတင်းပေးပို့ခဲ့တာပါ။

ဒီလုပ်ရပ်ကြောင့် နေအိမ်ကို ရဲနဲ့စစ်သားတွေ လာရောက်ဖမ်းဆီးတဲ့အခါ မသူဇာတစ်ယောက် ချက်ချင်း ထွက်ပြေးတိမ်းရှောင်ခဲ့ရပါတယ်။ ဒါပေမဲ့ သတင်းထောက်လှမ်းတဲ့ အလုပ်ကိုတော့ သူ မစွန့်လွှတ်ခဲ့ပါဘူး။

စစ်အာဏာသိမ်းပြီးနောက် ရန်ကုန်မြို့ လှည်းတန်း Junction စင်တာရှေ့တွင် ဆန္ဒပြနေသူများအား ရဲတပ်ဖွဲ့က ရိုင်ဖယ်သေနတ်များဖြင့် ချိန်ရွယ်ထားသည်ကို ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၂၈ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)
စစ်အာဏာသိမ်းပြီးနောက် ရန်ကုန်မြို့ လှည်းတန်း Junction စင်တာရှေ့တွင် ဆန္ဒပြနေသူများအား ရဲတပ်ဖွဲ့က ရိုင်ဖယ်သေနတ်များဖြင့် ချိန်ရွယ်ထားသည်ကို ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၂၈ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)

သတ္တိရှိမှ၊ ရဲရင့်မှ လုပ်လို့ရတဲ့ ဒီနေ့စဉ်အလုပ်ဟာ နောက်ဆုံး ၂၀၂၁ ခုနှစ် စက်တင်ဘာလ ၁ ရက်နေ့ မသူဇာ အဖမ်းခံရချိန်မှာ ရုတ်တရက် အဆုံးသတ်သွားခဲ့ပါတယ်။ စစ်သားတွေက မသူဇာကို ဖမ်းဆီးပြီး၊ စစ်ကြောရေးမှာ တစ်လကြာ စစ်ဆေးမေးမြန်းပြီးနောက် သတင်းထောက်တွေကို နှုတ်ပိတ်ရာမှာ သုံးလေ့ရှိတဲ့ ပုဒ်မ ၅၀၅-က လို့ခေါ်တဲ့ အငြင်းပွားဖွယ်ပုဒ်မတပ်ပြီး ထောင်နှစ်နှစ် ချမှတ်ခဲ့တာပါ။

၂၀၂၃ ခုနှစ် ဇန်န၀ါရီလမှာ မသူဇာ ထောင်က ပြန်လွတ်လာခဲ့ပေမဲ့ ပြည်တွင်းမှာ မလုံခြုံတော့ဘူးလို့ ခံစားရတာကြောင့် ပြည်ပရောက် မြန်မာအများစု ခိုလှုံရာ ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ကို တစ်ဦးတည်း အရင်ဆုံး ထွက်ပြေးလာခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေ တိုးလာတာကြောင့် ထိုင်းနိုင်ငံကို ထွက်ပြေးရတဲ့ သတင်းထောက် နှစ်ရာနီးပါး ရှိလာတာဟာ စစ်တပ်အာဏာသိမ်းပြီးနောက် သတင်းသမားတွေ ပစ်မှတ်ထား တိုက်ခိုက်ခံရခြင်းရဲ့ ပြယုဂ်တစ်ခုပဲ ဖြစ်ပါတယ်။

ဖမ်းဆီးခံရတဲ့ သတင်းထောက်တွေရဲ့ အချက်အလက်တွေကို စောင့်ကြည့်မှတ်တမ်းတင်နေတဲ့ Detained Journalists Information Myanmar ရဲ့ စာရင်းတွေအရ စစ်တပ်အာဏာသိမ်းထားတဲ့ သုံးနှစ်ကျော်အတွင်း သတင်းမီဒီယာ ၁၅ ခု ပိတ်သိမ်းခံရပြီး သတင်းထောက်ခုနစ်ဦး သေဆုံးခဲ့ပါတယ်။ ၂၀၂၄ ခုနှစ် ဇူလိုင်လအထိ သတင်းသမား ၁၇၂ ဦး ဖမ်းဆီးခံခဲ့ရပြီး အဲဒီအထဲက ၅၂ ဦး အခုချိန်အထိ အကျဉ်းချခံထားရဆဲ ဖြစ်ပါတယ်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၂၇ ရက်နေ့က ရန်ကုန်မြို့တွင် ပြုလုပ်သည့် စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး ဆန္ဒပြပွဲတစ်ခုအတွင်း သတင်းထောက် မကေဇွန်နွေးအား  ရဲတပ်ဖွဲ့က ဖမ်းဆီးသွားစဉ်။ (Photo - Ye Aung Thu/AFP)
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၂၇ ရက်နေ့က ရန်ကုန်မြို့တွင် ပြုလုပ်သည့် စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး ဆန္ဒပြပွဲတစ်ခုအတွင်း သတင်းထောက် မကေဇွန်နွေးအား ရဲတပ်ဖွဲ့က ဖမ်းဆီးသွားစဉ်။ (Photo - Ye Aung Thu/AFP)

ဆယ်နှစ်အရွယ်သမီးနဲ့ မွေးကင်းစ သားလေးတို့အတွက် မျှော်လင့်ချက်ရှိတဲ့ အနာဂတ်တစ်ခု ရရှိဖို့၊ ပိုပြီး ဘေးကင်းလုံခြုံတဲ့ဘဝမှာ အခြေချနေ ထိုင်ဖို့ဆိုတာ မသူဇာအတွက် လွယ်ကူတဲ့ကိစ္စတော့ မဟုတ်ပါဘူး။ ထောင်ထဲမှာ ကြုံတွေ့ခံစားခဲ့ရတဲ့ ဆိုးရွားတဲ့ အကြမ်းဖက်မှုတွေ၊ စစ်ကြောရေး အတွေ့အကြုံတွေကို မေ့ပျောက်နိုင်ဖို့ လပေါင်းများစွာ သူကြိုးစားခဲ့ရပါတယ်။

“ကိုယ်က ဒီရောက်တော့ တစ်ယောက်တည်းပေါ့။ မိသားစုနဲ့လည်း ချက်ချင်း ပြန်ဝေးကွာသွားတယ်။ အိမ်ထဲမှာ တစ်ယောက်တည်းဆိုတော့ စိတ်တွေက အတက်အကျ မမှန်တော့ဘူး။ ကိုယ်က ကိုယ့်ကိုယ်ကိုယ် အမြဲ ဆန်းစစ်နေတဲ့သူ။ တစ်ခုခုဆို အမြဲ တက်ကြွနေတဲ့သူ၊ ဒါပေမဲ့ တဖြည်းဖြည်းနဲ့ တစ်လနှစ်လလည်းကြာရော စကားတွေ နည်းလာတယ်။ ယောင်ဝါးဝါးတွေ ဖြစ်လာတယ်။ စိတ်ပိုင်းဆိုင်ရာအရ အမြင်ပိုင်းဆိုင်ရာအရ ပြန်ကြည့်လိုက်တော့ စိတ်ကျရောဂါဖြစ်နေပြီ” လို့ မသူဇာက ၂၀၂၄ ခုနှစ် ဇူလိုင်လ ၁၇ ရက်နေ့မှာ RFA ကို ပြောပြခဲ့ပါတယ်။

စွန့်စားရတဲ့ သတင်းထောက်အလုပ်

မသူဇာဟာ သတင်းထောက်စဖြစ်ချိန်ကနေ ၁၅ နှစ်တာကာလအတွင်း RFA နဲ့ ဧရာဝတီ အပါအဝင် သတင်းမီဒီယာပေါင်းများစွာမှာ အလုပ်လုပ်ခဲ့ပါတယ်။ အာဏာပိုင်တွေရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ၊ မြန်မာနိုင်ငံက အမျိုးသမီးတွေ ရင်ဆိုင်နေရတဲ့ အခက်အခဲနဲ့ စိန်ခေါ်မှုတွေအကြောင်း သတင်းဆောင်းပါးများစွာ သူရေးသားခဲ့ပါတယ်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၂၇ ရက်နေ့က ရန်ကုန်တိုင်း စမ်းချောင်းမြို့နယ်တွင် ပြုလုပ်သည့် လူထုဆန္ဒပြပွဲတစ်ခုအတွင်း သတင်းထောက်မသူဇာ တိုက်ရိုက်သတင်းထုတ်လွှင့်နေစဉ်။ (Photo courtesy of Thuzar)
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၂၇ ရက်နေ့က ရန်ကုန်တိုင်း စမ်းချောင်းမြို့နယ်တွင် ပြုလုပ်သည့် လူထုဆန္ဒပြပွဲတစ်ခုအတွင်း သတင်းထောက်မသူဇာ တိုက်ရိုက်သတင်းထုတ်လွှင့်နေစဉ်။ (Photo courtesy of Thuzar)

“ကျောင်းပြီးတာနဲ့ သတင်းထောက်လောကထဲကို ခြေစုံပစ်ဝင်ခဲ့ပြီး သတင်းထောက် စလုပ်ခဲ့တာ။ ဒီအလုပ်ကိုမှ မလုပ်ရရင် ကျွန်မ မပျော်ဘူး” လို့ မသူဇာက ဆိုပါတယ်။

အာဏာသိမ်းပြီးနောက်မှာ မသူဇာဟာ ရန်ကုန်နဲ့ တခြားမြို့ကြီးတွေက ဆန္ဒပြပွဲတွေနဲ့ စစ်တပ်ရဲ့ အင်အားသုံးဖြိုခွဲမှုတွေကို နေ့စဉ်နီးပါး သတင်းရိုက်ကူးတင်ပြခဲ့ပါတယ်။ အဲဒီကာလမှာ ဒီလိုအလုပ်မျိုးက  အန္တရာယ်များလှပါတယ်။ ၂၀၂၁ ခုနှစ် မတ်လအတွင်း လုံခြုံရေးတပ်ဖွဲ့ရဲ့ ပစ်ခတ်ဖြိုခွဲမှုကြောင့် တစ်ရက်တည်းမှာတင် ဆန္ဒပြသူ ၃၈ ဦး သေဆုံးခဲ့ပါတယ်။ စစ်တပ်အာဏာသိမ်းလိုက်တဲ့ အစောပိုင်းလတွေမှာ သတင်းထောက်တွေအပါအဝင် လူရာနဲ့ချီပြီး ဖမ်းဆီးခံခဲ့ရပါတယ်။

အဲဒီအချိန်က မသူဇာဟာ ပြည်တွင်းအွန်လိုင်းမီဒီယာတစ်ခုဖြစ်တဲ့ The Friday Time မှာ လုပ်ကိုင်နေပြီး သတင်းဆောင်းပါးတစ်ပုဒ်ကို အမေရိကန် ၁၅ ဒေါ်လာနဲ့ညီမျှတဲ့ မြန်မာကျပ်ငွေ နှစ်သောင်းသာ ရရှိပါတယ်။ ဒါပေမဲ့ ငွေကြေးထက် ပြည်သူကို အမှန်တရား တင်ပြနိုင်ဖို့ကသာ ပိုအရေးကြီးတယ်လို့ မသူဇာက ဆိုပါတယ်။

“မြေပြင်မှာ တကယ်ဖြစ်ပျက်နေတာကို လူတွေကို ပြောပြနိုင်သရွေ့ အဖမ်းခံရမယ်ဆိုရင်တောင် ကိစ္စမရှိဘူး”

၂၀၁၈ ခုနှစ်က သတင်းထောက် ကိုရဲကိုကို (ဝဲ) နှင့် ၂၀၂၁ ခုနှစ်က သတင်းထောက် မသူဇာအား တွေ့ရစဉ်။ (Photo courtesy of Ye Ko Ko and Thuzar)
၂၀၁၈ ခုနှစ်က သတင်းထောက် ကိုရဲကိုကို (ဝဲ) နှင့် ၂၀၂၁ ခုနှစ်က သတင်းထောက် မသူဇာအား တွေ့ရစဉ်။ (Photo courtesy of Ye Ko Ko and Thuzar)

မသူဇာက ပြည်တွင်းမီဒီယာအတွက် ဆန္ဒပြပွဲသတင်းတွေ လိုက်ယူနေချိန်မှာ ခင်ပွန်းဖြစ်သူ ကိုရဲကိုကိုက သူ့ရဲ့ဖေ့စ်ဘွတ်ခ်စာမျက်နှာကနေ ဆန္ဒပြပွဲတွေကို တိုက်ရိုက်ထုတ်လွှင့်ခဲ့ပါတယ်။ ကိုရဲကိုကို ဟာလည်း လုပ်သက်ရင့် သတင်းထောက်တစ်ဦးဖြစ်ပြီး ၂၀၂၁ ခုနှစ် စစ်တပ်အာဏာမသိမ်းခင်က ဘဏ်လုပ်ငန်းရှင် ဦးခင်မောင်အေးပိုင်တဲ့  Channel K ရုပ်သံမှာ စီးပွားရေးသတင်းထောက်တစ်ဦးအဖြစ် လုပ်ကိုင်ခဲ့ပါတယ်။

အာဏာသိမ်းပြီး သိပ်မကြာခင်မှာပဲ နိုင်ငံရေးနဲ့ဆက်နွယ်တဲ့ သတင်းရေးသားချက်တွေ ပါလာမှာကို စိုးရိမ်တာကြောင့် ကိုရဲကိုကို အပါအဝင် သတင်းထောက်တချို့ Channel K ရုပ်သံကနေ အလုပ်ဖြုတ်ခံလိုက်ရပါတယ်။

ဒါပေမဲ့ ကိုရဲကိုကိုရဲ့ သတင်းထောက်ဝါသနာက ရပ်တန့်မသွားပါဘူး။ ၂၀၂၁ ခုနှစ် မေလဆန်းပိုင်း ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်ဝင်းထဲက ကျောင်းသားသပိတ်ကို စစ်တပ်က ဖြိုခွဲချိန်မှာ ကိုရဲကိုကိုက သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာကနေ တိုက်ရိုက်ထုတ်လွှင့်ခဲ့ပါတယ်။

နောက်တစ်ရက်မှာတော့ သူတို့ရဲ့နေအိမ်ကို ရဲနဲ့စစ်သား အယောက်နှစ်ဆယ်လောက် ရောက်လာခဲ့ပါတယ်။ ရည်ရွယ်ချက်က မသူဇာနဲ့ ကိုရဲကိုကိုတို့ ဇနီးမောင်နှံ နှစ်ဦးစလုံးကို ဖမ်းဆီးဖို့ပါပဲ။ ဒါပေမဲ့ ကိုရဲကိုကိုက ဇနီးဖြစ်သူ ထွက်ပြေးနိုင်ဖို့ တံခါးကို ချက်ချင်းဖွင့်မပေးဘဲ အချိန်ဆွဲထားခဲ့ပါတယ်။ အဲဒီနောက်မှာ မသူဇာလွတ်မြောက်သွားခဲ့ပေမဲ့ ကိုရဲကိုကို အဖမ်းခံလိုက်ရပြီး ကြမ်းတမ်းတဲ့ စစ်ကြောရေးအတွေ့အကြုံကို ရင်ဆိုင်ခဲ့ရပါတယ်။

ကိုရဲကိုကိုနဲ့ မသူဇာကို ဖမ်းဆီးရန် နေအိမ်သို့ ရဲနှင့်စစ်သားများ ရောက်လာပုံကို သရုပ်ပြရေးဆွဲထားပုံ။ မသူဇာ ထွက်ပြေးနိုင်ရန် ကိုရဲကိုကိုက အိမ်တံခါးကို အချိန်ဆွဲ၍ ဖွင့်ပေးခဲ့ပြီး နောက်ပိုင်းတွင် ကိုရဲကိုကို ဖမ်းဆီးခံရပြီး စစ်ကြောရေးစခန်း၌ ရိုက်နှက်မေးမြန်းခံခဲ့ရသည်။ (Rebel Pepper/RFA)
ကိုရဲကိုကိုနဲ့ မသူဇာကို ဖမ်းဆီးရန် နေအိမ်သို့ ရဲနှင့်စစ်သားများ ရောက်လာပုံကို သရုပ်ပြရေးဆွဲထားပုံ။ မသူဇာ ထွက်ပြေးနိုင်ရန် ကိုရဲကိုကိုက အိမ်တံခါးကို အချိန်ဆွဲ၍ ဖွင့်ပေးခဲ့ပြီး နောက်ပိုင်းတွင် ကိုရဲကိုကို ဖမ်းဆီးခံရပြီး စစ်ကြောရေးစခန်း၌ ရိုက်နှက်မေးမြန်းခံခဲ့ရသည်။ (Rebel Pepper/RFA)

“တစ်ချက်မေးလိုက်၊ ဘေးနားက နှစ်ယောက်က ဖိနပ်နဲ့ကန်လိုက်၊ ဝါးစိမ်းတုတ်နဲ့ ခေါင်းကို ဒုံးဆိုပြီးရိုက်လိုက်။ ခေါင်းက ပေါက်ပြီး သွေးတွေကျလာတယ်။ နောက် ပခုံးတွေကို ရိုက်တယ်" လို့ ကိုရဲကိုကိုက သူ့ရဲ့စစ်ကြောရေး အတွေ့အကြုံကို ပြန်ပြောပြပါတယ်။

အဖမ်းခံရတဲ့ညနဲ့ နောက်တစ်ရက်လုံးလုံး အဲဒီလို ကန်ကြောက်ရိုက်နှက်တဲ့ဒဏ်ကို သူ ခံစားခဲ့ရပါတယ်။ သူ့ကို စစ်ကြောရေးလုပ်နေချိန်မှာပဲ စစ်တပ်ပိုင်မီဒီယာဖြစ်တဲ့ မြဝတီရုပ်သံကနေ အကြမ်းဖက်သံသယရှိသူ ရဲကိုကိုကို ဖောက်ခွဲရေးပစ္စည်းတွေနဲ့အတူ ဖမ်းမိကြောင်း သတင်းထုတ်လွှင့်ပြီး အကြမ်းဖက်သမားအဖြစ် တံဆိပ်ကပ်ခဲ့ပါတယ်။

တကယ်တော့ သူ့ကိုဖမ်းဆီးချိန်မှာ သူနဲ့အတူ လက်ပ်တော့ကွန်ပျူတာတစ်လုံးသာ ပါရှိပါတယ်။ အဲဒီကွန်ပျူတာကို စစ်ဆေးကြည့်တော့ ဇနီးဖြစ်သူ မသူဇာ နေ့စဉ် လမ်းပေါ်ထွက်ရိုက်ကူးထားတဲ့ သတင်းတွေချည်း ဖြစ်နေတာကြောင့် ခင်ပွန်းဖြစ်သူကို လေးရက်အကြာမှာ ခံဝန်ချက်နဲ့ ပြန်လွှတ်ပေးလိုက်ပါတယ်။ ကိုရဲကိုကို ပြန်လွတ်လာပေမယ့် မသူဇာကတော့ အန္တရာယ်နဲ့ တစ်နေ့တခြား ပိုနီးကပ်လာခဲ့ပါတယ်။

ဒါပေမဲ့ သတင်းလောဘကြီးတဲ့ မသူဇာက အန္တရာယ်ရှိတဲ့ ဒီအလုပ်ကိုကျောခိုင်းဖို့ ငြင်းဆန်ခဲ့ပါတယ်။ ၂၀၂၁ ခုနှစ် ဇွန်လမှာ စစ်တပ်က ကင်းမရွာကို မီးရှို့တဲ့သတင်းကို ရယူဖို့ မသူဇာတစ်ယောက် မကွေးတိုင်း ကင်းမရွာအထိ အရောက်သွားပြီး သတင်းရိုက်ကူးတင်ပြခဲ့ပါတယ်။ ရှမ်းပြည်နယ်နဲ့ ကယားပြည်နယ်လို အလှမ်းဝေးတဲ့ ဒေသတွေအထိလည်း ရောက်အောင်သွားပြီး ဆန္ဒပြပွဲပစ်ခတ်ဖြိုခွဲခံရမှု၊ သတ်ဖြတ်မှုနဲ့ ဖမ်းဆီးမှုတွေကို သတင်းရယူ ရိုက်ကူးခဲ့ပါတယ်။

မကွေးတိုင်း၊ ပေါက်မြို့နယ် ကင်းမရွာတွင် မီးရှို့ခံထားရသော နေအိမ်များကို ၂၀၂၁ ခုနှစ် ဇွန်လ ၁၆ ရက်နေ့က တွေ့ရစဉ်။ (Citizen Photo)
မကွေးတိုင်း၊ ပေါက်မြို့နယ် ကင်းမရွာတွင် မီးရှို့ခံထားရသော နေအိမ်များကို ၂၀၂၁ ခုနှစ် ဇွန်လ ၁၆ ရက်နေ့က တွေ့ရစဉ်။ (Citizen Photo)

လတွေကြာလာတာနဲ့အမျှ ပိုဆိုးလာတဲ့ အခြေအနေအောက်မှာ အန္တရာယ်အငွေ့အသက်ကို မသူဇာ သတိထားမိလာပါတယ်။ ဒါကြောင့် ၂၀၂၁ ခုနှစ် စက်တင်ဘာလ ၂ ရက်နေ့မှာ သတင်းထောက်တချို့နဲ့အတူ ထိုင်းနယ်စပ်ကို ထွက်ပြေးဖို့ စီစဉ်ခဲ့ပါတယ်။

ဒါပေမဲ့ စီစဉ်ထားတဲ့ခရီးစဉ်မတိုင်ခင် တစ်ရက်အလို စက်တင်ဘာလ ၁ ရက်နေ့က အကြမ်းမဖက်အာဏာဖီဆန်ရေး လှုပ်ရှားမှု (CDM) မှာ ပါဝင်နေသူတွေအကြောင်း ရိုက်ကူးရေးလုပ်ဖို့အသွား အရပ်ဝတ် ဝတ်ထားတဲ့ ရဲနဲ့စစ်သားတွေက ကားကိုတားပြီး ပိတ်ဆို့ဖမ်းဆီးတာ ခံလိုက်ရပါတယ်။

“ကြည့်မြင်တိုင်မီးပွိုင့်မှာ ကျွန်မတို့ကားကိုပိတ်ပြီး ကျွန်မတို့ကို သေနတ်တွေနဲ့ဝိုင်းဖမ်းတာ။ ဘဝမှာလေ ဒါမျိုး ရုပ်ရှင်ထဲမှာပဲ မြင်ဖူးတယ်” လို့ မသူဇာက ပြောပါတယ်။

“ကျွန်မ သတိထားမိလိုက်တဲ့အချိန်က ပစ္စတိုကို မောင်းတင်တဲ့အချိန်။ ဘာပါလိမ့်ပေါ့။ ဒါပေမဲ့ ဦးနှောက်က ချက်ချင်းသိတယ်။ ဟာ ငါတော့သွားပြီလို့"


အထူးအစီအစဉ် ဆောင်းပါးများ

အနာဂတ်အတွက် တိုက်ပွဲဝင်နေတဲ့ မျိုးဆက်သစ်လူငယ်များ

အချစ်နဲ့စစ် - တိုက်ပွဲကြားက ဘဝခရီးသစ်

ငြိမ်းချမ်းချင်လို့ စစ်တိုက်သူ

မြန်မာ့ပြည်တွင်းစစ်နဲ့ ဖက်ဒရယ်အနာဂတ်


ကြမ်းတမ်းတဲ့ အချုပ်အနှောင်ကာလ

မြန်မာနိုင်ငံက အကျဉ်းထောင်တွေဟာ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို အကြီးအကျယ် ကျူးလွန်တဲ့နေရာဖြစ်နေတာ ဆယ်စုနှစ်ပေါင်းများစွာ ရှိနေပါပြီ။

အပြည်ပြည်ဆိုင်ရာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (Amnesty International) လို အဖွဲ့အစည်းတွေက အကျဉ်းထောင်ထဲမှာထားတဲ့ လူဦးရေများလွန်းတာ၊ ဖိအားပေး အဓမ္မခိုင်းစေတာ၊ အစားအသောက် မလုံလောက်တာနဲ့ တခြားကိစ္စပေါင်းများစွာကို ထောက်ပြဝေဖန်နေကြပါတယ်။

ဒီဖိနှိပ်မှုတွေဟာ အထူးသဖြင့် နိုင်ငံရေးအကျဉ်းသားတွေအပေါ်  တမင်ရည်ရွယ်ချက်ရှိရှိ ပြုမူဆောင်ရွက်တာဖြစ်ပြီး အဲဒီလုပ်ရပ်တွေက အကျဉ်းထောင်တွေကို နာမည်ဆိုးနဲ့ ကျော်ကြားစေတာလည်း ဖြစ်ပါတယ်။

အကျဉ်းသားတွေ ဆေးရုံတက် ကုသရတဲ့အထိ ရိုက်နှက်ခံရတာ၊ လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်တာတွေနဲ့ ထောင်တွင်း တရားလက်လွတ် သတ်ဖြတ်မှုတွေအကြောင်း လူ့အခွင့်အရေး အဖွဲ့တွေနဲ့ နိုင်ငံရေး အကျဉ်းသားဟောင်းတွေက အဆက်မပြတ် ဖော်ထုတ်နေကြပါတယ်။

မန္တလေးမြို့ အိုးဘိုအကျဉ်းထောင်ရှေ့တွင် စောင့်ကြပ်နေသည့် ထောင်ဝန်ထမ်းများအား ၂၀၂၂ ခုနှစ် ဧပြီလ ၁၇ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)
မန္တလေးမြို့ အိုးဘိုအကျဉ်းထောင်ရှေ့တွင် စောင့်ကြပ်နေသည့် ထောင်ဝန်ထမ်းများအား ၂၀၂၂ ခုနှစ် ဧပြီလ ၁၇ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)

အဲဒီလိုကိစ္စတွေအကြောင်း အရင်က သတင်းတင်ဆက်ခဲ့တဲ့ မသူဇာဟာ အဖမ်းခံရချိန်မှာ အဲဒီ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို သူကိုယ်တိုင် ကြုံတွေ့ရပါတော့တယ်။

ဖမ်းဆီးခံရပြီးနောက်မှာ မသူဇာကို မျက်လုံးတွေစည်း၊ လက်ထိပ်ခတ်ပြီး  စစ်ကြောရေးစခန်းကို ချက်ချင်းပို့ လိုက်ပါတယ်။ နောက်မှပြန်သိရတာက အဲဒီစခန်းဟာ နာမည်ဆိုးနဲ့ကျော်တဲ့ ရေကြည်အိုင် စစ်ကြောရေးစခန်း ဖြစ်တယ်လို့ မသူဇာက ပြန်ပြောပြပါတယ်။

“ညဘက်လည်းကျရော ကျွန်မကိုမေးတယ်၊ နင်ဘာအလုပ်လုပ်လဲတဲ့။ 'သတင်းထောက်' လို့ ဖြေတော့ ဪ…အမှန်အတိုင်း ပြောပြီပေါ့တဲ့။ ဒါပေမဲ့ အဲဒီတုန်းက ကျွန်မကို မရိုက်သေးဘူး”

မသူဇာ သတင်းထောက်တစ်ယောက်ဆိုတာ သေချာသွားတာနဲ့ စစ်မေးနေသူတွေက မသူဇာ ဆန္ဒပြပွဲတွေမှာ  ကိုယ်တိုင်ပါဝင်တယ်ဆိုပြီး တစ်ဖက်သတ် ကောက်ချက်ချလိုက်ပါတယ်။

စစ်ကြောရေးလုပ်တဲ့နေ့တိုင်း ဆန္ဒပြပွဲတွေမှာ ဘာကြောင့် ရှိနေခဲ့တာလဲ၊ တခြား ဘယ်သူတွေကိုသိသေးလဲ၊ ခေါင်းဆောင်က ဘယ်သူတွေလဲဆိုပြီး ထပ်ကာထပ်ကာ မေးပါတယ်။ ဆန္ဒပြပွဲခေါင်းဆောင်တွေအကြောင်း  မသိဘူးလို့ ပြောလိုက်တိုင်း စစ်ဆေးမေးမြန်းသူတွေက မသူဇာရဲ့ပေါင်နှစ်ဘက်ကို အဆစ်ပိတ် ဝါးစိမ်းတုတ်နဲ့ အားကုန်လွှဲရိုက်ကြပါတယ်။ အရိုက်ခံရချိန်က နာလွန်းလို့ တခြားဘယ်အရာကိုမှ မမှတ်မိတော့ဘူးလို့ မသူဇာက ပြောပါတယ်။

“အရိုက်မခံရခင်မေးလည်း ဒီအဖြေပဲ၊ ရိုက်လည်း ဒီအဖြေပဲ ထွက်မှာပဲ။ ကျွန်မတို့က သတင်းထောက်လေ”

ရန်ကုန်မြို့ အင်းစိန်အကျဉ်းထောင် ဂိတ်‌တံခါးပေါက်ကို  ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၄ ရက် လွတ်လပ်ရေးနေ့က တွေ့ရစဉ်။ (Photo: RFA)
ရန်ကုန်မြို့ အင်းစိန်အကျဉ်းထောင် ဂိတ်‌တံခါးပေါက်ကို ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၄ ရက် လွတ်လပ်ရေးနေ့က တွေ့ရစဉ်။ (Photo: RFA)

စစ်ကြောရေးဒဏ်ကို တစ်လကြာခံရပြီးနောက်မှာတော့ မသူဇာကို အင်းစိန်ထောင်ထဲ ပို့လိုက်ပြီး “အများပြည်သူကို အထိတ်တလန့်ဖြစ်စေခြင်း၊ မဟုတ်မမှန်သတင်းများ ဖြန့်ဝေခြင်းနှင့် အစိုးရဝန်ထမ်းများအား ရာဇ၀တ်မှုကျူးလွန်ရန် လှုံ့ဆော်ခြင်း” စတဲ့အချက်တွေကို တားမြစ်တဲ့ အာဏာသိမ်းပြီးနောက် ပြင်ဆင်ပြဌာန်းလိုက်တဲ့ ပုဒ်မ ၅၀၅-က နဲ့ တရားစွဲပြီး ထောင်နှစ်နှစ် ချမှတ်လိုက်ပါတယ်။

မသူဇာအဖမ်းခံရချိန်မှာ ကိုယ်တိုင်စစ်ကြောရေးဖြတ်ခဲ့ရတဲ့ ကိုရဲကိုကိုတစ်ယောက် ရင်ထဲမီးတောက်သလို ပူလောင်နာကျင်ခဲ့ရပါတယ်။

“အဲဒီအချိန်မှာ ကျွန်တော်အရမ်း စိတ်ပူသွားတယ်။ တစ်ဖက်မှာလည်း မီးတောက်နေတယ်။ ဘာကြောင့်လဲဆိုတော့ ကိုယ်တိုင်စစ်ကြောရေးဖြတ်ခဲ့ရတာကိုး။ စစ်ကြောမေးမြန်းခံရဖူးသူတိုင်း နှိပ်စက်ညှဉ်းပန်းမှုရဲ့ ဆိုးရွားမှုတွေအကြောင်း အကုန်သိတယ်။ စစ်ကြောရေးမှာ သေသွားပြီး နောက်နေ့ အလောင်းလာထုတ်ဆိုရင် ကျွန်တော် ဘာမှမတတ်နိုင်တော့ဘူး”

အဲဒီနောက်မှာ ဇနီးဖြစ်သူကို ထောင်ဝင်စာပို့ဖို့၊ အသက် ခုနစ်နှစ်အရွယ် သမီးလေးကို ဖေးမစောင့်ရှောက်ဖို့နဲ့ နှစ်ယောက်စလုံးရဲ့ မိခင်တွေကို ကျွေးမွေးစောင့်ရှောက်ဖို့ ကိုရဲကိုကို တစ်ဦးတည်း ရုန်းကန်ခဲ့ရပါတယ်။ ကိုရဲကိုကိုဟာ သတင်းထောက်အလုပ်ကို ဆက်မလုပ်နိုင်တော့တဲ့အတွက် ဆိုင်ကယ်ဘေးတွဲ ကယ်ရီဆွဲရင်း ဆိုင်ကယ်အဟောင်းတွေ အရောင်းအဝယ်လုပ်ပြီး မိသားစုအတွက် ဝင်ငွေရှာခဲ့ရပါတယ်။

“ထောင်ဝင်စာသွားတွေ့တိုင်း ကျွန်တော်တို့အတွက် မစိုးရိမ်ဖို့နဲ့ ထောင်ထဲမှာ သူ့ကျန်းမာရေးကို ဂရုစိုက်ဖို့ပဲ ကျွန်တော် သူ့ကို အမြဲမှာတယ်”

၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့က အင်းစိန်ထောင်ရှေ့တွင် စောင့်ဆိုင်းနေသော အကျဉ်းသား မိသားစုဝင်များအား တွေ့ရစဉ်။ (Photo: RFA)
၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့က အင်းစိန်ထောင်ရှေ့တွင် စောင့်ဆိုင်းနေသော အကျဉ်းသား မိသားစုဝင်များအား တွေ့ရစဉ်။ (Photo: RFA)

ပျော်ရွှင်ရတဲ့နေ့

မသူဇာဖမ်းဆီးခံရပြီး ဆယ့်ရှစ်လနီးပါးအကြာမှာတော့ ကိုရဲကိုကိုထံ ပျော်ရွှင်ရတဲ့နေ့ရက်တစ်ရက် ရောက်လာခဲ့ပါတယ်။ လွတ်လပ်ရေးနေ့ဖြစ်တဲ့ ဇန်နဝါရီလ ၄ ရက်နေ့တိုင်း အာဏာသိမ်းစစ်အစိုးရက ပုံမှန်အားဖြင့် လွတ်ရက်စေ့ကာနီး အကျဉ်းသားတွေကို ပြန်လွှတ်ပေးလေ့ရှိပါတယ်။ ၂၀၂၃ ခုနှစ်ရဲ့ လွတ်လပ်ရေးနေ့မှာတော့ မသူဇာရဲ့အလှည့် ရောက်လာပါတယ်။

“မွန်းလွဲ ၃ နာရီလောက်မှာ ဒဂုံအရှေ့ရဲစခန်းက ဖုန်းဝင်လာတယ်။ ကျွန်မ ဒီမှာ ရဲစခန်းကိုရောက်နေပြီ (လွတ်လာပြီ) တဲ့။ အဲဒီအချိန် ကျွန်တော် အရမ်းပျော်သွားတယ်” လို့ ကိုရဲကိုကိုက ပြောပါတယ်။

အဲဒီအပျော်တွေက ကြာရှည်မခံပါဘူး။ ပိုမိုဆိုးရွားလာတဲ့ အကြမ်းဖက်မှုတွေကြား မြန်မာနိုင်ငံမှာ ကြာကြာဆက်နေလို့ မဖြစ်တော့ဘူးဆိုတာ သူတို့ဇနီးမောင်နှံ နားလည်ခဲ့ကြပါတယ်။

မသူဇာနှင့် ကိုရဲကိုကိုတို့အား သားသမီးငယ်နှစ်ဦးနှင့်အတူ ၂၀၂၄ ခုနှစ် ဇူလိုင်လ ၁၇ ရက်နေ့က ထိုင်းနိုင်ငံ မဲဆောက်မြို့တွင် မြင်တွေ့ရစဉ်။ (Chan Aung/RFA)
မသူဇာနှင့် ကိုရဲကိုကိုတို့အား သားသမီးငယ်နှစ်ဦးနှင့်အတူ ၂၀၂၄ ခုနှစ် ဇူလိုင်လ ၁၇ ရက်နေ့က ထိုင်းနိုင်ငံ မဲဆောက်မြို့တွင် မြင်တွေ့ရစဉ်။ (Chan Aung/RFA)

ထောင်ကလွတ်ပြီး သိပ်မကြာခင်မှာပဲ မသူဇာတို့မိသားစုဟာ နယ်စပ်ကတစ်ဆင့် ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ကို  ရှေ့ဆင့်နောက်ဆင့် ရောက်လာခဲ့ကြပါတယ်။ မဲဆောက်မှာပဲ သားငယ်လေးကို မွေးဖွားခဲ့ပါတယ်။  တစ်နှစ်ကျော် အကြာမှာတော့ မသူဇာတို့မိသားစု ကံကောင်းထောက်မစွာနဲ့ တတိယနိုင်ငံတစ်ခုမှာ ခိုလှုံခွင့်ရရှိခဲ့ပါတယ်။

ဒါပေမဲ့ သူတို့ သိပ်ပျော်ရွှင်နေတာမျိုးတော့ မဟုတ်ပါဘူး။ ကလေးတွေနောင်ရေးအတွက် စိတ်အေးရပေမဲ့ လူမျိုး၊ ဘာသာနဲ့ ယဉ်ကျေးမှုမတူတဲ့ နိုင်ငံသစ်မှာ ဘဝသစ်ပြန်စဖို့ ရင်လေးနေဆဲဖြစ်ပါတယ်။

“တစ်ဖက်ကကြည့်ရင်တော့ သမီးလေးနဲ့ သားလေးကိုကြည့်ပြီး ဝမ်းသာတယ်။ သူတို့အတွက်ပေါ့။ ဒါပေမဲ့ တကယ်ဝမ်းသာလားဆိုရင် ကျွန်မလေ ခံစားချက်တွေတောင် ပျောက်နေပြီ”

“သူများနိုင်ငံမှာ..နိုင်ငံသစ်တစ်ခုမှာ ရုန်းကန်ရတော့မယ်ဆိုပြီး အခုထက်ထိ အရမ်းကြီး စိတ်လှုပ်ရှားနေတာမျိုး မရှိဘူး"

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။