မြန်မာ့စာနယ်ဇင်းလွတ်လပ်ခွင့်နဲ့ သတင်းလောကစိန်ခေါ်မှုများ

RFA Burmese
2024.05.02
မြန်မာ့စာနယ်ဇင်းလွတ်လပ်ခွင့်နဲ့ သတင်းလောကစိန်ခေါ်မှုများ ၂ဝ၂၁ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်းက ရန်ကုန်မြို့တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲတစ်ခုအား သတင်းယူနေသည့် သတင်းသမားတစ်ဦး။
Photo: A Hla Lay Thuzar/ Facebook

မေလ ၃ ရက်နေ့ဟာ ကမ္ဘာ့စာနယ်ဇင်းလွတ်လပ်ခွင့်နေ့ဖြစ်ပါတယ်။ ဒီနှစ်ကျရောက်တဲ့ ၃၁ ကြိမ်မြောက် ကမ္ဘာ့စာနယ်ဇင်းလွတ်လပ်ခွင့်ညီလာခံကို UNESCO နဲ့ ချီလီနိုင်ငံတို့က အိမ်ရှင်အဖြစ် မေလ ၂ ရက်နေ့ကနေ ၄ ရက်နေ့အတွင်း ကျင်းပမှာဖြစ်ပြီး သတင်းထောက်တွေ ခြိမ်းခြောက်ခံရမှု ကြီးမားလာနေတာတွေအကြောင်းကို ဆွေးနွေးကြမှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာတော့ သတင်းမီဒီယာလွတ်လပ်ခွင့်ဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း တစ်နှစ်ထက်တစ်နှစ် ပိုဆိုးလာခဲ့ပြီး အဆိုးဝါးဆုံး အခြေအနေကို ရောက်နေပါတယ်။ ဒါပေမယ့် သတင်းမီဒီယာတွေဟာ အာဏာသိမ်းစစ်တပ်က ဖိနှိပ်နေတဲ့ကြားကပဲ ပြည်သူတွေသတင်းမှန်သိရဖို့အတွက် စွမ်းစွမ်းတမံကြိုးစားနေကြပါတယ်။

တိုက်ပွဲဖြစ်ပွားရာဒေသတွေက မြေပြင်သတင်းအချက်အလက်တွေကို သတင်းရိုက်ကူးရာမှာ သတင်းသမားတွေအတွက် လုံခြုံရေးအပါအဝင် အခက်အခဲမျိုးစုံရှိနေတယ်လို့ Myanmar Pressphoto Agency ရဲ့ အယ်ဒီတာချုပ် ကိုဂျေပိုင်က ပြောပြပါတယ်။

“လက်နက်ကိုင်တိုက်ခိုက်နေတဲ့ကြားထဲမှာ ကျွန်တော်တို့သတင်းသွားယူတာဆိုရင် ကျွန်တော်တို့ဆီမှာရှိတာ ကင်မရာပဲရှိတယ်။ ကျွန်တော်တို့ကိုယ် ကျွန်တော်တို့ ကာကွယ်ဖို့ ကျဥ်ကာတို့ ဦးထုပ်တို့ အဲ့ဒီဥစ္စာတွေကလည်း စျေးကြီးတဲ့အတွက် မသုံးတာတွေလည်းရှိတယ်။ လက်နက်နဲ့တိုက်ခိုက်ရတဲ့နေရာမှာ ပြည်သူတွေအတွက် တကယ်သတင်းမှန်သိနိုင်ဖို့ ရိုက်ရပြုရတာမှာ နှစ်ဖက်စလုံးမှာ စကစဘက်က လေယာဥ်တွေ လက်နက်ကြီးတွေ ပစ်ခံရမှာလည်း ကြောက်တယ်။ တစ်ဖက်ကလည်း လက်နက်ကိုင်အဖွဲ့တွေက ငြိုငြင်မှာကို ကြောက်ရတယ်ဆိုတော့ ကျွန်တော်တို့က ဘယ်လိုပြောရမလဲဆိုတော့ သတင်းစာလွတ်လပ်ခွင့်က တကယ့်မြေပြင်မှာ လုံးဝကို မရှိနေဘူး။ သတင်းလွတ်လွတ်လပ်လပ်ယူဖို့ကိစ္စတွေက ခွင့်ပြုချက်ယူဖို့တောင်းရတာတွေ ညှိနှိုင်းရတာတွေ သတ်မှတ်ချက်တွေ အဲဒါတွေကို ကျွန်တော်တို့က အားလုံးပြီးပြည့်စုံမှပဲ သတင်းကို ယူလို့ရတယ်"

ထိုင်း-မြန်မာနယ်စပ်တွင် ကရင်လွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ်ကြား တိုက်ပွဲဖြစ်နေချိန် အမှတ်-၂ ချစ်ကြည်ရေးတံတားအနီးတွင် သတင်းယူနေကြသည့် သတင်းထောက်တချို့။ (Photo: Reuters)
ထိုင်း-မြန်မာနယ်စပ်တွင် ကရင်လွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ်ကြား တိုက်ပွဲဖြစ်နေချိန် အမှတ်-၂ ချစ်ကြည်ရေးတံတားအနီးတွင် သတင်းယူနေကြသည့် သတင်းထောက်တချို့။ (Photo: Reuters)

စစ်ကောင်စီက သတင်းမီဒီယာတွေကို ဖိနှိပ်တာတွေသာမက သတင်းပေးတဲ့သူတွေ သတင်းဖော်ပြတဲ့သူတွေကိုပါ ဖမ်းဆီးအရေးယူတာတွေကြောင့် မဖြေရဲ မပြောရဲကြတဲ့ စိန်ခေါ်မှုတွေကိုလည်း သတင်းသမားတွေ ကြုံကြရပါတယ်။

“သတင်းသမားလို့ပြောရင် စစ်ကောင်စီမှမဟုတ်ဘူး။ ဘယ်နေရာပဲရောက်ရောက် အဖက်ဖက်က ကိုယ့်ကိုလက်ခံအောင် ကြိုးစားရတဲ့ အနေအထားဖြစ်တယ်။ ကိုယ့်ရဲ့လူရင်းတွေဖြစ်ရင်တောင်မှ ဒီအချိန်မှာ သတင်းသမားလို့ပြောရင် လိုလိုလားလားလက်ခံတဲ့အနေအထားတွေ မကြုံရဘူးပေါ့နော်။ စစ်ကောင်စီဘက်က သတင်းထောက်လို့ ပြောရင် အချိန်မရွေးဖမ်းဆီးနိုင်သလို လူထုတွေကလည်း သတင်းထောက်တွေကို ဒီမေးခွန်းတွေ လွတ်လွတ်လပ်လပ် အရင်ကလို ယုံကြည်မှုရှိရှိနဲ့ဖြေဖို့ တွန့်ဆုတ်တာတွေ ရှိတယ်။ ဒါက ကျွန်မတို့အတွက် အဓိကအခက်အခဲ စိန်ခေါ်မှုလို့ ကျွန်မ မြင်တယ်။ ဒါ ကျွန်မရင်ဆိုင်ရတဲ့အရာ ဖြစ်တယ်။ တော်လှန်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်နယ်မြေတွေမှာဆိုရင်လည်း အထိုက်အလျောက် သတင်းရယူခွင့်ရှိပေမဲ့ ဒီလုံခြုံရေးနဲ့ပတ်သက်ရင်တော့ သတင်းသမားတွေအတွက်ကတော့ တိကျတဲ့ အာမခံချက်တွေလည်း ရှိမနေဘူးပေါ့နော်”

ကန္တာရဝတီတိုင်းမ် သတင်းဌာန အကြီးတန်းသတင်းထောက် မမော်ဦးမြာ ပြောသွားတာပါ။

အာဏာသိမ်းပြီးနောက် သတင်းလွတ်လပ်ခွင့်ဆုံးရှုံးလာတာနဲ့အညီ သတင်းအမှားတွေကို စစ်ကောင်စီက ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်နေတာတွေလဲ ရှိနေပါတယ်။ ဒါတွေကို ဟန့်တားနိုင်ဖို့ နဲ့ သတင်းမှန်တွေ စိစစ်တင်ဆက်နိုင်ဖို့ လိုအပ်နေတယ်လို့ မြစ်ကြီးနားသတင်းဂျာနယ်ရဲ့ အယ်ဒီတာချုပ် ဆိုင်းမိုင်မရန်က ပြောပါတယ်။

“စစ်ကောင်စီဘက်က သတင်းအတုလွှင့်တာတွေ အရမ်းပေါ်လာတယ်။ ဝါဒမှိုင်းတိုက်တာတွေ ဘာသာရေးမှိုင်းတိုက်တာတွေ လူမှုရေးမှိုင်းတိုက်တဲ့ဟာတွေကို ဒါတွေကို ပြည်သူလူထုကယုံမှားသံသယဖြစ်တယ်။ ဒါတွေကို သတင်းမီဒီယာတွေအနေနဲ့ ပြန်ပြီးတစ်ဖန် ဒါက သတင်းအမှားပါဆိုတဲ့ဟာမျိုးကို တန်ပြန်တိုက်စစ်ပေါ့နော်။ ဒါကိုပြန်ပြီးလုပ်နေရတဲ့အနေအထားမျိုး အလုပ်တစ်ခု ပိုလာတဲ့ဟာမျိုး ကျွန်တော်တို့ဖြစ်လာတယ်။ ဘာဖြစ်လို့လဲဆိုတော့ သတင်းအတု သတင်းအမှားတွေက ရည်ရွယ်ချက်ရှိရှိ စစ်ကောင်စီက ပြုလုပ်နေတဲ့ အကြီးမားဆုံး စိန်ခေါ်မှုပြဿနာတစ်ခု ဖြစ်တယ်ပေါ့နော်။ ပြည်သူတွေက အခုအချိန်မှာ ဘယ်ဟာက အမှန်လဲ။ ဘယ်ဟာက အမှားလဲဆိုတာကို သူတို့ကောင်းကောင်းဝေဖန်ပိုင်းခြားခွင့် သူတို့မှာမရှိဘူး။ ကျွန်တော်တို့အားလုံးက ရတဲ့နေရာကနေ အလုပ်လုပ်နေကြတာ ဖြစ်တယ်ပေါ့နော်။ကျွန်တော်တို့က Information ပေးရမှာလား။ သူတို့တက်လာတဲ့ သတင်းအတုတွေကို ဖြေရှင်းနေရမှာလားဆိုတာမျိုးပေါ့။ သတင်းအမှားတွေကို သတင်းအမှားတွေ ဖြစ်တယ်ဆိုတာကို ကျွန်တော်တို့အများကြီး ပြည်သူတွေကို ချပြနိုင်ဖို့ ကျွန်တော်တို့ ကြိုးစားနေပါတယ်"

မြန်မာနိုင်ငံမှာ သတင်းသမားတွေဟာ စစ်ကောင်စီရဲ့ သတင်းမီဒီယာတွေအပေါ် ဖိနှိပ်ချုပ်ကိုင်မှုတွေအပြင် သတင်းထောက်တွေကိုလည်း တစ်သက်တစ်ကျွန်းအထိ နှစ်ရှည်ထောင်ဒဏ်ချမှတ်တာတွေကြောင့် လက်ရှိအချိန်ဟာ သတင်းသမားတွေအတွက် အခက်ခဲဆုံးဖြစ်နေတယ်လို့ လွတ်လပ်သော မြန်မာသတင်းမီဒီယာကောင်စီနဲ့ The Independent Press Council of Myanmar (IPCM) ရဲ့ အတွင်းရေးမှူး ဦးတိုးဇော်လတ် က ပြောပါတယ်။

“အခုအချိန်ဟာ သတင်းထောက်အနေနဲ့ လုပ်ဖို့ ကောင်းတဲ့အချိန်တော့မဟုတ်ဘူး၊ မြန်မာပြည်ရဲ့ Press Freedom Intake က နိုင်ငံ ၁၈ဝ မှာ ၁၇၃ အဆင့်မှာရှိတယ်။ ကမ္ဘာပေါ်မှာ သတင်းထောက်ဒုတိယအများဆုံးအဖမ်းခံထားရတယ် တရုတ်ပြည်ပြီးရင်ပေါ့။ Press Council လွတ်လပ်တဲ့သတင်းမီဒီယာကောင်စီရဲ့ စာရင်းအရ လောလောဆယ်အဖမ်းခံထားရသူ ၅၂ ယောက်ရှိတယ် အဲဒီထဲမှာ ရှင်ဒေဝီဆိုရင် ထောင်တစ်သက်တစ်ကျွန်း အချခံထားရတယ်။ လောလောဆယ်မှာ ကျွန်တော်ထင်တယ် သတင်းသမားတွေရဲ့ လုံခြုံရေးရော ကာကွယ်ရေးရော သတင်းရယူခွင့်ရော အဆိုးရွားဆုံးအခြေအနေကို ရောက်နေတယ်ပေါ့”

မြန်မာနိုင်ငံဟာ အာဏာမသိမ်းခင်က သတင်းလွတ်လပ်ခွင့်မှာ အဆင့် ၁၃၉ ရှိခဲ့ပေမဲ့ လက်ရှိမှာတော့ အဆင့် ၁၇၃ ကိုရောက်ရှိနေပြီး အဆိုးဆုံးအခြေအနေ ရောက်နေတယ်လို့ နယ်စည်းမခြား သတင်းထောက်များအဖွဲ့ (RSF) ကလည်း ထုတ်ပြန်ထားပါတယ်။

၂ဝ၂၁ ခုနှစ် ဒီဇင်ဘာလ ၁ဝ ရက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့တွင် ဖမ်းဆီးခံရပြီး ဒီဇင်ဘာလ ၁၄ ရက်နေ့က စစ်ကောင်စီ စစ်ကြောရေးအတွင်း သေဆုံးသွားသည့် ဓာတ်ပုံသတင်းထောက် ကိုစိုးနိုင်။ (Photo: RSF)
၂ဝ၂၁ ခုနှစ် ဒီဇင်ဘာလ ၁ဝ ရက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့တွင် ဖမ်းဆီးခံရပြီး ဒီဇင်ဘာလ ၁၄ ရက်နေ့က စစ်ကောင်စီ စစ်ကြောရေးအတွင်း သေဆုံးသွားသည့် ဓာတ်ပုံသတင်းထောက် ကိုစိုးနိုင်။ (Photo: RSF)

ဒီလိုဆိုးရွားတဲ့အခြေအနေတွေမှာ သတင်းရယူနိုင်အောင်ကြိုးပမ်းနေတဲ့ မြန်မာသတင်းသမားတွေကို ချီးကျူးဂုဏ်ပြုကြောင်းနဲ့ ဖမ်းဆီးခံနေရတဲ့ သတင်းသမားတွေအားလုံးကို ပြန်လွှတ်ပေးအောင် စစ်ကောင်စီကို နိုင်ငံတကာအနေနဲ့ ဖိအားပေးဖို့ နယ်စည်းမခြားသတင်းထောက်များအဖွဲ့ RSF ရဲ့ အာရှပစိဖိတ်ဒေသဆိုင်ရာ ညွှန်ကြားရေးမှူး Cedric Alviani က တောင်းဆိုလိုက်ပါတယ်။

“မြန်မာနိုင်ငံအတွင်းမှာ ဖြစ်ပျက်နေတာတွေကို ကမ္ဘာက သိအောင် ဘဝနဲ့ ရင်းပြီး ကြိုးပမ်းနေတဲ့ မြန်မာ သတင်းသမားများရဲ့ ရဲစွမ်းသတ္တိကို RSF က ချီးကျူးဂုဏ်ပြုကြောင်း ကမ္ဘာ့သတင်းလွတ်လပ်ခွင့်နေ့မှာ ပြောလိုပါတယ်။ RSF အနေနဲ့ မြန်မာသတင်းမီဒီယာတွေရဲ့ ပြန်လည်ထူထောင်နိုင်စွမ်းနဲ့ Burma Media Consortium (BMC)၊ the Independent Myanmar Journalists Association (IMJA) နဲ့ the Independent Press Council of Myanmar (IPCM) တွေ ဖွဲ့စည်းပြီး စုစည်း ညီညွတ်နိုင်စွမ်းတွေကိုလည်း အသိအမှတ်ပြုပါတယ်။ ပြီးခဲ့တဲ့ သုံးနှစ်အတွင်းမှာ၊ မြန်မာစစ်တပ်ဟာ သတင်းသမားတွေအပေါ်  အကြောက်တရားနဲ့ ဖိနှိပ်ဖို့ ကြိုးပမ်းခဲ့ပါတယ်။ ဒီဖိနှိပ်မှုထဲမှာ သတင်းသမားငါးဦးကို သတ်ဖြတ်ခဲ့တာအပြင်၊ မြန်မာနိုင်ငံကို တရုတ် နိုင်ငံပြီးရင် သတင်းလွတ်လပ်ခွင့်အတွက် တိုက်ပွဲဝင်နေသူတွေကို ဖမ်းဆီးထောင်ချမှု ဒုတိယအများဆုံးနိုင်ငံ ဖြစ်စေခဲ့တာတွေလည်း ပါဝင်ပါတယ်။ မြန်မာစစ်တပ်က ဖမ်းဆီးထိန်းသိမ်းထားတဲ့ သတင်းသမား ၅၂ ဦးကို ပြန်လွှတ်ပေးဖို့နဲ့ သတင်းထောက်တွေကို အကြောက်တရားနဲ့ ဖိနှိပ်ဖို့ ကြိုးပမ်းမှုတွေ ကို ရပ်တန့်အောင် မြန်မာ စစ်ကောင်စီကို ဖိအားပေးကြဖို့ RSF က နိုင်ငံတကာကို တောင်းဆိုပါတယ်"

အမေရိကန် နယူးယောက်မြို့ အခြေစိုက် Committee to Protect Journalists (CPJ) လို့ခေါ်တဲ့ သတင်းသမားများ ကာကွယ်ရေးကော်မတီရဲ့ ၂၀၂၃ ခုနှစ်အတွင်းရရှိထားတဲ့ စာရင်းအရ မြန်မာနိုင်ငံဟာ ကမ္ဘာပေါ်မှာ သတင်းသမားတွေကို ဖမ်းဆီးထောင်ချတဲ့နေရာမှာ တရုတ်နိုင်ငံပြီးရင် ဒုတိယမြောက် အဆိုးဝါးဆုံးနိုင်ငံဖြစ်တယ်လို့ ဆိုပါတယ်။

ဖမ်းဆီးခံ သတင်းသမားစာရင်း ပြုစုထားတဲ့ Detained Journalists Information Myanmar ရဲ့ စာရင်းအရ မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးတဲ့နောက် သတင်းဌာန (၁၄) ခုကို စစ်ကောင်စီက ထုတ်ဝေခွင့်လိုင်စင်တွေ ရုပ်သိမ်းခဲ့သလို နိုင်ငံတစ်ဝန်းက သတင်းထောက် (၁၆၉) ဦးထက်မနည်း ဖမ်းဆီးခဲ့ရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။