နိုင်ငံတကာဒီမိုကရေစီနေ့နဲ့ မြန်မာ့သတင်းမီဒီယာလွတ်လပ်ခွင့်

စောဖိုးခွား (ဝါရှင်တန်ဒီစီ)
2022.09.15
နိုင်ငံတကာဒီမိုကရေစီနေ့နဲ့  မြန်မာ့သတင်းမီဒီယာလွတ်လပ်ခွင့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၂၄ ရက်နေ့က ရန်ကုန်မြို့ ဂျပန်သံရုံးအနီးက စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြပွဲအား မှတ်တမ်းတင်ရိုက်ကူးနေသည့် သတင်းထောက်တစ်ဦး။
Photo: RFA

စက်တင်ဘာလ ၁၅ ရက်နေ့ဟာ နိုင်ငံတကာဒီမိုကရေစီနေ့ ဖြစ်ပါတယ်။ ဒီနှစ်အတွက် ဆောင်ပုဒ်ကတော့ “ ဒီမိုကရေစီခိုင်မာဖို့ သတင်းမီဒီယာလွတ်လပ်ခွင့်ကို ကာကွယ်စို့ ” လို့ ကုလသမဂ္ဂက သတ်မှတ်ထားပါတယ်။

“သတင်းမီဒီယာလွတ်လပ်ခွင့်မရှိရင် ဒီမိုကရေစီ မရှင်သန်နိုင်ဘူး။ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် မရှိတဲ့နေရာမှာလည်း လွတ်လပ်ရေးမရှိပါဘူး” လို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူးတားရပ်စ်က ဒီနှစ် နိုင်ငံတကာ ဒီမိုကရေစီနေ့အတွက် သတင်းစကားပါးထားပါတယ်။

“သတင်းသမားတွေအတွက် သတင်းအလုပ်လုပ်ရင် ထောင်နဲ့ရင်းရမယ်ဆိုတာမျိုး ဖြစ်လာတယ်” 

မြန်မာနိုင်ငံမှာလည်း စစ်တပ်က အာဏာသိမ်းပြီးကတည်းက သတင်းလွတ်လပ်ခွင့်ဆိုတာ မရှိတော့ဘူးလို့ သတင်းမီဒီယာသမားတွေကပြောကြပါတယ်။

စစ်ကောင်စီက သတင်းသမားတွေကို အကြမ်းဖက်ဖမ်းဆီးပြီး ပုဒ်မအမျိုးမျိုးတပ် ထောင်ဒဏ်တွေ ချနေသလို၊ သတင်းဌာနကိုးခုကိုလည်း ထုတ်ဝေခွင့်လိုင်စင် ပိတ်သိမ်းခဲ့ပါတယ်။

နိုင်ငံတကာဒီမိုကရေစီနေ့မှာပဲ မြန်မာပြည်မှာ ဖမ်းဆီးခံထားရတဲ့ သတင်းထောက်တွေထဲက အမျိုးသမီးသတင်းထောက်တစ်ဦးဖြစ်တဲ့ မထက်ထက်ခိုင်ကို စစ်ကောင်စီက ထောင်ဒဏ်သုံးနှစ် ချမှတ်လိုက်ပါတယ်။

မထက်ထက်ခိုင်ဟာ ဘီဘီစီ ရဲ့ ခံစားကြည့်အစီအစဉ် သတင်းတင်ဆက်သူဖြစ်သလို တခြားသတင်းဌာနတစ်ခုမှာလည်း အလွတ်သတင်းထောက်အဖြစ် လုပ်ကိုင်ခဲ့သူပါ။

သူဟာ အာဏာသိမ်းပြီး ခြောက်လကျော်မှာ ရန်ကုန်မြို့မှာ ဖမ်းဆီးခံခဲ့ရတာဖြစ်ပြီး ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅ (က)၊ တရားမဝင် အသင်းအဖွဲ့တွေနဲ့ ဆက်သွယ်မှုပုဒ်မ ၁၇ (၁) တို့နဲ့ တရားစွဲခံခဲ့ရပါတယ်။

မထက်ထက်ခိုင် ထောင်ဒဏ်ချမှတ်ခံရတာနဲ့ ပတ်သက်ပြီး မိသားစုဝင်တစ်ဦးက ...

“ဒါကို မျှော်လင့်ထားပြီးသားပေါ့နော်။ အကုန်လုံးကလည်း မတရားအဖမ်းခံထားရတဲ့လူတွေ။ အမြန်ဆုံး ပြန်လွတ်စေချင်တယ်။ ထောင်သုံးနှစ်ချခံရတာကတော့ မတရားတဲ့အမိန့်ကို သူတို့ ချလိုက်တာပဲ။ နောက်တစ်မှုလည်း ကျန်သေးတယ်။ အခုထောင်ထဲရောက်နေတာ တစ်နှစ် ကျော်သွားပြီ။ သူ့အတွက်တော့ စိုးရိမ်တယ်။ ကိုဗစ်တွေလည်း ဖြစ်နေတာ။ သူ့ကျန်းမာရေးကိုတော့ မိသားစုဝင်တစ်ယောက်အနေနဲ့ စိုးရိမ်တယ်”

မထက်ထက်ခိုင်နဲ့ အတူ ဖမ်းဆီးခံခဲ့ရတဲ့ သတင်းစာဆရာ ဦးစည်သူအောင်မြင့်ကတော့ အမိန့်ချခံရတာ မရှိသေးဘဲထောင်ထဲမှာ ဖမ်းဆီးခံထားရဆဲဖြစ်ပါတယ်။

p0bshbnt.jpg
ဘီဘီစီ ခံစားကြည့်အစီအစဉ် တင်ဆက်သူ မထက်ထက်ခိုင်။ (Photo: BBC Media Action Myanmar)

သူတို့လို သတင်းသမားအလုပ်လုပ်ရင်း ဖမ်းဆီးခံရတဲ့ သတင်းသမား ရာချီ ရှိခဲ့ပြီး စစ်ကြောရေးမှာ သေဆုံးသွားတဲ့ သတင်းသမား လေးယောက် ရှိပါတယ်။ ဒါနဲ့ပတ်သက်လို့ ဖမ်းဆီးခံသတင်းသမားစာရင်းတွေ ပြုစုနေတဲ့ Detain Journalists Information Myanmar ရဲ့ စာရင်းတွေအရ စစ်တပ်ကအာဏာသိမ်းထားတဲ့ တစ်နှစ်ခွဲကျော်အတွင်း အဖမ်းခံရတဲ့ သတင်းသမားပေါင်း ၁၄၂ ဦးရှိပြီး၊ အဲဒီအထဲမှာ ပုဒ်မ အမျိုးမျိုးတပ် တရားစွဲခံထားရတဲ့သူ ၉၅ ဦး ရှိပါတယ်။

ဒါကြောင့် မြန်မာနိုင်ငံမှာ သတင်းသမားအလုပ်ဟာ အန္တရာယ်ရှိတဲ့ အလုပ်ဖြစ်လာတယ်လို့ သတင်းစာဆရာ ဦးမြင့်ကျော်ကပြောပါတယ်။

"သတင်းသမားတွေ အဖမ်းခံရတဲ့ကိစ္စက သတင်းလွတ်လပ်ခွင့်အတွက် အကြီးမားဆုံး ခြိမ်းခြောက်မှု ဖြစ်တယ်။ အလုပ်ကိုက အန္တရာယ်ရှိလာတယ်။ နိုင်ငံရေး ရှုထောင့်ကနေ သတင်းသမားတွေကို ဖိအားပေးတယ်။ မကြိုက်တဲ့သတင်းတွေကို ဖော်ပြရင် ဖမ်းဆီးတယ်ဆိုတာမျိုးက သတင်းသမားတွေအတွက် သတင်းအလုပ်လုပ်ရင် ထောင်နဲ့ရင်းရမယ်ဆိုတာမျိုး ဖြစ်လာတယ်"

"ပြည်တွင်းမှာ လုပ်ရတာ တော်တော်ခက်ခဲတယ်။ အဖမ်းခံရနိုင်တဲ့ အန္တရာယ်ရှိတယ်"

စစ်တပ်က အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံက သတင်းသမားတွေဟာ မှန်ကန်ဖို့ ဘက်မျှဖို့ဆိုတဲ့ သတင်းမီဒီယာ ကျင့်ဝတ်တွေကို စောင့်ထိန်းဖို့လည်း တော်တော်ခက်လာနေတယ်လို့လည်း သူက ပြောပါတယ်။

"အင်တာနက် FB သုံးသူတွေဆီကနေ ဆက်သွယ်ပြီး သတင်းယူတာ ပိုများလာတယ်။ ဘာလို့လဲဆိုတော့ ဖြစ်တဲ့နေရာ သွားဖို့ ခက်ခဲလာတယ်။ အဖမ်းခံရနိုင်တဲ့ အန္တရာယ်ရှိတယ်။ သတင်းကို ပရိသတ်ကို ပြန်တင်ပြတဲ့အခါမှာ အတိုင်းအတာတစ်ခုထိပဲ တိကျဖို့ ဘက်မျှဖို့ ကြိုးစားလို့ရတော့တယ်။ ပြည်တွင်းမှာ လုပ်ရတာ တော်တော်ခက်ခဲတယ်။ အဖမ်းခံရနိုင်တဲ့ အန္တရာယ်ရှိတယ်။ ဘက်မျှအောင် တင်ပြဖို့ စိန်ခေါ်မှုတွေများလာတယ်။ အရင်ကထက် သုံးဆလောက် စိန်ခေါ်မှုရှိတယ်"

မြန်မာနိုင်ငံဟာ သတင်းမီဒီယာလုပ်ငန်းလုပ်ကိုင်သူတွေအတွက် အန္တရာယ်ရှိတဲ့ ဒေသဖြစ်လာတယ်လို့ ပြင်သစ်နိုင်ငံအခြေစိုက် နယ်စည်းမခြားသတင်းထောက်များအဖွဲ့က သတ်မှတ်ထားပါတယ်။

ကမ္ဘာတဝန်း သတင်းသမားတွေကို ထောင်ချမှုအများဆုံး နိုင်ငံတွေထဲမှာ တရုတ်နိုင်ငံပြီးရင် မြန်မာက ဒုတိယနေရာမှာ ရှိနေတယ်လို့လည်းဆိုပါတယ်။

ကမ္ဘောဇတိုင်း သတင်းဌာန အယ်ဒီတာချုပ်ကိုဇေတိုင်းက အာဏာသိမ်း စစ်ကောင်စီဟာ သတင်းအလုပ်လုပ်တဲ့သူတွေကို ပုဒ်မတွေ အမျိုးမျိုးတပ်ဖမ်းဆီးနေတယ်လို့ ပြောပါတယ်။

" အခုနောက်ပိုင်းမှာ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေတွေ၊ ၁၇ (၁) လိုဟာတွေပါ သုံးပြီး တရားစွဲထောင်ချတာ တွေ့ရတယ်။ အစတုန်းကတော့ ခုခံတော်လှန်စစ် PDF တွေ မရှိသေးတော့ ၅ဝ၅ က နဲ့ပဲ အစွဲခံရတယ်။ အခုနောက်မှ အကြမ်းဖက်မှုနဲ့ စွဲခံရတာ၊ သတင်းသမားကတော့ သတင်းဖြစ်ရင် သတင်းရင်းမြစ်နဲ့ ဆက်သွယ်ရမှာပဲ။ PDF နဲ့လည်း ဆက်သွယ်တာရှိတယ်။ သတင်းအရင်းမြစ်ဆိုရင် ဘယ်သူနဲ့မဆိုဆက်သွယ်ရမှာပဲ။ ဒါကို သူတို့က အကြမ်းဖက်မှုတိုက်ဖျက်ရေးပုဒ်မတွေနဲ့ ဆွဲလာတာ တွေ့ရတယ်"

reporter-jail.jpg
ဖမ်းဆီးခံထားရသည့် ရွှေဖီမြေသတင်းထောက် လွေးအမ်ဖောင်၊ မဇ္ဈိမသတင်းအယ်ဒီတာ ကိုသန်းထိုက်အောင်နှင့် သတင်းစာဆရာ ဦးစည်သူအောင်မြင့်။ ( ဝဲ မှ ယာ)

သတင်းအလုပ်တွေကို အရင်ကလို မြေပြင်ဆင်းမလုပ်နိုင်တော့ဘူးလို့လည်း ဆိုပါတယ်။

"တစ်ချိန်က သတင်းထောက်ဆို ကင်မရာလွယ်၊ သတင်းရင်းမြစ်တွေဆီ သွားမယ်ပေါ့၊ အခုကတော့ သတင်းထောက်ဆိုပြီးတောင် ဘယ်လိုမှသွားလို့ လာလို့မရဘူး။ CJ တွေ၊ Freelance တွေကို အားကိုးလာနေရတယ်။ အရင်တုန်းကနဲ့ ယှဉ်ရင် သတင်းတွေ မလိုက်နိုင်တော့ဘူး။ "

ကမ္ဘောဇတိုင်းသတင်းဌာနက သတင်းထောက်လေးဦးလည်း ဖမ်းဆီးခံခဲ့ရပြီး နှစ်ဦးက လွှတ်ရက်စေ့လို့ ပြန်လွတ်လာပြီဖြစ်ပေမယ့် အမျိုးသမီးသတင်းထောက်နှစ်ဦးကတော့ ထောင်ဒဏ်သုံးနှစ် ကျခံနေရဆဲဖြစ်ပါတယ်။

သတင်းသမားတွေကို စစ်ကောင်စီက ဖိနှိပ်နေပေမယ့် သတင်းသမားတချို့ဟာ ပြည်တွင်းမှာ လျှို့လျှို့ဝှက်ဝှက်နဲ့ သတင်းအလုပ်တွေ ဆက်လုပ်နေကြသလို တချို့ကတော့ နယ်စပ်တွေ၊ ပြည်ပနိုင်ငံတွေ၊ တိုင်းရင်းသားလွတ်မြောက်နယ်မြေတွေမှာ ခိုလှုံပြီး သတင်းအလုပ်ဆက်လုပ်နေကြပါတယ်။

image (6).jpg
၂ဝ၂၁ ခုနှစ် ဒီဇင်ဘာလ ၁၄ ရက်နေ့က စစ်ကြောရေးတွင် သေဆုံးသွားသည့် ဓာတ်ပုံသတင်းထောက် ကိုစိုးနိုင်။ (Photo: Citizen Journalsit)

တစ်ဖက်မှာတော့ စစ်ကောင်စီဟာ နိုင်ငံပိုင်သတင်းစာတွေနဲ့ ရုပ်မြင်သံကြားတွေကို ထိန်းချုပ်ထားသလို သူ့စိတ်ကြိုက်ရေးသားဖြန့်ချိမယ့်သူတွေကို သတင်းလုပ်ကိုင်ခွင့်တွေ ပေးထားပြီး၊ ဝါဒဖြန့်ချိတာတွေ ပုံမှန်လုပ်နေတာတွေ့ရတယ်လို့ သတင်းသမားတွေက ထောက်ပြကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။