သတင်းလွတ်လပ်ခွင့်ကန့်သတ်ဖို့ တိုင်းရင်းသားလက်နက်ကိုင်တချို့ ကြိုးပမ်းလာ

ဝေမာထွန်း (ဝါရှင်တန်ဒီစီ)
2024.04.30
သတင်းလွတ်လပ်ခွင့်ကန့်သတ်ဖို့ တိုင်းရင်းသားလက်နက်ကိုင်တချို့ ကြိုးပမ်းလာ သတင်းမီဒီယာလွပ်လပ်ခွင့်အတွက် နေပြည်တော်အခြေစိုက် သတင်းထောက်များ လက်ပတ်စည်း ဆုတောင်းပွဲအား ၂၀၁၇ ခုနှစ် ဒီဇင်ဘာလ ၁၅ ရက်နေ့က ပြုလုပ်ခဲ့စဉ်။
RFA

လွတ်လပ်ရေးမရခင် ၁၉၄၇ ခုနှစ်ကတည်းက စတင်ထူထောင်ခဲ့ပြီး ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ လူ့အခွင့်အရေး၊ ဒီမိုကရေစီနဲ့ တန်းတူညီမျှရေးရဖို့ ကြိုးပမ်းနေတဲ့ နှစ်ပေါင်း ၇၇ နှစ်ကြာ သက်တမ်းရှိပြီဖြစ်တဲ့ ကရင်အမျိုးသား အစည်းအရုံး KNU က သတင်းမီဒီယာတွေအနေနဲ့ သတင်းရယူရာမှာ KNU ရဲ့ လုံခြုံရေး၊ ဂုဏ်သိက္ခာနဲ့ ပုံရိပ်ကို ထိခိုက်နစ်နာစေမဲ့ လုပ်ဆောင်ချက်တွေကို ရှောင်ရမယ်လို့ ကြေညာချက်ထုတ်လာတာပါ။

KNU ထိန်းချုပ်နယ်မြေတွေထဲ သတင်းလာယူမဲ့ ပြင်ပသတင်းဌာနတွေအနေနဲ့ KNU ဗဟိုရဲ့ ခွင့်ပြုချက်ကို ကြိုတင်တောင်းခံရမှာဖြစ်ပြီး ရိုက်ကူးခွင့် ပိတ်ပင်ထားတဲ့ နေရာတွေနဲ့ ခွင့်ပြုချက်တောင်းတဲ့အထဲ မပါတဲ့အကြောင်းအရာတွေကို ရိုက်ခွင့်ရမှာမဟုတ်ဘူးလို့ ပြောပါတယ်။

ဒါ့အပြင် KNU ရဲ့ လုံခြုံရေးနဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေမဲ့ သတင်းဖော်ပြချက်တွေကို ရှောင်ကြဉ်ဖို့၊ သတင်းထောက်တွေအနေနဲ့ သူတို့ရိုက်ကူးထားတဲ့ ရုပ်သံတွေ ဓာတ်ပုံတွေကို KNU တာဝန်ရှိသူတွေက တောင်းဆိုလာရင် စစ်ဆေးခွင့်ပြုဖို့ စတဲ့အချက်တွေလည်း ပါပါတယ်။

ဧပြီ ၂၁ ရက်နေ့ထုတ် KNU ရဲ့ သတင်းနဲ့ပြန်ကြားရေးဆိုင်ရာ မူဝါဒတွေထဲက အချက်တွေဟာ သတင်းရယူဖို့ အကန့်အသတ်တွေဖြစ်သွားစေတယ်လို့ ကရင်ပြည်နယ်အခြေစိုက် Karen Information Center သတင်းဌာန အယ်ဒီတာချုပ် နန်းဖော့ဂေက RFA ကိုပြောပါတယ်။

“သေချာတာကတော့ ဒီလိုထုတ်ပြန်ချက်က ကျင့်ဝတ်နဲ့အညီသတင်းရယူ ထုတ်လုပ်ဖော်ပြနေတဲ့ သတင်းသမား တွေအတွက်တော့ စိတ်ပိုင်းဆိုင်ရာ စိုးရိမ်ချက်တွေဖြစ်သွားတယ်။ ကျန်တဲ့ ဆိုရှယ် မီဒီယာအပိုင်းကို သုံးနေတဲ့ သူတွေက ဘယ်လောက်ထိ သက်ရောက်မှုရှိသွားသလဲတော့ မတွက်ဆတက်ပေမဲ့ သတင်းမီဒီယာတွေ အတွက်ကတော့ ပိုပြီးတော့ခက်ခဲသွားမလား။ နဂိုတည်းကလည်း အရမ်းလွယ်လွယ် ကူကူနဲ့သွားလာ သတင်းရယူနိုင်တာ မဟုတ်တဲ့အခြေအနေကြားကနေ ပိုခက်ခဲသွားမယ်။ ပိုပြီးတော့ သတင်းတွေကို မထုတ်လုပ်နိုင်ဘူးဆိုတဲ့ စိုးရိမ်ချက်တွေတော့ ရှိသွားပါတယ်။”

အလားတူ ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ IEC ကလည်း ကရင်နီပြည်နယ်ထဲ သတင်းလာယူမဲ့ သတင်းဌာနတိုင်း သက်ဆိုင်ရာသတင်းဌာရဲ့ ထောက်ခံစာနဲ့အတူ IEC ကို အသိပေးအကြောင်းကြားဖို့နဲ့ သတင်းသွားယူချင်တဲ့နေရာကို သက်ဆိုင်ရာတပ်မှူးတပ်ဖွဲ့တွေရဲ့ ခွင့်ပြုချက်နဲ့သာ သွားရမယ်လို့ ဧပြီ ၁၆ ရက်နေ့က ထုတ်ပြန်ခဲ့ပါတယ်။

သတင်းသမားတွေကတော့ ကိုယ့်ရဲ့ ခံယူချက်အတိုင်း သတင်းတွေကို ပြည်သူလူထုသိအောင်၊ ကိုယ်ရဲ့လုပ်ရမယ့်တာဝန်ကိုတော့ ကိုယ့်ဘာသာလုပ်ရမှာပေါ့

သတင်းယူရာမှာ ကရင်နီပြည်က စစ်ဆင်ရေးကိစ္စ၊ အုပ်ချုပ်ရေးကိစ္စတွေကို ထိခိုက်စေတဲ့ လုပ်ရပ်တွေနဲ့ တော်လှန်ရေးကာလမှာ စစ်ကောင်စီကို အားပေးအားမြှောက်ဖြစ်စေတဲ့ လုပ်ရပ်တွေကို ခွင့်ပြုမှာ မဟုတ်ဘူးလို့လည်း ဆိုပါတယ်။

မြေပြင်မှာ သတင်းရယူနေတဲ့အချိန်မှာ သက်ဆိုင်ရာ သတင်းမီဒီယာတွေရဲ့ ယူနီဖောင်းကို ဝတ်ဆင်ဖို့နဲ့ ဝန်ထမ်းကတ်ပြပြီး သတင်းရယူခွင့်တောင်းခံဖို့ IEC က အသိပေးထားပါတယ်။ သတင်းထောက် ယူနီဖောင်း ဝတ်ဆင်သွားလာမယ်ဆိုရင် နှစ်ဖက်စိုးမိုးနယ်မြေတွေမှာ သတင်းသမားတွေရဲ့ အသက်အန္တရာယ်အထိပါ စိုးရိမ်ရတဲ့အတွက် သင့်လျှော်တဲ့ လုပ်ဆောင်ချက်မဟုတ်ဘူးလို့ သတင်းသမားတွေက ထောက်ပြပါတယ်။

အစိုးရတိုင်း၊ အဖွဲ့အစည်းတိုင်းက သတင်းမီဒီယာကို လက်ခံမှုအားနည်းပေမဲ့ သတင်းသမားတွေက ပြည်သူ တွေကို သတင်းသိပိုင်ခွင့်ရဖို့ ကြိုးစားလုပ်ဆောင်နေရတာလို့ လုံခြုံရေးအရအမည်မဖော်ပြလိုတဲ့ ကရင်နီ ပြည်နယ်အတွင်းက အလွတ်သတင်းထောက်တစ်ဦးက ပြောပါတယ်။

“တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း အစိုးရပဲ ဖြစ်ပါစေ၊ စကစ အစိုးရပဲ ဖြစ်ပါစေ၊ ခြုံပြီးပြောရရင် ဒီမိုကရေစီအစိုးရပဲ ဖြစ်ပါစေ၊ ဖက်ဒရယ်အစိုးရပဲဖြစ်စေ မီဒီယာဆိုရင် သိပ်လက်ခံကြတဲ့အယူအဆတော့ နည်းနည်းတော့ နည်းတယ်။ ကြိုက်တယ်ဆိုတဲ့အထဲမှာပါတဲ့ အစိုးရကတော့ ရှားပါတယ် ဘယ်နိုင်ငံမှာပဲ ကြည့်ကြည့်ပေါ့။ ကျွန်တော်တို့ သတင်းသမားတွေကတော့ ကိုယ့်ရဲ့ ခံယူချက်အတိုင်း သတင်းတွေကို ပြည်သူလူထုသိအောင်၊ ကိုယ်ရဲ့လုပ်ရမယ့်တာဝန်ကိုတော့ ကိုယ့်ဘာသာလုပ်ရမှာပေါ့နော်။”

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၂၇ ရက်နေ့က ရန်ကုန်၊ မြေနီကုန်းတွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြနေသူများအား ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံးဖြင့် ပစ်ဖောက်လူစုခွဲစဉ်။ (Photo: RFA)
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၂၇ ရက်နေ့က ရန်ကုန်၊ မြေနီကုန်းတွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြနေသူများအား ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံးဖြင့် ပစ်ဖောက်လူစုခွဲစဉ်။ (Photo: RFA)

ကရင်အမျိုးသားအစည်းအရုံး KNU ရဲ့ ထုတ်ပြန်ချက်ထဲက အချက်တစ်ခုမှာ သတင်းမီဒီယာတွေအနေနဲ့ KNU က ချမှတ်ထားတဲ့ စည်းကမ်းတွေကို ဖောက်ဖျက်ခဲ့ရင် သတင်းရေးသားတဲ့ သတင်းထောက်နဲ့ သတင်းဌာနကို KNU က အမည်ပျက်စာရင်းသွင်းတာနဲ့ သတင်းမီဒီယာကောင်စီကို တိုင်ကြားတာလုပ်မယ်လို့ ပြောထားပါတယ်။

အာဏာသိမ်းပြီးနောက် စစ်ကောင်စီလက်အောက်ခံပုဂ္ဂိုလ်တွေနဲ့ ဖွဲ့စည်းထားတဲ့ သတင်းမီဒီယာကောင်စီကို သတင်းသမားတွေနဲ့ လူအများက လက်ခံယုံကြည်မှုမရှိပါဘူး။ သတင်းမီဒီယာကောင်စီကို တိုင်မယ်လို့ KNU က ထုတ်ပြန်တာကို ပြင်းပြင်းထန်ထန်ရှုတ်ချတယ်လို့ လူ့အခွင့်အရေးရှေ့နေ ဦးကြီးမြင့်က ပြောပါတယ်။

“သတင်းမီဒီယာလွတ်လပ်ခွင့်ကိုတော့ တော်လှန်ရေးကာလပဲဖြစ်ဖြစ်၊ ဘယ်လိုအခြေအနေမှာဖြစ်ဖြစ် ပေးသင့်တယ်လေ။ စစ်အာဏာရှင်ကိုတိုက်နေတာလည်း ဒီမိုကရေစီကိုလိုချင်လို့တိုက်နေတာ။ ကိုယ့်လူတွေကိုတော့ ခြေချုပ်ပြန်ချုပ်တဲ့သဘောမျိုးမဖြစ်ဖို့ကိုတော့ တော်လှန်ရေးအဖွဲ့အစည်းတွေက သတိထားဖို့လိုတာပေါ့။ ဒီဘက်ကလူတွေကလည်း ဘယ်လောက်လောက်တောင်အခွင့်အရေးတွေကို မတရားသုံးနေလို့လဲ။ ဆွေးနွေးပေါ့။ ဒါ၊ ဒါမျိုး နောက်မလုပ်ပါနဲ့။ ဒါမျိုးလည်းပြောလို့ရတာပဲ။ သတင်းမီဒီယာကောင်စီကို တိုင်မယ်ဆိုတာကတော့ သူခိုးနဲ့ဓားမြကို သွားအသိမှတ်ပြုသလိုဖြစ်နေတယ်။ အဲ့ဒီစကားလုံးကိုတော့ ပြင်းထန်စွာရှုတ်ချတယ်။”

သတင်းမီဒီယာလွတ်လပ်ခွင့်ကို ချိုးဖောက်ရာရောက်နေတဲ့ ဆိုတဲ့ထောက်ပြချက်တွေနဲ့ ပတ်သက်လို့ KNU ရဲ့ တုံ့ပြန်ချက်ကိုရဖို့ RFA က ပြန်ကြားရေးဆိုင်ရာ တာဝန်ရှိသူတွေဖြစ်တဲ့ စောမိုးစက်အေး၊ စောသော်မိုးအယ်တို့ကို ဖုန်းနဲ့ အကြိမ်ကြိမ်ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေကြားတာမရှိပါဘူး။ KNU ရဲ့ ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးကို စာပို့မေးမြန်းခဲ့ပေမယ့် အကြောင်းမပြန်ပါဘူး။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၂၇ ရက်နေ့က ရန်ကုန်၊ မြေနီကုန်းတွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြနေသူများအား ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံးဖြင့် ပစ်ဖောက်လူစုခွဲစဉ်။ (Photo: RFA)
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၂၇ ရက်နေ့က ရန်ကုန်၊ မြေနီကုန်းတွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြနေသူများအား ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံးဖြင့် ပစ်ဖောက်လူစုခွဲစဉ်။ (Photo: RFA)

ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ IEC ရဲ့ စီမံအုပ်ချုပ်ရေးကော်မတီက ညွှန်ကြားရေးမှူး ဦးနေမျိုးဇင်က ဒီကြေညာချက်ကို ထုတ်ပြန်ရာမှာ သူမပါဝင်ခဲ့ပေမဲ့ တော်လှန်ရေးကာလဖြစ်လို့ သတင်းထိန်းချုပ်မှုဆန်တဲ့ ထုတ်ပြန်ချက်ကို IEC က ထုတ်ပြန်ခဲ့တာလို့ ယူဆကြောင်းပြောပါတယ်။

“သတင်းထိန်းချုပ်မှုကို စစ်ကောင်စီဘက်ယိမ်းတဲ့ သတင်းမဖြစ်ဖို့၊ IEC ရဲ့ စီမံဆောင်ရွက်မှုအဝဝကို ထိခိုက်စေနိုင်တဲ့ သတင်းတင်ပြချက်တွေမဖြစ်ဖို့ဆိုတဲ့ တော်လှန်ရေးကာလမှ ဒီလိုကန့်သတ်ချက်တစ်စုံတစ်ရာကို ချမှတ်တယ်လို့ ကျွန်တော်ထင်ပါတယ်။ ပြည့်ဝသော လွတ်လပ်ပိုင်ခွင့်ပေးနိုင်လောက်တဲ့အထိ တစ်နိုင်ငံလုံးနဲ့ဆိုင်တဲ့ ကျယ်ပြန့်တဲ့လွတ်လပ်ရေး မတည်ဆောက်နိုင်သေးဘူးလေ။ ဒီအချိန်မှာ မီဒီယာလွတ်လပ်ခွင့်ကိုလည်း အပြည့်အဝပေးလိုက်ဖို့ဆိုရင်လည်း အခုအချိန်မှာ သဘောထားမပြည့်ဝ၊ ပညာရေးမပြည့်ဝသေးတဲ့သူတွေ မှားယွင်းပြီး စိတ်ဓာတ်လျော့ကျသွားမှာ တော်လှန်ရေးကိုပဲ ကန့်သွားမှာဖြစ်ခဲ့ရင် တော်လှန်ရေး ပိုကြန့်ကြာသွားမှာစိုးလို့ ဒီလိုထုတ်ပြန်လိုက်တာလို့ ထင်ပါတယ်။”

IEC က သူတို့ထုတ်ပြန်ထားတဲ့ ကန့်သတ်ချက်တွေကို မလိုက်နာဘူးဆိုရင် သတင်းရယူခွင့်ကို ပိတ်ပင်သွားမယ်လို့ အသိပေးထားပါတယ်။

မြန်မာနိုင်ငံမှာ စစ်အစိုးရအဆက်ဆက်က စာပေစိစစ်ရေးတွေထားပြီး သတင်းမီဒီယာတွေကို ဖိနှိပ်ချုပ်ချယ်တာ၊ ဖမ်းဆီးထောင်ချတာတွေ ရှိခဲ့ပေမဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေဘက်က သတင်းမီဒီယာတွေနဲ့ ပတ်သက်ပြီး ကန့်သတ်ချက်တွေ အခုလို ထုတ်ပြန်လာတာဟာ ပထမဆုံးဖြစ်တယ်လို့ သတင်းသမားတွေက ဝေဖန်ထောက်ပြနေကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။