သံလွင်တိုင်းမ်သတင်းဌာန အယ်ဒီတာချုပ်နေအိမ် ချိပ်ပိတ်ခံရ
2024.10.26

မွန်ပြည်နယ် မော်လမြိုင်မြို့မှာရှိတဲ့ သံလွင်တိုင်းမ်သတင်းဌာန အယ်ဒီတာချုပ် ဦးကိုကိုဇော်ရဲ့ နေအိမ်ကို စစ်ကောင်စီက အောက်တိုဘာ ၂၅ ရက်နေ့မှာ လာရောက်ချိပ်ပိတ်သွားတယ်လို့ မိသားစုဝင်တွေက အောက်တိုဘာလ ၂၆ ရက်နေ့မှာ RFA ကို ပြောပါတယ်။
အကြမ်းဖက်အဖွဲ့တွေနဲ့ ဆက်စပ်နေတယ်ဆိုတဲ့အကြောင်းပြချက်နဲ့ အိမ်ကိုချိပ်ပိတ်သွားတာလို့ သံလွင်တိုင်းမ်သတင်းဌာန အယ်ဒီတာချုပ် ဦးကိုကိုဇော်က RFA ကို ပြောပါတယ်။
"အိမ်ကိုချိပ်ပိတ်လိုက်တဲ့ခေါင်းစဉ်က အကြမ်းဖက်တွေနဲ့ ပတ်သက်နေတယ်လို့ သူတို့က ဆိုင်းပုဒ် ဗွီနိုင်းလာချိတ်သွားတယ်၊ ပြောချင်တာက ငါတို့က လွတ်လပ်တဲ့ သတင်းမီဒီယာလုပ်ငန်းတွေ လုပ်နေတဲ့သူတွေအတွက် အကြမ်းဖက်မှုပုဒ်မနဲ့ အိမ်ကိုချိပ်ပိတ်တာကတော့ ခုတ်ရာ တခြား၊ ရှရာတခြား ဖြစ်နေတယ်လို့ ပြောချင်တယ်၊ ဒါပေမဲ့လည်း သူတို့ကတော့ မရရတာကို လုပ်မှာပေါ့နော်၊ လူကိုဖမ်းမမိလို့ အိမ်ကိုချိပ်ပိတ်တယ်ပေါ့နော်၊ ဒါပေမဲ့ လက်ရှိလုပ်ကိုင်နေတဲ့လုပ်ငန်းက မီဒီယာလုပ်ငန်းဖြစ်တယ်၊ အဲဒီလုပ်ငန်းနဲ့ပဲ တတ်နိုင်တဲ့ဘက်က ပါဝင်ဆောင်ရွက်နေတယ်၊ အိမ်သိမ်းတာလောက်နဲ့ တော်လှန်ရေးက ရပ်တန့်သွားမှာ မဟုတ်ဘူး၊ မီဒီယာလုပ်ငန်းကို အခွင့်အရေးပေးသမျှ နိုင်တဲ့ဘက်က ဆက်လုပ်သွားမယ်လို့ ပြောချင်တယ်"
၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက် ဖေဖော်ဝါရီ ၂၈ ရက်နေ့မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဦးကိုကိုဇော်ရဲ့နေအိမ်ကို ဝင်ရောက်ရှာဖွေဖမ်းဆီးခဲ့တာကြောင့် အဲဒီအချိန်ကတည်းကစပြီး ရှောင်တိမ်းခဲ့ရတယ်လို့ သူက ပြောပါတယ်။
အဲဒီနောက် မော်လမြိုင်မြို့မှာရှိတဲ့ သံလွင်တိုင်းမ် သတင်းဌာနရုံးကို စစ်ကောင်စီက ၂၀၂၁ ခုနှစ် ဇွန် ၂၅ ရက်နေ့မှာ ဝင်ရောက်စီးနင်းခဲ့တာကြောင့် သတင်းဌာနအဖွဲ့ဝင်အားလုံး နယ်စပ်ကိုတိမ်းရှောင်ခဲ့ရတယ်လို့လည်း ဆိုပါတယ်။
မွန်ပြည်နယ်စစ်ကောင်စီနဲ့ ပြည်နယ် ပြန်ကြားရေးနဲ့ပြည်သူ့ဆက်ဆံရေးဦးစီးဌာန တို့ကလည်း ပုဒ်မ နှစ်ခုနဲ့ ဦးကိုကိုဇော်ကို အမှုဖွင့်ဖို့ ပြင်ဆင်ခဲ့ပြီး ဘာပုဒ်မတွေလဲ ဆိုတာတော့ မသိခဲ့ဘူးလို့လည်း ပြောပါတယ်။
ဦးကိုကိုဇော်ရဲ့ ဖခင်ဖြစ်သူဟာ နိုင်ငံရေးသမားတစ်ဦးဖြစ်တာကြောင့် ၁၉၉၇ ခုနှစ်ကလည်း မိသားစုလုပ်ငန်းဖြစ်တဲ့ မြို့လယ်ပုံနှိပ်တိုက် ချိပ်ပိတ်ခံရကာ ပိုင်ဆိုင်မှုတွေ အသိမ်းခံခဲ့ရပါတယ်။ အဲဒီအချိန်က ဖခင်ဖြစ်သူလည်း ထောင်ဒဏ် ခြောက်နှစ်ချမှတ်ခံခဲ့ရသလို သူ့ကိုလည်း ထောင် ခုနစ် ချမှတ်ခဲ့တယ်လို့ ဦးကိုကိုဇော်က ပြောပါတယ်။
မွန်ပြည်နယ်အခြေစိုက် သံလွင်တိုင်းမ်သတင်းဌာနဟာ ၂၀၂၁ ခုနှစ် မေလမှာ စတင်တည်ထောင်ခဲ့တဲ့ တိုင်းရင်းသားသတင်းဌာနတစ်ခု ဖြစ်ပါတယ်။ အခုလက်ရှိမှာတော့ ထိုင်း-မြန်မာနယ်စပ်မှာ အခြေစိုက်ပြီး စစ်ကောင်စီရဲ့ အကြမ်းဖက်မှုတွေ၊ လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ မွန်ပြည်နယ်၊ ကရင်ပြည်နယ်နဲ့ တနင်္သာရီတိုင်းတွေက သတင်းတွေကို ရေးသားဖော်ပြနေပါတယ်။
ဦးကိုကိုဇော်ရဲ့ နေအိမ်ကို ချိပ်ပိတ်လိုက်တာနဲ့ ပတ်သက်ပြီး မွန်ပြည်နယ်အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ လူမှုရေးဝန်ကြီး ဦးစောကြည်နိုင်ကို RFA က ဖုန်းနဲ့ ဆက်သွယ်မေးမြန်းပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ပြီးခဲ့တဲ့ မေလ ၁ ရက်နေ့ထုတ် ကြေညာချက်အရ အာဏာသိမ်းကာလ သုံးနှစ်ကျော်တွင်း ဒီမိုကရေစီရေးလှုပ်ရှားသူနဲ့ ပြည်သူ ၉၃၄ ဦး ပိုင်ဆိုင်တဲ့ နိုင်ငံတစ်ဝန်းက နေအိမ်၊ ကျောင်း၊ ဘာသာရေးဆိုင်ရာအဆောက်အုံနဲ့ စီးပွားရေးလုပ်ငန်း စုစုပေါင်း (၁,၁၅၉) ခုကို စစ်ကောင်စီက ချိပ်ပိတ်သိမ်းဆည်းထားပါတယ်။
စစ်ကောင်စီကိုဆန့်ကျင်ဆန္ဒပြကြတဲ့ သပိတ်အဖွဲ့ဝင်၊ တက်ကြွလှုပ်ရှားသူ၊ အစိုးရအဖွဲ့ဝင်တွေနဲ့ နိုင်ငံရေးပါတီဝင်တွေ၊ ပညာရေးဝန်ထမ်းတွေ၊ သတင်းမီဒီယာကဏ္ဍမှာ ပါဝင်သူတွေနဲ့ စီးပွားရေးလုပ်ငန်းရှင်တွေရဲ့ ပိုင်ဆိုင်မှုတွေကို စစ်ကောင်စီက ချိပ်ပိတ်ခဲ့တာလို့ AAPP က ဆိုပါတယ်။