ဒုတိယဗိုလ်ချုပ်ကြီးဟောင်း ဦးမြင့်လှိုင် နေအိမ် ချိပ်ပိတ်ခံရ
2024.04.12
စစ်ကောင်စီတပ်က ဖမ်းဆီးစစ်ဆေးနေတဲ့ ဒုတိယဗိုလ်ချုပ်ကြီးဟောင်း ဦးမြင့်လှိုင်ရဲ့ နေပြည်တော်က နေအိမ်ကို ချိပ်ပိတ်ခံထားရတယ်လို့ သူ့ရဲ့မိတ်ဆွေတွေက ဧပြီလ ၁၂ ရက်နေ့မှာ RFA ကို ပြောပါတယ်။
နေပြည်တော် ဒက္ခိဏသီရိမြို့နယ်၊ ဒက္ခိဏသီရိရပ်ကွက်၊ ရွှေနှင်းဆီလမ်းက နေအိမ်ကို ချိပ်ပိတ်ခဲ့တာလို့ ဆိုပါတယ်။
နေအိမ်ပိုင်ဆိုင်မှုကို ချိပ်ပိတ်ပြီး လူကိုဖမ်းဆီးစစ်ဆေးနေတာဟာ အစိုးရဝန်ကြီးဖြစ်စဉ်အခါက လယ်ယာမြေတွေ သိမ်းယူတဲ့ကိစ္စနဲ့ ပတ်သက်နိုင်ကြောင်း ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီရဲ့ နေပြည်တော် ပြည်ထောင်စုနယ်မြေ ဥက္ကဋ္ဌ ဦးလှဆွေက ပြောပါတယ်။
“သူက ဒက္ခိဏသီရိမှာနေတာဗျ။ အဲဒီအိမ်တော့ လောလောဆယ် ချိပ်ပိတ်ထားတယ်။ သူ့အိမ်ထဲမှာရှိတဲ့ အလုပ်သမားတွေ၊ ခြံစောင့်တွေ တစ်ယောက်မှ မရှိတော့ဘူး။ အဲမှာ ရဲကပဲ စောင့်နေတယ်။ သူ မြေတွေ သိမ်းဆည်းထားတာတွေနဲ့ ပတ်သက်ပြီးတော့ စစ်မယ်လို့ သိရတယ်”
RFA က ဖတ်ရှုခွင့်ရတဲ့ ရဲကြေးနန်းစာမှာတော့ ဦးမြင့်လှိုင် အစိုးရဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့စဉ်က ရန်ကုန်တိုင်း ဒဂုံမြို့သစ်အရှေ့ပိုင်းက လယ်မြေ ၁၇၃၂ ဧကကို သူနဲ့ သူ့သမက်နာမည်တွေနဲ့ လျှောက်ထား ရယူခဲ့တဲ့အပေါ် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ-၅၅ အရ အရေးယူခဲ့တာလို့ ဖော်ပြထားပါတယ်။
အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မ-၅၅ ဟာ အမြင့်ဆုံးထောင်ဒဏ် ၁၅ နှစ်အထိ ချမှတ်နိုင်တဲ့ပုဒ်မ ဖြစ်ပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့်အပါအဝင် NLD အစိုးရအဖွဲ့ ဝန်ကြီးတွေကို စစ်ကောင်စီက အဲဒီပုဒ်မနဲ့ စွပ်စွဲထောင်ချမှုတွေလည်း ရှိခဲ့ပါတယ်။
လက်ရှိ ပြည်တွင်းကတိုက်ပွဲတွေမှာ အရေးနိမ့်နေတဲ့အပေါ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို ဝေဖန်ပြောဆိုတာ၊ တရုတ်-မြန်မာနယ်စပ်က အွန်လိုင်းငွေလိမ်ဂိုဏ်းတွေမှာ ပါဝင်ပတ်သက်တာတွေကြောင့် ဦးမြင့်လှိုင် ဖမ်းဆီးခံရတယ်ဆိုတဲ့အကြောင်း ပြည်တွင်းမီဒီယာတွေမှာ ရေးသားမှုတွေလည်း ရှိနေပါတယ်။
ဒီအခြေအနေတွေနဲ့ပတ်သက်လို့ RFA က သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီဘက်ကလည်း တစ်စုံတစ်ရာ ထုတ်ပြန်လာတာ မရှိသေးပါဘူး။
ဦးမြင့်လှိုင်ဟာ အရင်စစ်အစိုးရလက်ထက်မှာ ရှမ်းပြည်နယ် လားရှိုးမြို့အခြေစိုက် အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးပါတယ်။ ၂၀၁၀ ဩဂုတ်လမှာတော့ ဒုတိယဗိုလ်ချုပ်ကြီးအဆင့်နဲ့ အငြိမ်းစားယူခဲ့ပြီး ၂၀၁၀ ရွေးကောက်ပွဲမှာ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီကနေ ဝင်ရောက်ယှဉ်ပြိုင် အနိုင်ရခဲ့ပါတယ်။
သူဟာ ဦးသိန်းစိန်အစိုးရလက်ထက်မှာ လယ်ယာစိုက်ပျိုးရေးနဲ့ ဆည်မြောင်းဝန်ကြီးအဖြစ် တာဝန်ယူခဲ့ပြီး ၂၀၁၃ ခုနှစ် ဇန်နဝါရီလက ဧရာ၀တိုင်း ဓနုဖြူမြို့နယ်က လယ်သမားတွေကို အကြွေးကြေအောင် ထမင်းတစ်နပ် လျှော့စားဖို့ တိုက်တွန်းခဲ့တာကြောင့် ပြည်သူတွေအကြားဝေဖန်မှုတွေ မြင့်တက်ခဲ့ပါတယ်။
ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီမှာတော့ ဗဟိုအလုပ်မှုဆောင်နဲ့ တောင်သူလယ်သမားရေးရာကော်မတီ ဥက္ကဌအဖြစ် တာဝန်ယူခဲ့ပြီး ၂၀၂၃ ခုနှစ်ဖေဖော်ဝါရီလက ပါတီဝင် သုံးရာကို ဝါးချွန်လက်နက်တွေ ထုတ်ပေးခဲ့တဲ့ ဖြစ်စဉ်တွေလည်း ရှိခဲ့ပါတယ်။