ဘိုကလေးမြို့မှာ နေအိမ်သုံးလုံးကို စစ်ကောင်စီ ချိပ်ပိတ်
2023.06.12

ဧရာဝတီတိုင်း၊ ဘိုကလေးမြို့မှာ စစ်ကောင်စီကိုဆန့်ကျင်တဲ့ နိုင်ငံရေးလှုပ်ရှားမှုတွေ လုပ်တယ်ဆိုတဲ့စွပ်စွဲချက်နဲ့ ဖမ်းဆီးခံထားရသူရဲ့နေအိမ်အပါအဝင် နေအိမ်သုံးလုံးကို စစ်ကောင်စီတပ်က ဇွန်လ ၉ ရက်မှာ ချိပ်ပိတ်လိုက်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဘိုကလေးမြို့ အမှတ်(၃)၊ အမှတ် (၉) ရပ်ကွက်နဲ့ မြို့တစ်ဘက်ကမ်း သာပေါင်းရွာက နေအိမ်တွေဖြစ်ပါတယ်။
အမှတ် (၃) ရပ်ကွက်က နေအိမ်ဟာ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀ (ည)၊ ၅၂ နဲ့ တရားစွဲဆိုခံထားရတဲ့ ကိုကျော်နိုင်ရဲ့ နေအိမ်ဖြစ်တယ်လို့ လုံခြုံရေးအရ အမည်မဖော် လိုတဲ့ ဘိုကလေးမြို့ခံတစ်ဦးက RFA ကို ပြောပါတယ်။
“ကျော်နိုင်က ပထမတစ်ခါအဖမ်းခံရပြီး ရှာဖွေစစ်ဆေးရေးလုပ်ပြီး ပြန်လွှတ်လိုက်တယ်။ မကြာဘူး ပြန်အဖမ်းခံရပြီး အကြမ်းဖက်ပုဒ်မတွေနဲ့ တရားစွဲခံထားရတာ။ ကျန်တဲ့ ချိပ်ပိတ်ခံရတဲ့ နှစ်အိမ်ကတော့ ရှောင်နေကြတယ်။ နောက်နှစ်ဦးကတော့ ဘာ့ကြောင့်လဲဆိုတာတော့ မသိရသေးဘူး”
ဇွန်လ ၉ ရက်နေ့မှာ စစ်ကောင်စီတပ်သားတွေ၊ ရဲတပ်ဖွဲ့နဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေက အဲဒီနေအိမ်တွေကို ရောက်လာပြီး တားမြစ်အမိန့်လာကပ်သလို ချိပ်ပါပိတ်ခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီထောက်ခံတဲ့ တယ်လီဂရန်ချန်နယ်တွေမှာတော့ အဲဒီနေအိမ်ပိုင်ရှင်တွေဟာ NUG၊ NLD ပါတီနဲ့ ပတ်သက်ဆက်နွယ်နေပြီး အကြမ်းဖက်မှုတွေလုပ်ခဲ့လို့ ချိပ်ပိတ်ခဲ့ တာလို့ စွပ်စွဲရေးသားထားကြပါတယ်။
စစ်ကောင်စီဘက်ကတော့ ဒီကိစ္စနဲ့ပတ်သက်လို့ သတင်းထုတ်ပြန်တာ မရှိသလို စစ်ကောင်စီရဲ့ ဧရာဝတီတိုင်းပြောခွင့်ရ လူမှုရေးဝန်ကြီး ဦးမောင်မောင်သန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေကြားတာ မရှိပါဘူး။
စစ်ကောင်စီဟာ အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားနေသူတွေရဲ့ နေအိမ်နဲ့ ပိုင်ဆိုင်မှုတွေကို မကြာခဏ ချိပ်ပိတ်သိမ်းဆည်းလေ့ရှိပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ မှတ်တမ်းကောက်ယူရေးအဖွဲ့ရဲ့ ၂၀၂၃ ခုနှစ်၊ မေလအထိစာရင်းအရ စစ်အာဏာသိမ်းနှစ်နှစ်ကျော်အတွင်း နိုင်ငံတစ်ဝန်းက NLD ကိုယ်စားလှယ်၊ ပါတီဝင်တွေနဲ့ ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူ ၈၄၉ ဦးရဲ့ နေအိမ်တွေနဲ့ အဆောက်အအုံ စုစုပေါင်း ၉၇၁ လုံးကို စစ်ကောင်စီက ချိပ်ပိတ်သိမ်းဆည်း ခဲ့ပါတယ်။