ဆားလင်းကြီး NLD ပါတီအတွင်းရေးမှူး ဦးဝင်းခိုင် ထောင် ၁၁ နှစ်ချမှတ်ခံရ
2024.11.14

စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီအတွင်းရေးမှူး ဦးဝင်းခိုင်ကို စစ်ကောင်စီက နိုဝင်ဘာ ၁၃ ရက်နေ့မှာ အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေပုဒ်မတွေနဲ့ ထောင် ၁၁ နှစ် ချမှတ်လိုက်တယ်လို့ မိသားစုနဲ့ နီးစပ်သူတွေက ပြောပါတယ်။
ဦးဝင်းခိုင်ကို ပုဒ်မသုံးခုပေါင်းပြီး ထောင် ၁၁ နှစ်ချလိုက်တာဖြစ်ကြောင်း မိသားစုနဲ့နီးစပ်သူလည်းဖြစ် ဆားလင်းကြီးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဘဏ္ဍာရေးတာဝန်ခံ ကိုလက်ယာက RFA ကို ပြောပါတယ်။
"ကျွန်တော် ဒီနေ့ သူအမျိုးသမီးနဲ့ တွေ့တယ်။ ပုဒ်မသုံးခုပေါင်းပြီးတော့ ထောင် ၁၁ နှစ် ချလိုက်တယ်လို့ သိရပါတယ်။ အသေးစိတ်ကိုတော့ ကျွန်တော်တို့ မသိရသေးပါဘူး"
ဦးဝင်းခိုင်ကို ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလက ဖမ်းဆီးခဲ့တာဖြစ်ပြီး သုံးနှစ်နီးပါးအကြာမှာ အခုလို အမိန့်ချလိုက်တာပါ။
ဖမ်းဆီးပြီးနောက် မုံရွာအမှတ် ၁ စခန်းမှာ ထိန်းသိမ်းထားတဲ့ ဦးဝင်းခိုင်ကို အမိန့်ချပြီးချိန်မှာ မုံရွာအကျဉ်းထောင်ကို ရွှေ့လိုက်တယ်လို့လည်း ဆိုပါတယ်။
စစ်တပ်အာဏာသိမ်းပြီးကတည်းက ဦးဝင်းခိုင်ဟာ NLD ပါတီတာဝန်တွေကို လုပ်ဆောင်ရင်း ဆားလင်းကြီးမြို့နယ်က လူထုသပိတ်တွေမှာ ပါဝင်ကူညီဆောင်ရွက်နေသူလို့လည်း ဆိုပါတယ်။ ဦးဝင်းခိုင်ရဲ့ ဇနီးနဲ့ သားသမီးသုံးယောက်လည်း စစ်ကောင်စီက ဖမ်းဆီးမှာ စိုးရိမ်တာကြောင့် တိမ်းရှောင်နေရပြီး အခက်အခဲတွေ ရှိနေတယ်လို့လည်း ပြောပါတယ်။
ဦးဝင်းခိုင်ကို ထောင်ဒဏ်ချမှတ်တာနဲ့ ပတ်သက်ပြီး စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောခွင့်ရ ဦးညွန့်ဝင်းအောင်ကို RFA က ဖုန်းနဲ့ဆက်သွယ်မေးမြန်းပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။
အာဏာသိမ်းကာလအတွင်း NLD ပါတီဝင် ၁ဝ၇ ဦး သတ်ဖြတ်ခံခဲ့ရပြီး လက်ရှိမှာ လွှတ်တော်ကိုယ်စားလှယ် ၅၇ ဦးနဲ့ NLD ပါတီဝင် ၁၅၄၄ ဦး ဖမ်းဆီးထိန်းသိမ်းခံထားရဆဲဖြစ်တယ်လို့ စက်တင်ဘာလ ၂၇ ရက်နေ့က NLD ပါတီက ထုတ်ပြန်ပါတယ်။