ဆားလင်းကြီးမြို့မှာ တိုက်ပွဲကြောင့် ဒေသခံ ငါးထောင်ခန့် ထွက်ပြေး

RFA Burmese
2024.12.21
ဆားလင်းကြီးမြို့မှာ တိုက်ပွဲကြောင့် ဒေသခံ ငါးထောင်ခန့် ထွက်ပြေး စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ အိုမရွာရှိ နေအိမ်တချို့ မီးရှို့ဖျက်ဆီးခံထားရသည်ကို ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၁၄ ရက်နေ့က တွေ့ရစဉ်။
Citizen Photo

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့မှာ စစ်ကောင်စီတပ်နဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ တိုက်ပွဲကြောင့် မြို့ပေါ်က ဒေသခံ ငါးထောင်ခန့် နေရပ်စွန့်ခွာ ထွက်ပြေး တိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက RFA ကို ဒီဇင်ဘာလ ၂၁ ရက်နေ့က ပြောပါတယ်။

သူတို့ဟာ ဒီဇင်ဘာလ ၁၈ ရက်နေ့ကစလို့ မြို့ပေါ်ကနေ ဘေးလွတ်ရာ ထွက်ပြေးခဲ့ရတာဖြစ်ပြီး အခုချိန်အထိ နေရပ်မပြန်နိုင်သေးဘူးလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဆားလင်းကြီးဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

"မြို့ပေါ်ဒေသခံ အားလုံးနီးပါးပဲ၊ လွတ်ရာရှောင်ကြရတာ။ မြို့ပေါ်ကျန်တာဆိုလို့ သက်ကြီးရွယ်အိုတွေပဲ ကျန်ခဲ့တယ်။ နေရပ်ကိုတော့ ပြန်လို့မရသေးဘူး"

ဒီဇင်ဘာလ ၁၉ ရက်နေ့က ဆားလင်းကြီးမြို့ပေါ်က စစ်ကောင်စီတပ်စွဲထားတဲ့ ရဲစခန်း၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ မင်းကန်ကြီး၊ တာဝတိံသာ စတဲ့ နေရာတွေကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က လက်နက်ကြီး၊ လက်နက်ငယ်တွေ အပါအဝင် ဒရုန်းနဲ့ တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

တိုက်ခိုက်မှုမှာ စစ်ကောင်စီတပ်က သေဆုံးထိခိုက်မှုရှိတာကြောင့် မြို့ပေါ်ရပ်ကွက်ထဲက ဒေသခံတွေရဲ့ နေအိမ်တချို့ကို မီးရှို့ဖျက်ဆီးခဲ့ပြီး အိမ်ငါးလုံးထက်မနည်း မီးလောင်သွားတယ်လို့ ဆိုပါတယ်။

ဒီအခြေအနေနဲ့ ပတ်သက်လို့ တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောခွင့်ရသူကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။

ဒီဇင်ဘာလ ၁၉ ရက်ကလည်း ဆားလင်းကြီးမြို့နယ် တရုတ် ဝမ်ပေါင် ကြေးနီစီမံကိန်းကနေ ကြေးနီနဲ့ ကြေးနီထုတ်ရာမှာ အသုံးပြုတဲ့ ကုန်ကြမ်းတွေ သယ်လာတဲ့ ယာဉ်တန်းကို ကာကွယ်ရေးပူးပေါင်းတပ်က မိုင်းဆွဲတိုက်ခိုက်ခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။