လေးနှစ်အတွင်း နေအိမ်ပေါင်း ရှစ်ရာကျော် ချိပ်ပိတ်သိမ်းဆည်းခံရကြောင်း NLD ထုတ်ပြန်
2025.02.01

စစ်တပ်အာဏာသိမ်းထားတဲ့ လေးနှစ်အတွင်း နိုင်ငံတစ်ဝန်းက ပြည်သူတွေပိုင်ဆိုင်တဲ့ နေအိမ် ၈၃၉ လုံးခန့် ဥပဒေမဲ့ ချိပ်ပိတ်သိမ်းဆည်းခံခဲ့ရပြီး လူ ၁၈,၄၃၄ ဦး လည်း ဖမ်းဆီးခံထားရတယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဗဟိုကော်မတီက ဖေဖော်ဝါရီ ၁ရက် ဒီကနေ့မှာ ထုတ်ပြန်ပါတယ်။
ဥပဒေမဲ့ချိပ်ပိတ်သိမ်းဆည်းခံရတဲ့အထဲမှာ NLD အဖွဲ့ဝင် ၄၅၅ ဦးရဲ့ နေအိမ်တွေလည်း ပါဝင်ပြီး ပါတီဝင် ၂၄၉၆ ဦးလည်း ဖမ်းဆီးခံထားရတယ်လို့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။
ဒါ့အပြင် စစ်ကောင်စီတပ်က ပြည်သူတွေရဲ့နေအိမ်တွေကို ၁၈၅၉ ကြိမ် မီးရှို့ဖျက်ဆီးခဲ့ပြီး နေအိမ်ပေါင်း ၇၄,၈၅၁ လုံး မီးလောင်ပျက်စီးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။
နိုင်ငံတစ်ဝန်းက နယ်မြေတွေ လက်လွှတ်ဆုံးရှုံးနေတဲ့ စစ်ကောင်စီတပ်ဟာ လေးနှစ်အတွင်း လေကြောင်း တိုက်ခိုက်မှု ၄၆၉ ကြိမ် ပြုလုပ်ခဲ့ပြီး နေအိမ်၊ ဘာသာရေးအဆောက်အအုံ၊ စာသင်ကျောင်း၊ ဆေးရုံဆေးပေးခန်း စတဲ့ အဆောက်အအုံ ၁၄,၉၇၀ လုံး ပျက်စီးခဲ့ရတယ်လို့ ပြောပါတယ်။
ဒါ့အပြင် လေကြောင်း၊ လက်နက်ကြီး၊ စစ်ကောင်စီတပ် စစ်ကြောင်းနဲ့ အကျဉ်းထောင်အတွင်း ညှဉ်းပန်းနှိပ်စက်ခံရတာတွေကြောင့် ဒီလေးနှစ်ကျော်အတွင်းမှာ လူပေါင်း ၅၁၄၀ ဦး သေဆုံးခဲ့ရပါတယ်။
ဒီအချက်အလက်တွေဟာ ပြည်သူတွေတရားမျှတမှု ရရှိဖို့အတွက် ရည်ရွယ်ပြီး ဖွဲ့စည်းထားတဲ့ NLD ရဲ့ လူ့အခွင့်အရေးမှတ်တမ်းကောက်ယူရေးအဖွဲ့ (HRDT-NLD) ကနေ စစ်တပ်အာဏာစသိမ်းတဲ့ ၂၀၂၁ ခုနှစ်ကနေ ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်နေ့အထိ ပြုစုထားတဲ့စာရင်းတွေဖြစ်ပြီး မြေပြင်မှာ ဒီထက်ပိုများနိုင်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ပြည်သူတွေကို နေ့စဉ်ဖမ်းဆီး သတ်ဖြတ်တာတွေ ကျူးလွန်နေတဲ့ စစ်ကောင်စီရဲ့ လုပ်ရပ်တွေဟာ နိုင်ငံတကာ လူ့အခွင့်အရေးဥပဒေနဲ့ နိုင်ငံတကာလူသားချင်းစာနာထောက်ထားမှု ဥပဒေတွေကို ချိုးဖောက်နေသလို ကုလသမဂ္ဂရဲ့ ပဋိညာဉ်စာတမ်းကိုပါ ချိုးဖောက်နေတယ်လို့ NLD က ပြောပါတယ်။
ဒါ့အပြင် စစ်တပ်အာဏာသိမ်းတာ လေးနှစ်ပြည့်တဲ့ ဒီကနေ့မှာပဲ ဩစတြေးလျ၊ ကနေဒါ၊ ဥရောပသမဂ္ဂ၊ ကိုရီးယား၊ နယူးဇီလန်၊ နော်ဝေ၊ ဆွစ်ဇာလန်၊ ယူကေနဲ့ အမေရိကန် စတဲ့ ပူးပေါင်းထုတ်ပြန်ကြေညာချက်ထဲ မှာလည်း အကြမ်းဖက်မှုတွေ ချက်ချင်းလျှော့ချပြီး လူသားချင်းစာနာမှုတွေကို တကယ်လိုအပ်နေတဲ့ နိုင်ငံအနှံ့က ပြည်သူတွေဆီကို အတားအဆီးမရှိ ဘေးကင်းကင်းနဲ့ ပေးအပ်နိုင်ဖို့ တောင်းဆိုထားပါတယ်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ထုတ်ပြန်ချက်အရ ၂၀၂၄ ခုနှစ်အတွင်း စစ်တပ်ရဲ့ သတ်ဖြတ်မှုကြောင့် လူ ၁၈၂၄ ဦး သေဆုံးခဲ့ပြီး၊ ၂၀၂၃ ခုနှစ်က ၁၆၃၉ ဦး သေဆုံးခဲ့တာကြောင့် အရင်ကထက် သေဆုံးသူ သိသိသာသာ တိုးမြင့်လာခဲ့တယ်လို့ ဆိုထားပါတယ်။