စစ်ကြောရေးမှာ သေဆုံးခဲ့တဲ့ ဓာတ်ပုံသတင်းထောက် ကိုစိုးနိုင်နေအိမ် ချိပ်ပိတ်ခံရ

ရန်ကုန်မြို့မှာ အသံတိတ်သပိတ်မြင်ကွင်း သတင်းဓာတ်ပုံရိုက်ကူးရင်း စစ်ကောင်စီက ဖမ်းဆီးနှိပ်စက်မှုကြောင့် သေဆုံးခဲ့တဲ့ ဓာတ်ပုံသတင်းထောက် ကိုစိုးနိုင်ရဲ့ နေအိမ်ကို မတ်လ ၃ ရက် ဒီနေ့ မနက်ပိုင်းမှာ ချိပ်ပိတ်ခံလိုက်ရ ပါတယ်။
အဲဒီနေအိမ်ဟာ ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ် ရှင်စောပုရပ်ကွက်၊ သုခမိန်လမ်းထဲမှာ ရှိတာဖြစ်ပြီး အင်အားအလုံးအရင်းနဲ့ ဝင်ရောက်ချိပ်ပိတ်လိုက်တာဖြစ်လို့ ပစ္စည်းတချို့ကိုတောင် ရွှေ့ပြောင်းချိန် မရလိုက်ဘူးလို့ အမည်မဖော်လိုတဲ့ ကိုစိုးနိုင်ရဲ့ မိတ်ဆွေတစ်ဦးက ပြောပါတယ်။
"လူကို သတ်ပြီးတာတောင် ကျန်တဲ့မိသားစုတွေကို နေစရာအိမ်မဲ့အောင် အိမ်ကို ချိပ်ပိတ်တယ်ဆိုတော့ စစ်ကောင်စီရဲ့ လုပ်ရပ်က ရွံစရာကောင်းနေပြီ။ သူ့အမျိုးသမီးကတော့ တော်တော်လေးစိတ်ထိခိုက်နေတယ်။ အမျိုးသားကလည်း မတရားအသတ်ခံရ၊ နေစရာအိမ်လည်း ချိပ်ပိတ်ခံလိုက်ရတော့ စိတ်ဓာတ်တော်တော်ကျသွားပုံရတယ် "
ကိုစိုးနိုင်ဟာ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလ ၁၀ ရက်နေ့က လသာမြို့နယ်မှာ အသံတိတ်သပိတ်မြင်ကွင်းကို ဓာတ်ပုံသတင်းရယူနေစဉ် ဖမ်းဆီးခံခဲ့ရတာပါ။ အဲဒီနောက် စစ်ကောင်စီတပ်ရဲ့ စစ်ကြောရေးစခန်းကို ပို့ဆောင်ခံရပြီးနောက် လေးရက်အကြာမှာ သေဆုံးခဲ့တာပါ။
သူဟာ မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက် ဖမ်းဆီးနှိပ်စက်ခံရမှုကြောင့်သေဆုံးခဲ့ရတဲ့ ပထမဆုံး ဓာတ်ပုံသတင်းထောက်ဖြစ်ပါတယ်။
ကိုစိုးနိုင်မှာ ၃ နှစ်အရွယ် ကလေးငယ်တစ်ဦး ကျန်ရစ်ခဲ့ပြီး သေဆုံးစဉ်မှာ မိသားစုဝင်တွေက လူသိရှင်ကြား သင်္ဂြိုဟ်ခွင့်မရခဲ့ပါဘူး။