မင်းတပ်နဲ့ ဖလမ်းမြို့ ကိုးဆယ်ရာခိုင်နှုန်းကို ချင်းညီနောင်အဖွဲ့ ထိန်းချုပ်

RFA Burmese
2024.12.19
မင်းတပ်နဲ့ ဖလမ်းမြို့ ကိုးဆယ်ရာခိုင်နှုန်းကို ချင်းညီနောင်အဖွဲ့ ထိန်းချုပ် မင်းတပ်မြို့သိမ်း တိုက်ပွဲအတွင်း စစ်ကောင်စီထံမှ သိမ်းဆည်းသည့် လက်နက်ခဲယမ်းများအား ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၂၀ ရက်နေ့က တွေ့ရစဉ်။
Yaw Mang Photo

Updated 5:50 PM, Dec 20,2024

မင်းတပ်နဲ့ မြောက်ပိုင်းက ဖလမ်းမြို့မှာရှိတဲ့ စစ်ကောင်စီ တပ်စခန်းအများစုကို ချင်းညီနောင်ပူးပေါင်းတပ်တွေက သိမ်းယူလိုက်ပြီး မြို့ရဲ့ ကိုးဆယ်ရာခိုင်နှုန်းကို ထိန်းချုပ်ထားတယ်လို့ ချင်းညီနောင်အဖွဲ့က ပြောပါတယ်။

နိုဝင်ဘာ ၉ ရက်နေ့ကစလို့ ချင်းညီနောင် စစ်ဆင်ရေး (Operation CB) အမည်နဲ့ မင်းတပ်နဲ့ ဖလမ်းမြို့တွေကို တိုက်ခိုက်ခဲ့တာဖြစ်ပြီး လက်ရှိ လက်ကျန်တပ်စခန်းတွေကို ဆက်တိုက်ခိုက်နေတယ်လို့ ဆိုပါဆယ်။

ဒီဇင်ဘာ ၁၅ ရက်နေ့အထိ စစ်ကောင်စီ တပ်သားနဲ့ ရဲ ၁၇၀ ခန့် လက်နက်ချခဲ့တယ်လို့ ချင်းညီနောင်အဖွဲ့က ဒီနေ့ထုတ်ပြန်ထားပါတယ်။

“အဲဒီမြို့နှစ်မြို့ဟာ ချင်းပြည်နယ်တောင်ပိုင်းနဲ့ မြောက်ပိုင်းအတွက် စစ်ရေးအရ အရေးပါတဲ့မြို့တွေ ဖြစ်ပါတယ်”

မင်းတပ်မြို့ပေါ်က စံမင်းသီရိ စေတီကုန်း၊ စံပြရပ်ကွက် ဝန်ထမ်းအိမ်ရာလိုင်းခန်း၊ ခရိုင် ဆောက်လုပ်ရေးဝင်း၊ တာဝါတိုင်ကုန်း၊ မင်းတပ် ဟိုတယ်၊ မြလေးပွင့် စေတီကုန်း၊ လေးမိုင်ကုန်းနဲ့ ခရိုင်ရဲတပ်ဖွဲ့ရုံးတို့ကို သိမ်းပိုက်ထားပြီး ဖလမ်းမြို့ပေါ်မှာလည်း အထွေထွေ အုပ်ချုပ်ရေးရုံး၊ ခရိုင်နဲ့ မြို့နယ်အဆင့် ရဲတပ်ဖွဲ့ရုံး၊ ဆောက်လုပ်ရေးရုံးနဲ့ ဆေးရုံကုန်းနေရာတွေကို သိမ်းပိုက်ထားတယ်လို့ ဖော်ပြထားပါတယ်။

လက်ရှိ မင်းတပ်မြို့မှာ စစ်ကောင်စီ ခြေလျင်တပ်ရင်း ခလရ (၂၇၄) နဲ့ ဖလမ်းမြို့မှာ ခလရ (၂၆၈) တပ်ရင်း တစ်ခုစီသာ ကျန်တော့တယ်လို့ ဆိုပါတယ်။

အဲဒီမြို့နှစ်မြို့ဟာ ချင်းပြည်နယ်တောင်ပိုင်းနဲ့ မြောက်ပိုင်းအတွက် စစ်ရေးအရ အရေးပါတဲ့မြို့တွေ ဖြစ်တယ်လို့ မင်းတပ်မြို့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ပြောခွင့်ရသူ ကိုယောမာန်က RFA ကိုပြောပါတယ်။

“မင်းတပ်ကတော့ ချင်းပြည်နယ်တောင်ပိုင်းမှာ အင်အားအကြီးဆုံးပဲ။ မင်းတပ်ကပဲ ကန်ပက်လက်ရော မင်းတပ်ရော ပြီးတော့ ဒီမှာရှိတဲ့ ယောတစ်ကြောပေါ့ အကုန်လုံးပေါ့လေ။ ထီးလင်း၊ ဆော၊ ကျောက်ထု၊ လောင်းရှည် စသဖြင့် အကုန်လုံးကို မင်းတပ်ကပဲ ထိန်းထားတာဖြစ်တယ်။ ဆိုတော့ မင်းတပ် သိမ်းပြီးပြီဆိုတာနဲ့ ဒီပတ်ဝန်းကျင်က ဒေသတွေအကုန်လုံးကတော့ အင်အားအတော်လျော့သွားတယ်လို့ ပြောလို့ရပါတယ်”

စစ်ကောင်စီတပ်ဘက်လည်း မင်းတပ်နဲ့ ဖလမ်းကို လက်မလွှတ်ရဖို့ လေကြောင်းနဲ့ အပြင်းအထန် တိုက်ခိုက်နေပြီး နိုဝင်ဘာ ၉ ရက်နေ့ကနေ ဒီဇင်ဘာ ၁၉ ရက်နေ့အထိ လေကြောင်းတိုက်ခိုက်မှု အကြိမ်ရေ နှစ်ရာအထက် ရှိခဲ့တယ်လို့ ကိုယောမာန်က ပြောပါတယ်။

“အစားအသောက် ပြတ်လပ်မှုနဲ့ ကုန်ဈေးနှုန်း အဆမတန်မြင့်တက်နေပါတယ်”

ဒီဇင်ဘာ ၁၂ ရက်နေ့မှာလည်း စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် မင်းတပ်မြို့ပေါ်က နေအိမ် လေးဆယ်ကျော် မီးလောင်ပျက်စီးခဲ့ပြီး ဒေသခံလေးဦး ဒဏ်ရာရခဲ့ပါတယ်။


ဆက်နွှယ်သောသတင်းများ

မင်းတပ်မြို့ကို လက်မလွှတ်ရရေး စစ်ကောင်စီတပ် လေကြောင်းနဲ့ အပြင်းအထန် တိုက်ခိုက်နေ

လေကြောင်းရန်ကြောင့် လူစုလူဝေး မလုပ်ဖို့ မင်းတပ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ပြော

စစ်ကောင်စီရဲ့ ကန့်သတ်မှုကြောင့် ချင်းပြည်နယ်တောင်ပိုင်းမှာ ကုန်စည်ပြတ်လပ်လာ


ဒါ့အပြင် မင်းတပ်နဲ့ ဖလမ်းမြို့ကို မကွေး၊ စစ်ကိုင်းကနေတစ်ဆင့် ကုန်ပစ္စည်းနဲ့ အစားအသောက် သယ်ယူခွင့်ကို ပိတ်ပင်ထားတာကြောင့် အစားအသောက် ပြတ်လပ်မှုနဲ့ ကုန်ဈေးနှုန်း အဆမတန်မြင့်တက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒေသခံတွေဟာ တိုက်ပွဲနဲ့လွတ်ရာမှာ တိမ်းရှောင်နေကြပြီး စားသောက်ကုန်ရဖို့ ခက်ခဲနေကြတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မင်းတပ်မြို့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“တော်လှန်ရေး ဖြစ်ကတည်းက မင်းတပ်မြို့က ဖြတ်လေးဖြတ် အရင်စတာကို။ အစားအသောက် ခက်ခဲတာကတော့ နည်းနည်းပါးပါး လမ်းကြောင်း ရှာယူပြီးတော့ သယ်ယူတာတွေတော့ ရှိတယ်။ ဒါပေမဲ့ အဆမတန် ဈေးပိုပေးရတာပေါ့”

စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် မင်းတပ်မြို့မှ နေအိမ်များ မီးလောင်နေသည်အား ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၂၃ ရက်နေ့က တွေ့ရစဉ်။ (Citizen Photo)
စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် မင်းတပ်မြို့မှ နေအိမ်များ မီးလောင်နေသည်အား ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၂၃ ရက်နေ့က တွေ့ရစဉ်။ (Citizen Photo)

ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) စီမံအရာရှိ ဆလိုင်းမာန်ဟရဲလျန်ကတော့ စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကို သတိထားနေရတယ်လို့ ပြောပါတယ်။

“တိုင်းရင်းသား လက်နက်ကိုင်တွေက ဒီလိုအောင်ပွဲတွေ ခံလာပြီဆိုရင်တော့ ဒေသန္တရ အုပ်ချုပ်ရေးတွေ စတင်လာတယ်။ အဲဒီ ဒေသန္တရအုပ်ချုပ်ရေး စတင်မှုကို စစ်ကောင်စီကနေ လုံးဝမကြိုက်ဘူး၊ လုံးဝမလိုလားဘူး။ မလိုလားတဲ့အခါ ဘာတွေလုပ်ဆောင်လဲဆိုရင် ဆေးရုံအဆောက်အအုံတွေ ဘာသာရေးအဆောက်အအုံတွေ ပြီးရင်တော့ စာသင်ကျောင်း အဆောက်အအုံတွေကို ပစ်မှတ်ထားပြီးတော့ လေကြောင်းတိုက်ခိုက်မှုတွေ လက်နက်ကြီးပစ်ခတ်မှုတွေ လုပ်တယ်ပေါ့နော်။ ကျွန်တော်တို့ သတိထားရမဲ့ အနေအထားရှိတယ်”

မင်းတပ်နဲ့ ဖလမ်းမြို့ပေါ်က လေကြောင်းတိုက်ခိုက်မှုနဲ့ တိုက်ပွဲအခြေအနေနဲ့ပတ်သက်ပြီး တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီရဲ့ ချင်းပြည်နယ်ပြောခွင့်ရှိသူ ပြည်နယ်အတွင်းရေးမှူး ဦးအောင်ချိုကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။

ချင်းပြည်နယ်မှာ မတူပီ၊ တွန်းဇံ၊ ကျီခါးမြို့၊ ရိဒ်ခေါ်ဒါရ်၊ လိုင်လင်းပီ၊ ကျင်ဒွေး၊ မကွီးအိမ်နူး၊ နှာရိန်၊ ရေဇွာ၊ ဝေဘူလ၊ ဆူခွာ စတဲ့မြို့ ၁၁ မြို့ကို ချင်းတော်လှန်ရေးတပ်ဖွဲ့တွေက ထိန်းချုပ်ထားပါတယ်။

(မှတ်ချက် - ဤသတင်းတွင် မင်းတပ်မြို့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ပြောခွင့်ရသူ ကိုယောမာန်၊ မင်းတပ်ဒေသခံနှင့် ချင်းလူ့အခွင့်ရေးအဖွဲ့ (CHRO) စီမံအရာရှိ ဆလိုင်းမာန်ဟရဲလျန်တို့၏ ပြောဆိုချက်များကို ဖြည့်စွက်တင်ပြထားပါသည်။)

ဖတ်ရှုသူအများဆုံး သတင်းများ။
သတင်းဆောင်းပါးများ
ငလျင်ဒဏ်သင့် ပြည်သူအချို့ နိုင်ငံတကာအထောက်အပံ့နဲ့ အလှမ်းဝေးနေ
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။