လေကြောင်းရန်ကြောင့် လူစုလူဝေး မလုပ်ဖို့ မင်းတပ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ပြော
2024.12.17

ချင်းပြည်နယ် မင်းတပ်မြို့မှာ စစ်ကောင်စီတပ်က မကြာခဏ လေကြောင်းကနေ ဗုံးကြဲနေတာကြောင့် လူစုလူဝေးနဲ့ ရိုးရာပွဲတော်တွေ မလုပ်ကြဖို့ မင်းတပ်မြို့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဒီဇင်ဘာ ၁၇ ရက် ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
လက်ရှိမှာ မြို့သိမ်းတိုက်ပွဲလည်း ပြင်းထန်နေတာကြောင့် အခုလို ထုတ်ပြန်ရတာဖြစ်ပြီး မလိုက်နာရင် အရေးယူမယ်လို့ ဖော်ပြပါတယ်။
မကြာခင် ကျရောက်တော့မဲ့ ခရစ္စမတ်နဲ့ ကောက်သစ်စားပွဲတော်တွေ ရှိနေပြီး လူစုလူဝေးရှိနေရင် အဲဒီနေရာတွေကို ပစ်မှတ်ထား ဗုံးကြဲတိုက်ခိုက်မှာ စိုးရိမ်ရတယ်လို့ မင်းတပ်ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
“ဒီဇင်ဘာ ၂၅ ရက်နေ့မှာ ခရစ္စမတ်ရှိတယ်။ ပြီးတော့ ကောက်သစ်စားပွဲလည်း ရှိတယ်။ လေကြောင်းကနေ မြို့ပေါ်ကို နေ့တိုင်း လာနေတာဆိုတော့ လူစုလူဝေးလုပ်ရင် ပိုပြီးအန္တရာယ်များတာပေါ့။ စစ်ကောင်စီကြောင့်ပဲ အခုလို မကျင်းပနိုင်တာ၊ လွတ်လပ်သွားရင်တော့ ပိုပြီး ပျော်ရမှာပါ”
ဒီကိစ္စနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ ချင်းပြည်နယ်ပြောခွင့်ရသူ ပြည်နယ်အတွင်းရေးမှူး ဦးအောင်ချိုကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။
မင်းတပ်မြို့ကို စစ်ကောင်စီတပ်က မကြာခဏ ဗုံးကြဲတိုက်ခိုက်နေပြီး ဒီဇင်ဘာ ၁၂ ရက်နေ့ ဗုံးကြဲခံရမှုမှာ မင်းတပ်မြို့ပေါ်က နေအိမ်လေးဆယ်ခန့် ပျက်စီးပြီး အရပ်သားလေးဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီဇင်ဘာ ၁၆ ရက်နဲ့ ၁၇ ရက်နေ့တွေမှာလည်း စစ်ကောင်စီတပ်ရဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေ ဆက်ရှိနေတယ်လို့ ဆိုပါတယ်။
ချင်းပြည်နယ် မင်းတပ်၊ ဖလမ်း၊ ထန်တလန်မြို့တွေမှာ နိုဝင်ဘာ ပထမပတ်ကတည်းက တိုက်ပွဲပြင်းထန်နေပြီး ချင်းတော်လှန်ရေး ပူးပေါင်းတပ်တွေက စစ်ကောင်စီရဲ့ တပ်စခန်းတချို့ကို သိမ်းပိုက်ထားပါတယ်။