မင်းတပ်မြို့ကို လက်မလွှတ်ရရေး စစ်ကောင်စီတပ် လေကြောင်းနဲ့ အပြင်းအထန် တိုက်ခိုက်နေ

RFA Burmese
2024.12.19
မင်းတပ်မြို့ကို လက်မလွှတ်ရရေး စစ်ကောင်စီတပ် လေကြောင်းနဲ့ အပြင်းအထန် တိုက်ခိုက်နေ စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် မင်းတပ်မြို့မှ နေအိမ်များ မီးလောင်နေသည်အား ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၂၃ ရက်နေ့က တွေ့ရစဉ်။
Citizen Photo

ချင်းပြည်နယ်မှာ မင်းတပ်မြို့ကို သိမ်းပိုက်နိုင်ရေး ချင်းတော်လှန်ရေးပူးပေါင်းတပ်တွေက ထိုးစစ်ဆင်နေပြီး စစ်ကောင်စီတပ်ကလည်း ဒီဇင်ဘာလ ၁၉ ရက်နေ့အထိ လေကြောင်းကနေ အပြင်းအထန် ပစ်ခတ်တိုက်ခိုက်နေတယ်လို့ မင်းတပ်မြို့ခံတွေက ပြောပါတယ်။

ဒီဇင်ဘာလ ၁၈ ရက် မနေ့က တစ်ရက်တည်းမှာပဲ စစ်ကောင်စီတပ်က Y-12 လေယာဉ်နဲ့ ဗုံးအလုံး ခြောက်ဆယ်ကျော် ကြဲချခဲ့ပြီး ဒီနေ့မှာလည်း ဗုံးကြဲတိုက်ခိုက်မှုတွေ ဆက်ရှိနေတယ်လို့ ဆိုပါတယ်။

နေ့စဉ် ဗုံးကြဲတိုက်ခိုက်မှုတွေကြောင့် မင်းတပ်မြို့ပေါ် နေအိမ်အားလုံးနီးပါး ပျက်စီးနေပြီလို့ မင်းတပ်မြို့ခံတစ်ဦးက RFA ကို ပြောပါတယ်။

“ကင်းထောက်လေယာဉ် လာလိုက်။ ပြန်သွားလိုက်။ ပြီးရင် ဗုံးလာကြဲလိုက်နဲ့ အဆက်မပြတ်ကို ပစ်နေတော့တာပဲ။ တစ်မြို့လုံးကို ရစရာမရှိတော့ဘူး။ အကုန်ကိုပျက်စီးကုန်ပြီ။ မင်းတပ်မြို့ကို တိုက်နေတဲ့ တော်လှန်ရေးအင်အားစုတွေကိုရော၊ ပြည်သူတွေကိုရော အကြမ်းဖက်တိုက်ခိုက်နေတာ”

မင်းတပ်မြို့မှာ တိုက်ပွဲတွေပြင်းထန်နေတာ တစ်လကျော်အတွင်း အရပ်သားတွေနဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင် ထိခိုက်သေဆုံးမှုတွေလည်း ရှိနေပြီး အသေးစိတ် အခြေအနေကို မသိရသေးဘူးလို့ သူက ပြောပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ ချင်းပြည်နယ် ပြောခွင့်ရသူ ပြည်နယ်အတွင်းရေးမှူး ဦးအောင်ချိုကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။

မင်းတပ်မြို့မှာ တိုက်ပွဲတွေ ပြင်းထန်နေတဲ့အပြင် စစ်ကောင်စီတပ်က မကြာခဏ လေကြောင်းကနေ ဗုံးကြဲနေတာကြောင့် လူစုလူဝေးနဲ့ ရိုးရာပွဲတော်တွေ မလုပ်ကြဖို့ မင်းတပ်မြို့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကလည်း ဒီဇင်ဘာ ၁၇ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။