ချင်းပြည်နယ်မှာ လေကြောင်းရန်ကြောင့် ပြည်သူ့အုပ်ချုပ်ရေး နှေးနေကြောင်း ကာကွယ်ရေးအဖွဲ့တွေ ပြော
2025.02.19

ချင်းပြည်နယ်က တိုင်းရင်းသား ကာကွယ်ရေးအဖွဲ့တွေ သိမ်းပိုက်ထားတဲ့မြို့တွေမှာ စစ်ကောင်စီတပ်ရဲ့ လေကြောင်းရန်ရော၊ စစ်လက်ကျန် ပေါက်ကွဲစေတဲ့ပစ္စည်းတွေနဲ့ မြေမြှုပ်မိုင်းအန္တရာယ်တွေပါ ရှိနေသေးတဲ့အတွက် ဒေသခံတွေ ပြန်နေဖို့ခက်နေသေးတယ်လို့ အဖွဲ့တာဝန်ရှိသူတွေနဲ့ ဒေသခံတွေက ပြောပါတယ်။ အဲဒီအပြင် ပြည်သူ့အုပ်ချုပ်ရေး လုပ်ငန်းတွေအတွက်လည်း နှောင့်နှေးကြန့်ကြာနေရတယ်လို့ ဆိုပါတယ်။
ချင်းပြည်နယ်မှာ ကိုးမြို့နယ်ရှိပြီး၊ ငါးမြို့နယ်ကို ရခိုင်နဲ့ ချင်းတော်လှန်ရေးတပ်ဖွဲ့တွေ သိမ်းပိုက်ထားတာပါ။ ပလက်ဝမြို့ကို အာရက္ခတပ်တော် (AA)၊ မင်းတပ်၊ မတူပီနဲ့ ကန်ပက်လက်မြို့နယ်တွေကို ချင်းညီနောင်အဖွဲ့၊ တွန်းဇံမြို့နယ်နဲ့ ရိခေါဒါရ်မြို့ကို ချင်းအမျိုးသားတပ်ဦး (CNF) ဦးဆောင်ဖွဲ့စည်းထားတဲ့ ချင်းပြည်ကောင်စီက အသီးသီးသိမ်းပိုက် ထိန်းချုပ်ထားတာပါ။
"အုပ်ချုပ်ရေး ဖော်ဆောင်တဲ့နေရာမှာ ပါဝင်တဲ့သူတွေရဲ့ အရည်အချင်း၊ အရည်အသွေး မြှင့်တင်ဖို့လိုအပ်နေတယ်”
အဲဒီဒေသတွေမှာ စစ်ကောင်စီရဲ့တပ်နဲ့ အုပ်ချုပ်ရေးတွေ မရှိတော့ပေမဲ့ အချိန်မရွေး ပြန်တိုက်ခိုက်ခံနေရလို့ အိုးအိမ်စွန့်ခွာ ထွက်ပြေးရတဲ့သူတွေ မပြန်ရဲကြသေးဘူးလို့ မတူပီမြို့ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က အမည်မဖော်လိုတဲ့ တာဝန်ရှိသူက ပြောပါတယ်။
“လေကြောင်းက ဗုံးခဏခဏလာကြဲတော့ သူတို့က မြို့ထဲမှာ သိပ်အဆင်မပြေသေးဘူးဆိုပြီးမှ နယ်ဘက်တွေမှာ စစ်ဘေးရှောင်တာတွေ အဲလိုမျိုးပုံစံနဲ့ရှိတယ်ဗျ”
မတူပီမြို့ကို ၂၀၂၄ ခုနှစ်၊ ဇွန်လ ၂၉ ရက်နေ့မှာ ချင်းညီနောင်အဖွဲ့ သိမ်းပိုက်ခဲ့တာဖြစ်ပါတယ်။ အဲဒီမှာ အုပ်ချုပ်ရေးနဲ့အတူ ပြည်သူ့ကျန်းမာရေးအတွက်ပါ အဆင်ပြေအောင် ကြိုးစားနေတယ်လို့လည်း ပြောပါတယ်။
မင်းတပ်မြို့ကိုတော့ ချင်းညီနောင် ပူးပေါင်းတပ်တွေက ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၂၁ ရက်နေ့မှာ သိမ်းပိုက်လိုက်တာဖြစ်ပါတယ်။ ဒါကြောင့် ရပ်ကွက်၊ ကျေးရွာ၊ တိုက်နယ်၊ မြို့နယ်စတဲ့ သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးတွေရဲ့ ထောက်ခံချက်နဲ့ မြို့သူမြို့သားတွေကို ပြန်နေထိုင်ခွင့်ပြုမယ်လို့ ချင်းကာကွယ်ရေးတပ်ဖွဲ့-မင်းတပ် (CDF-Mindat) က ဖေဖော်ဝါရီလ ၉ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ အဲဒီအပြင် ပြန်နေမဲ့သူတွေက တော်လှန်ရေးတပ်ဖွဲ့တွေကို ရန်ပုံငွေထည့်ထားတဲ့အကြောင်း ထောက်ခံချက် လိုအပ်မှာဖြစ်ပြီး၊ ရန်ပုံငွေ မထည့်ရသေးတဲ့သူတွေအနေနဲ့ မြို့အဝင်ဂိတ်တွေမှာထည့်ပြီး ထောက်ခံချက် ယူနိုင်တယ်လို့ သတ်မှတ်ထားပါတယ်။
ဒါပေမဲ့လည်း စစ်ကောင်စီတပ်က လာပြီးဗုံးကြဲတိုက်ခိုက်နိုင်တဲ့အတွက် ပြန်နေဖို့စိုးရိမ်သေးတယ်လို့ မင်းတပ်ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
“လုံခြုံမှုကတော့ မရှိလောက်ဘူးထင်တယ်၊ ကျွန်တော့် အထင်ကတော့။ သက်ဆိုင်ရာ အဖွဲ့အစည်းကတော့ ပြန်နေလို့တော့ရမှာ၊ ဒါပေမဲ့ လူ့အသက်ကို ဘယ်သူမှ အာမခံပေးလို့ မရဘူးပေါ့နော်။ အပေါ်ကလည်း ကြောက်ရဆိုတော့။ နေတဲ့သူကတော့ ကိုယ့်ယုံကြည်ချက်နဲ့ နေကြမှာပေါ့။ အဖွဲ့အစည်းကလည်း အာမခံပေးလို့ မရဘူးပေါ့နော်”
ကန်ပက်လက်မြို့ကိုလည်း ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၂ ရက်နေ့မှာ ချင်းညီနောင်အဖွဲ့တွေ သိမ်းပိုက်နိုင်ခဲ့တာပါ။ လက်ရှိမှာ မြို့သန့်ရှင်းရေးနဲ့ သောက်သုံးရေ ရအောင်လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။ ပြီးရင် ဒေသခံ ပြည်သူတွေ ပြန်နေနိုင်အောင် ကြိုးစားနေတယ်လို့ CDF ကန်ပက်လက်ရဲ့ တာဝန်ရှိသူတစ်ဦးက RFA ကို ပြောပါတယ်။
တွန်းဇံမြို့ကိုတော့ ၂၀၂၄ ခုနှစ်၊ မေလ ၂၃ ရက်နေ့မှာ ချင်းအမျိုးသားတပ်ဦး (CNF) ရဲ့ ချင်းပြည်ကောင်စီ ပူးပေါင်းတပ်တွေ သိမ်းပိုက်ထားတာပါ။ အဲဒီမှာ ပြည်သူ့အုပ်ချုပ်ရေး ယန္တရားလည်ပတ်နေပြီး ဒေသခံအများစု ကိုယ့်အိမ်ကိုယ် ပြန်နေကြပြီလို့ တွန်းဇံမြို့ အုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးထန်ဆွမ်းမုန်က ပြောပါတယ်။
“ဇိုမျိုးနွယ်စုနဲ့ ထာဒိုမျိုးနွယ်စု နေထိုင်တဲ့ နေရာအားလုံးတော့ ကျွန်တော်တို့ ကောင်းကောင်းအဆင်ပြေတယ်၊ ကျီခါးနယ်စပ်တော့ နည်းနည်းလိုသေးတယ်။ အုပ်ချုပ်ရေး လည်ပတ်နိုင်တယ်။ မြို့ပေါ်ရော၊ နယ်ရော ၃၁ ရွာကို အုပ်ချုပ်ရေးယန္တရား လည်ပတ်နိုင်ပြီနော်”
နယ်စပ်ဖြစ်တဲ့ ကျီခါးမြို့ကိုတော့ ဇိုမီးတော်လှန်ရေးတပ် (ZRA) က နေရာယူထားတယ်လို့ သူက ပြောပါတယ်။
အိန္ဒိယ-မြန်မာနယ်စပ် ရိခေါ်ဒါရ်မြို့မှာလည်း ချင်းကာကွယ်ရေးအဖွဲ့ CDF ဟွာလ်ငိုရမ်က အုပ်ချုပ်ရေး လည်ပတ်နေပြီး နယ်စပ်ဖြတ်သန်းခွင့်အတွက် ထောက်ခံစာတွေကို ထုတ်ပေးနေပါတယ်။
တော်လှန်ရေးအဖွဲ့တွေက မြို့ပြအုပ်ချုပ်ရေးကို ဖော်ဆောင်နေပြီဆိုပေမဲ့ သူတို့မှာ ဘဏ္ဍာငွေနဲ့ နည်းပညာအခက်အခဲကြောင့် အုပ်ချုပ်ရေးကဏ္ဍကို အပြည့်အဝ မလုပ်နိုင်သေးဘူးလို့ ချင်းနိုင်ငံရေး လေ့လာသူ R. Lakhar အာ လခဲ(ရ်)က ပြောပါတယ်။
“ချင်းညီနောင် CB ပဲ ဖြစ်ဖြစ်၊ CC ချင်းလဲန်းကောင်စီပဲ ဖြစ်ဖြစ် အုပ်ချုပ်ရေးတွေကို သူတို့ရဲ့ ဆိုင်ရာဒေသအလိုက်၊ မြို့နယ်အလိုက် ဖော်ဆောင်နေကြတယ်ဆိုပေမဲ့ ငွေရေးကြေးရေးပိုင်း ဘတ်ဂျက်ပိုင်းမှာ မရှိတာရယ်၊ ဒါတွေမရှိတဲ့အခါ အုပ်ချုပ်ရေးကို ထိထိရောက်ရောက် လည်ပတ်ဖို့က အခက်အခဲတွေ အများကြီးရှိတယ်။ နည်းပညာပိုင်း အခက်အခဲတွေလည်းရှိတယ်၊ Capacity Building ပေါ့နော်၊ အုပ်ချုပ်ရေး ဖော်ဆောင်တဲ့နေရာမှာ ပါဝင်တဲ့သူတွေရဲ့ အရည်အချင်း၊ အရည်အသွေး မြှင့်တင်ဖို့လိုအပ်နေတယ်”
ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ ချင်းပြည်နယ် ပြောခွင့်ရ ပြည်နယ်အတွင်းရေးမှူး ဦးအောင်ချို ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေကြားတာ မရှိပါဘူး။
ချင်းအမျိုးသားတပ်ဦး (CNF) ဦးဆောင်တဲ့ ချင်းပြည်ကောင်စီဟာ ပြည်နယ်အတွင်း ကိုယ်ပိုင်အုပ်ချုပ်ခွင့် အပြည့်အဝကျင့်သုံးဖို့အတွက် မူဝါဒနဲ့အညီ ကြိုးပမ်းနေတယ်လို့ ဖေဖော်ဝါရီ ၂ ရက်နေ့က ထုတ်ပြန်ထားပါတယ်။
လက်ရှိမှာ ဖလမ်းမြို့သိမ်း တိုက်ပွဲပြင်းထန်နေပြီး ကျန်နေတဲ့ တပ်စခန်းကုန်းကို ချင်းညီနောင်တပ်က ထိုးစစ်ဆင်တိုက်ခိုက်နေပါတယ်။ ထန်တလန်မြို့မှာလည်း ချင်းပြည်ကောင်စီတပ်တွေနဲ့ စစ်ကောင်စီတပ်တို့ မကြာခဏ တိုက်ပွဲဖြစ်နေပါတယ်။
တီးတိန်မြို့မှာတော့ PDF Zoland တပ်ဖွဲ့ဟာ မြို့ပတ်လည်ကို ပိတ်ဆို့ထိန်းချုပ်ထားပါတယ်။ ဒါကြောင့် ချင်းပြည်နယ်မှာ မြို့တော်ဖြစ်တဲ့ ဟားခါးမြို့တစ်နေရာတည်းပဲ စစ်ကောင်စီတပ် အားကောင်းတဲ့နေရာအဖြစ် ကျန်ပါတော့တယ်။