အဖွဲ့တွေမညီညွတ်မှုကြောင့် ချင်းပြည်နယ်အရေး ရှုပ်ထွေးနေကြောင်း ICG ပြော

RFA Burmese
2025.03.19
အဖွဲ့တွေမညီညွတ်မှုကြောင့် ချင်းပြည်နယ်အရေး ရှုပ်ထွေးနေကြောင်း ICG ပြော ကန်ပလက်မြို့တွင် ချင်းညီနောင်ပူးပေါင်းတပ်ဖွဲ့ဝင်များအား ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၂၈ ရက်နေ့က တွေ့ရစဉ်။
Chin Defence Force -Kanpetlet Photo

ချင်းပြည်နယ်က နယ်မြေအများစုကို တော်လှန်ရေးအင်အားစုတွေ ထိန်းချုပ်ထားနိုင်ပေမဲ့ ပြည်နယ်အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေးကဏ္ဍတွေမှာ ရှုပ်ထွေးနေတယ်လို့ နိုင်ငံတကာ ပဋိပက္ခလေ့လာစောင့်ကြည့်ရေးအဖွဲ့ (ICG) က မတ်လ ၁၉ ရက် ဒီနေ့ ထုတ်ပြန်ပါတယ်။

ဒါဟာ ပြည်နယ်တွင်း အဓိက တော်လှန်ရေးအင်အားစု နှစ်ခုဖြစ်တဲ့ ချင်းအမျိုးသားတပ်ဦး (CNF) နဲ့ ချင်းညီနောင် အဖွဲ့တို့ရဲ့ မညီညွတ်မှုကြောင့်ဖြစ်တယ်လို့ ICG က ထောက်ပြထားပါတယ်။

"ချင်းညီနောင်တွေနဲ့ သဘောထားကွဲလွဲမှုတွေကြောင့် ပြည်သူ့ဝန်ဆောင်ရေးလုပ်ငန်းတွေက အခက်အခဲအတိုင်းအတာ တစ်ခုအထိရှိတယ်"

ဖေဖော်ဝါရီလ ၂၆ ရက်နေ့ကတော့ CNF ဦးဆောင်တဲ့ ချင်းပြည် (Chinland) ကောင်စီနဲ့ ချင်းညီနောင်အဖွဲ့ ဦးဆောင်တဲ့ ကြားကာလ ချင်းအမျိုးသား အတိုင်ပင်ခံကောင်စီ (ICNCC) တို့ ပူးပေါင်းပြီး ချင်းအမျိုးသားကောင်စီ (Chin National Council) ဖွဲ့စည်းသွားမှာဖြစ်ကြောင်း နှစ်ဖွဲ့စလုံးက သတင်းထုတ်ပြန်ထားပါတယ်။

ဒီသဘောတူညီချက်ဟာ ချင်းပြည်နယ်က တော်လှန်ရေးအဖွဲ့တွေ ညီညွတ်ဖို့ အရေးကြီးတဲ့ ခြေလှမ်းဖြစ်တယ်လို့ နိုင်ငံတကာပဋိပက္ခ လေ့လာစောင့်ကြည့်ရေးအဖွဲ့ (ICG) ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အကြီးတန်းအကြံပေးအရာရှိ ရစ်ချတ်ဟိုဆေး (Richard Horsey) က RFA ကို ပြောပါတယ်။


ဆက်နွှယ်သော သတင်းများ

ချင်းပြည်ကောင်စီနဲ့ ICNCC တို့ ပူးပေါင်းပြီး ချင်းအမျိုးသားကောင်စီ ဖွဲ့စည်းမည်

၂၀၂၅ မှာ ချင်းပြည်နယ်ကို တော်လှန်ရေးအင်အားစုတွေ စိုးမိုးနိုင်မလား

ချင်းပြည်နယ်မှာ လေကြောင်းရန်ကြောင့် ပြည်သူ့အုပ်ချုပ်ရေး နှေးနေကြောင်း ကာကွယ်ရေးအဖွဲ့တွေ ပြော


“ပြီးခဲ့တဲ့လ အခြေခံသဘောတူညီချက်တစ်ခုက ညီညွတ်ဖို့အတွက် အရေးကြီးတဲ့ ခြေလှမ်းအစပါ။ ဒီရလဒ်အောင်မြင်ဖို့အတွက် ခေါင်းဆောင်တွေရဲ့ အမြော်အမြင်ရှိမှုလိုအပ်သလို လက်တွေ့ အခြေအနေ တင်းမာမှုတွေ လျော့ကျဖို့လည်းလိုပါတယ်။ ချင်းပြည်နယ်အုပ်ချုပ်ရေး ခက်ခဲတဲ့စိန်ခေါ်မှုနဲ့ ပဋိပက္ခကြောင့် နေရပ်စွန့်ခွာထွက်ပြေးရမှုအတွက် လူသားချင်းစာနာမှု အကူအညီအရေးပေါ် လိုအပ်နေချိန်မှာ ပြည်သူ့ဝန်ဆောင်မှုတွေ ပေးနိုင်ဖို့အတွက် မဖြစ်မနေ အခြေအနေတိုးတက်လာဖို့ လိုအပ်ပါတယ်”

ဒါပေမဲ့ အခုလိုရည်မှန်းချက်ကို အကောင်အထည်ဖော်ရာမှာ နှေးကွေးရင် ဒါမှမဟုတ် မအောင်မြင်ရင် ချင်းမှာ စစ်ရေးပဋိပက္ခ ထပ်ပြီးတောက်လောင်လာနိုင်တယ်လို့ ICG ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

စစ်ကောင်စီဘက်ကလည်း ဆုံးရှုံးနယ်မြေ ပြန်လည်ရယူဖို့အတွက် ဒီလိုအခြေအနေကို အခွင့်အလမ်းအဖြစ် မှတ်ယူသွားလိမ့်မယ်လို့လည်း ထောက်ပြထားပါတယ်။

CNF နဲ့ ချင်းညီနောင်အဖွဲ့တို့ သဘောထားကွဲလွဲမှုဟာ လတ်တလော ပြေလည်နိုင်တဲ့ အနေအထားမရှိသေးဘူးလို့ မတူပီဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“ဒီ ချင်းအမျိုးသားတပ်ဦး (CNA/CNF) နဲ့ ဒီချင်းညီနောင်တွေနဲ့ သဘောထားကွဲလွဲမှုတွေကြောင့် ချင်းပြည်နယ်မှာ အုပ်ချုပ်ရေး၊ ဒီပြည်သူ့ဝန်ဆောင်ရေးလုပ်ငန်းတွေက အခက်အခဲအတိုင်းအတာ တစ်ခုအထိရှိတယ်။ ဒီဟာကလည်း လတ်တလောအခြေအနေအရ ပြေလည်နိုင်တဲ့ အနေအထားမျိုးတော့ မရှိသေးဘူးလို့ ကျွန်တော်တို့ ဒီလိုမျိုးသုံးသပ်ရတယ်။ ဒီလိုမျိုးပဲ အခုပြန်လည်ပေါင်းစည်းရေးအတွက် ညှိနှိုင်းကြတဲ့ဟာကလည်း လက်တွေ့ကျနိုင်ဖို့တော့ တော်တော်လေးကို အချိန်အားဖြင့်လိုဦးမယ်လို့ ကျွန်တော်တို့ ဒီလိုမျိုးယူဆရတယ်ပေါ့နော်”

CN‌F ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက တော်လှန်ရေးမူဝါဒနဲ့ ရပ်တည်ချက်တူညီရင် အများဆန္ဒကို လိုက်နာဖို့လိုပြီး အနည်းစုဆန္ဒကိုလည်း လေးစားရမယ်လို့ RFA ကို ပြောပါတယ်။

ချင်းတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဝင်များအား ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၂၈ ရက်နေ့က တွေ့ရစဥ်။ (CNA Photo)
ချင်းတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဝင်များအား ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၂၈ ရက်နေ့က တွေ့ရစဥ်။ (CNA Photo)

ကိုယ့်အဖွဲ့အစည်း ရပ်တည်ရေးကိုပဲ အလေးပေးမှုများနေရင်တော့ ချင်းပြည်နယ်ရဲ့ အခြေအနေဟာ အခုလို အနေအထားမျိုးပဲ ဆက်ရှိလိမ့်မယ်လို့ ဆလိုင်းထက်နီက ဆိုပါတယ်။

ICG ရဲ့ ထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး ချင်းညီနောင်မဟာမိတ်အဖွဲ့ ပြောရေးဆိုခွင့်ရှိသူတွေကို RFA က ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ ပြန်လည်ဖြေကြားခြင်း မရှိသေးပါဘူး။

အာဏာသိမ်းပြီးနောက် တိုက်ပွဲတွေကြောင့် ချင်းပြည်နယ် လူဦးရေ သုံးပုံတစ်ပုံခန့်ဖြစ်တဲ့ ၁၆၀,၀၀၀ ခန့်ဟာ ပြည်တွင်းနဲ့ အိမ်နီးချင်း အိန္ဒိယနိုင်ငံဘက်ကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ICG က ဖော်ပြထားပါတယ်။

အဲဒီ စစ်ဘေးဒုက္ခသည်တွေအတွက် နေရပ်ပြန်နိုင်ရေး၊ လုံခြုံမှုနဲ့ ပြည်သူ့ဝန်ဆောင်မှုတွေ ပေးအပ်ဖို့ လိုအပ်နေတယ်လို့လည်း ICG က ဆိုပါတယ်။

အချင်းချင်းမညီညွတ်ရင် ပြည်နယ်ရဲ့ အနာဂတ်အတွက် သဘောတူညီမှု တည်ဆောက်ဖို့ ခက်ခဲနေနိုင်တာကြောင့် နှစ်ဖွဲ့စလုံး ဘုံနိုင်ငံရေးရည်မှန်းချက် ရှာဖွေဖော်ထုတ်သင့်တယ်လို့ ICG က ထောက်ပြထားပါတယ်။

ချင်းပြည်နယ် မင်းတပ်မြို့တွင် CDF တပ်ဖွဲ့ဝင်များအား ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၂၃ ရက်နေ့က တွေ့ရစဉ်။ (Yaw Mang Photo)
ချင်းပြည်နယ် မင်းတပ်မြို့တွင် CDF တပ်ဖွဲ့ဝင်များအား ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၂၃ ရက်နေ့က တွေ့ရစဉ်။ (Yaw Mang Photo)

ဒါ့အပြင် ကုန်သွယ်မှု၊ အရင်းအမြစ်နဲ့ ပြင်ပအလှူရှင်နည်းပါးတဲ့ ချင်းပြည်နယ်ကို နိုင်ငံတကာအလှူရှင်တွေ အနေနဲ့ ပိုပြီးထောက်ပံ့ကူညီဖို့ လိုအပ်တယ်လိုလည်း ICG က အကြံပြုထားပါတယ်။

လက်ရှိ ချင်းပြည်နယ်မှာ မြို့နယ်ကိုးမြို့နယ်ရှိတဲ့အနက် မတူပီ၊ မင်းတပ်၊ ကန်ပက်လက်၊ ပလက်ဝ၊ တွန်းဇံ စတဲ့ မြို့နယ်ငါးမြို့နယ်ကို ချင်းညီနောင်အဖွဲ့၊ အာရက္ခတပ်တော် (AA) နဲ့ ချင်းပြည်ကောင်စီတို့က အသီးသီး သိမ်းပိုက်ထားပါတယ်။

ကျန်တဲ့ လေးမြို့နယ်ထဲက ဖလမ်းမြို့ကို ချင်းညီနောင်အဖွဲ့က လက်ရှိ မြို့သိမ်းတိုက်ပွဲ ထိုးစစ်ဆင်နေပြီး ဟားခါးနဲ့ ထန်တလန်မြို့တွေကိုတော့ ချင်းအမျိုးသားတပ်ဦး (CNF) အဖွဲ့က ထိုးစစ်ဆင်တိုက်ခိုက်နေပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။