မင်းတပ်မြို့ကို ချင်းညီနောင်အဖွဲ့ သိမ်းပိုက်လိုက်ကြောင်း ဒေသခံတွေပြော

RFA Burmese
2024.12.21
မင်းတပ်မြို့ကို ချင်းညီနောင်အဖွဲ့ သိမ်းပိုက်လိုက်ကြောင်း ဒေသခံတွေပြော သိမ်းဆည်းရမိသည့် စစ်ကောင်စီ၏ လက်နက်ခဲယမ်းများနှင့်အတူ ချင်းညီနောင်ပူးပေါင်းတပ်ဖွဲ့ဝင်အချို့အား ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၂၁ ရက်နေ့က တွေ့ရစဉ်။
Facebook/ Yaw Mang

ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်မြို့ကို ချင်းညီနောင်ပူးပေါင်းတပ်ဖွဲ့က ဒီဇင်ဘာလ ၂၁ ရက်နေ့ မနက်ပိုင်းမှာ သိမ်းပိုက်လိုက်ပြီလို့ စစ်ရေးအခြေအနေသိတဲ့ မင်းတပ်ဒေသခံတွေက RFA ကို ပြောပါတယ်။

မင်းတပ်မြို့မှာ နောက်ဆုံးကျန်ရှိတဲ့ စစ်ကောင်စီရဲ့ ခြေလျင်တပ်ရင်း ခလရ (၂၇၄) ကို ချင်းကာကွယ်ရေးပူးပေါင်းတပ်က ဒီဇင်ဘာလ ၂၁ ရက်နေ့ မနက်ပိုင်းမှာ သိမ်းပိုက်လိုက်တာကြောင့် တစ်မြို့လုံးကို ထိန်းချုပ်နိုင်ပြီလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မင်းတပ်ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

"တပ်ကုန်းတစ်ခုပဲ ကျန်တော့တာလေ၊ အဲဒီလောက်မြန်မယ် မထင်ထားဘူး။ ရွာတွေမှာ ဒေသခံတွေလည်း အိမ်ပြန်ရမယ်ဆိုပြီး ပျော်နေကြတာပေါ့"

ဒီအခြေအနေနဲ့ ပတ်သက်လို့ တရားဝင် သတင်းထုတ်ပြန်သွားမဲ့အကြောင်း ချင်းညီနောင်အဖွဲ့ရဲ့ ပြောခွင့်ရသူ ကိုယောမန်က RFA ကို ဒီဇင်ဘာလ ၂၁ ရက်နေ့မှာ ပြောပါတယ်။

စစ်ကောင်စီတပ်က မင်းတပ်မြို့ကို မနေ့ညပိုင်းနဲ့ ဒီဇင်ဘာလ ၂၁ ရက်နေ့ မနက် ၃ နာရီခန့်မှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မင်းတပ်မြို့ပေါ်က စစ်ကောင်စီတပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေ တပ်စွဲထားတဲ့ စံမင်းသီရိစေတီကုန်း၊ စံပြရပ်ကွက် ဝန်ထမ်းအိမ်ရာလိုင်းခန်း၊ ခရိုင်ဆောက်လုပ်ရေးဝင်း၊ တာဝါတိုင်ကုန်း၊ မင်းတပ်ဟိုတယ်၊ မြလေးပွင့်စေတီကုန်း၊ လေးမိုင်ကုန်းတို့ကို တိုက်ခိုက်သိမ်းပိုက်ထားပြီး မြို့ရဲ့ ကိုးဆယ်ရာခိုင်နှုန်းကို ထိန်ချုပ်ထားနိုင်တယ်လို့ ချင်းညီနောင်ပူးပေါင်းတပ်ဖွဲ့က ဒီဇင်ဘာလ ၂၀ ရက်နေ့က ထုတ်ပြန်ပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သားနဲ့ ရဲတပ်ဖွဲ့ဝင် ၁၂၃ ဦး လက်နက်ချခဲ့ပြီး သူတို့နဲ့အတူ မိသားစုဝင်တွေပါ ခိုလှုံလာတယ်လို့ ချင်းညီနောင်ပူးပေါင်းတပ်ဖွဲ့က ပြောပါတယ်။

ဖလမ်းမြို့ကိုလည်း ချင်းညီနောင်ပူးပေါင်းတပ်က ကိုးဆယ်ရာခိုင်နှုန်း ထိန်းချုပ်ထားနိုင်ပြီး စစ်ကောင်စီတပ်ရဲ့ ရဲတပ်ဖွဲ့ဝင် လေးဆယ်ကျော် လက်နက်ချခဲ့တယ်လို့ ဆိုပါတယ်။

ဒါနဲ့ပတ်သက်လို့ တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီရဲ့ ချင်းပြည်နယ် ပြောခွင့်ရသူ ပြည်နယ်အတွင်းရေးမှူး ဦးအောင်ချိုကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ လက်ခံဖြေကြားတာ မရှိပါဘူး။

ချင်းပြည်နယ်မှာ မတူပီမြို့နယ်၊ တွန်းဇံမြို့နယ်နဲ့ ကျီခါး၊ ရိဒ်ခေါ်ဒါရ်၊ လိုင်လင်းပီ၊ ကျင်ဒွေး၊ မကွီးအိမ်နူး၊ နှာရိန်၊ ရေဇွာ၊ ဝေဘူလ၊ ဆူခွာ စတဲ့ မြို့တွေကို ချင်းတော်လှန်ရေးတပ်ဖွဲ့တွေက ထိန်းချုပ်ထားပြီး ပလက်၀မြို့နယ်ကိုတော့ အာရက္ခတပ်တော် (AA) က ထိန်းချုပ်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။