ချင်းပြည်ကောင်စီနဲ့ ICNCC တို့ ပူးပေါင်းပြီး ချင်းအမျိုးသားကောင်စီ ဖွဲ့စည်းမည်
2025.02.26

ချင်းပြည် (Chinland )ကောင်စီနဲ့ ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ (ICNCC) တို့ ပူးပေါင်းပြီး ချင်းအမျိုးသားကောင်စီ (Chin National Council) အဖြစ် ဖွဲ့စည်းသွားမှာ ဖြစ်ကြောင်း ဖေဖော်ဝါရီ ၂၆ ရက် နေ့က သတင်းထုတ်ပြန်ပါတယ်။
ချင်းပြည်နယ်အတွင်း ချင်းပြည်သူတွေအတွက် ကောင်စီနှစ်ရပ်ရှိနေတာကြောင့် ကောင်စီသစ်တစ်ရပ်အဖြစ် ပေါင်းစည်းဖို့ သဘောတူညီခဲ့ပြီး ချင်းအမျိုးသားကောင်စီ (Chin National Council) အဖြစ် ဖွဲ့စည်းသွားမှာ ဖြစ်ကြောင်း ချင်းပြည်ကောင်စီနဲ့ ICNCC တို့က ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။
အခုလို ဖွဲ့စည်းလိုက်ခြင်းအားဖြင့် ချင်းပြည်နယ် အုပ်ချုပ်ရေးနဲ့ ကာကွယ်ရေးအတွက် ထိရောက်အောင် ပူးပေါင်းလုပ်ဆောင်နိုင်မယ်လို့ ချင်းပြည် (Chinland )ကောင်စီ ဒုတိယဥက္ကဋ္ဌ ဆလိုင်းမင်းညိုက ပြောပါတယ်။
“ဒေသန္တရအုပ်ချုပ်ရေးမှာ ချင်းပြည်အဆင့်အုပ်ချုပ်ရေးတွေ ချိတ်ဆက်ပြီးတော့မှ ကိုယ်ပိုင်ပြဌာန်းခွင့် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ကို စနစ်တကျဖော်ဆောင်နိုင်မယ်။ စစ်ရေးအရမှာ ချင်းတွေပေါင်းစည်းသွားပြီးတော့ ကောင်းကောင်း မွန်မွန်ထိန်းချုပ်နိုင်တဲ့အင်အားရှိတယ်။ အခုလိုကွဲပြားနေတာဖြစ်တဲ့အတွက် ချင်းလက်နက်ကိုင် အဖွဲ့တွေကလည်း ကွဲပြားနေတာဖြစ်တဲ့အတွက် အင်အားကို စနစ်တကျမတည်ဆောက်နိုင်ခဲ့ဘူး။ အခုလို ဖွဲ့စည်းခြင်းအားဖြင့် ချင်းလက်နက်ကိုင် အဖွဲ့အစည်းတွေဟာလည်း တစ်စုတစ်စည်းတည်းဖြစ်လာပြီးတော့မှ ချင်းပြည်ကို ကာကွယ်ပေးနိုင်တဲ့အင်အားစုတစ်ရပ် ပေါ်ပေါက်လာမယ်လို့ မျှော်လင့်ပါတယ်”
ချင်းအမျိုးသားကောင်စီအမြန်ဆုံးပေါ်ပေါက်နိုင်ဖို့အတွက် ချင်းအမျိုးသား ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲရေးအဖွဲ့ကို ဖွဲ့စည်းသွားပြီး ဥပဒေပြဋ္ဌာန်းနိုင်ဖို့ အမြန်ဆုံးအကောင်အထည်ဖော်သွားမယ်လို့လည်း ဆိုပါတယ်။
ချင်းပြည်နယ်မှာ ချင်းအမျိုးသားတပ်ဦး (CNF) ဦးဆောင်တဲ့ Chinland ကောင်စီရှိသလို ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ (ICNCC) လည်းရှိနေတဲ့အတွက် ချင်းပြည်နယ်အစိုးရအဖွဲ့ဖွဲ့စည်းရေးမှာ ချင်းတိုင်းရင်းသားတွေအကြား ဝေဖန်မှုတွေရှိနေတာပါ။
ချင်းပြည်နယ်အုပ်ချုပ်ရေးကို ပိုမိုစနစ်တကျဖော်ဆောင်နိုင်ဖို့ အခုလို ကောင်စီနှစ်ရပ်ပူးပေါင်းပြီး ဆောင်ရွက်စေဖို့ ချင်းပြည်သူတွေက တိုက်တွန်းနေကြတာ ဖြစ်ပါတယ်။