ချင်းပြည်နယ်ထဲ စစ်ရေးမလှုပ်ရှားဖို့ AA ကို ချင်းကောင်စီတောင်းဆို

RFA Burmese
2024.06.11
ချင်းပြည်နယ်ထဲ စစ်ရေးမလှုပ်ရှားဖို့ AA ကို ချင်းကောင်စီတောင်းဆို ချင်းပြည်နယ်၊ ပလက်ဝမြို့အား ရက္ခိုင့်တပ်တော်မှသိမ်းယူပြီးနောက် ရက္ခိုင့်တပ်တော် တပ်ဖွဲ့ဝင်အချို့အား မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့တွင် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၁၄ ရက်နေ့က တွေ့ရစဉ်။
AA info Desk

ရက္ခိုင့်တပ်တော် (AA) အနေနဲ့ ချင်းပြည်နယ်မှာ စစ်ရေးမလှုပ်ရှားဖို့နဲ့ ဒေသခံတွေရဲ့ ဆန္ဒမပါတဲ့ အုပ်ချုပ်ရေးလုပ်ငန်းတွေမလုပ်ဖို့ ချင်းပြည်ကောင်စီက ဇွန်လ ၁၀ ရက်နေ့က ကြေညာထုတ်ပြန်တောင်းဆိုလိုက်ပါတယ်။

ချင်းပြည်ဒေသခံတွေရဲ့ သဘောဆန္ဒမပါဘဲ အတင်းအကြပ် အုပ်ချုပ်ရေးဖော်ဆောင်တာ၊ လူ့အခွင့်အရေးချိုးဖောက်တာတွေဟာ တိုင်းရင်းသား အချင်းချင်းကြား မလိုလားအပ်တဲ့ ပဋိပက္ခတွေဖြစ်နိုင်တယ်လို့ ချင်းပြည်ကောင်စီရဲ့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

ချင်းပြည်နယ်တွင်းမှာ စစ်ကောင်စီကိုတိုက်ခိုက်နေတဲ့ ချင်းတိုင်းရင်းသားလက်နက်ကိုင်တွေအကြား သဘောထားကွဲလွဲနေကြပြီး၊ ချင်းပြည်ကောင်စီမှာမပါတဲ့ ချင်းညီနောင်အဖွဲ့ကတော့ AA နဲ့ ပူးပေါင်းနေတာဖြစ်ပါတယ်။

AA ပြောခွင့်ရ ဦးခိုင်သုခကတော့ ချင်းကောင်စီရဲ့ ထုတ်ပြန်ချက်ဟာ အခြေအမြစ်မရှိတဲ့ လုပ်ကြံစွပ်စွဲတိုက်ခိုက်မှုသာဖြစ်တယ်လို့ RFA ကို ပြောပါတယ်။

"ဒီဟာကတော့ အခြေအမြစ်မရှိ မတရားလုပ်ကြံစွပ်စွဲတိုက်ခိုက်နေတာဖြစ်ပါတယ်။ သူတိုပြောသလို ချင်းပြည်သူတွေအပေါ်မှာ ကျွန်တော်တို့ဘက်က ဘာမှ မတရားလုပ်တာမရှိဘူး၊ ကျနော်တိုတတ်နိုင်သလောက် အကူအညီပေးတာပဲ ရှိတယ်။ အခုလဲပဲ ချင်းညီနောင်အဖွဲ့တွေနဲ့ လက်တွဲပြီးတော့ ချင်းဒေသခံတွေလွတ်မြောက်ဖို့ ကျွန်တော်တို့ ကူညီတိုက်ခိုက်ပေးနေတာရှိပါတယ်။ ရက္ခိုင်တွေလွတ်မြောက်ရင် ချင်းညီနောင်တွေပါ လွတ်မြောက်ရမယ်ဆိုတဲ့ အရင်းခံစေတနာအတိုင်း ချင်းပြည်သူတွေ ဖက်ဆစ်စစ်အာဏာရှင် လက်အောက်ကလွတ်မြောက်ဖို ကျွန်တော်တို့ ဆက်လက်ကူညီပံ့ပိုးသွားမှာဖြစ်ပါတယ်။"

ချင်းကောင်စီကတော့ စစ်ကောင်စီကို ဘုံရန်သူအဖြစ် စုပေါင်းတိုက်ခိုက်နေတဲ့ကာလမှာ AA ရဲ့ လုပ်ရပ်ဟာ တိုင်းရင်းသားအချင်းချင်းကြား အပြန်အလှန် ယုံကြည်မှုထိခိုက်စေတယ်၊ တော်လှန်ရေးကို နှောင့်နှေးစေတယ်လို့လည်း ထုတ်ပြန်ပြောဆိုထားပါတယ်။

ဒါ့အပြင် AA ဟာ ဒေသခံတွေကို အတင်းအဓမ္မ စစ်သားစုဆောင်းနေပြီး၊ ပညာသင်ကြားခွင့်နဲ့ ဘာသာရေးလွတ်လပ်ခွင့်တွေကို တားဆီးပိတ်ပင်နေတယ်လို့လည်း ပြောထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။