ဟားခါးမြို့အနီးက တပ်စခန်းတစ်ခုကို ချင်းလဲန်းပူးပေါင်းတပ် သိမ်းယူ
2024.08.13

ချင်းပြည်နယ်၊ ဟားခါးမြို့အနီးရှိ စစ်ကောင်စီတပ်စခန်း ကိန်ဗန်ရွန့် (keivangzuan) ကို ဩဂုတ်လ ၁၂ ရက်နေ့မှာ ချင်းလဲန်းကောင်စီ ပူးပေါင်းတပ်တွေက သိမ်းပိုက်ခဲ့တယ်လို့ ချင်းအမျိုးသားတပ်မတော် (CNA) ရဲ့ ပြောခွင့်ရသူ ဆလိုင်းထက်နီက RFA ကို ပြောပါတယ်။
အဲဒီစခန်းဟာ ဟားခါးမြို့အနီးက စခန်းတစ်ခု ဖြစ်တာကြောင့် ဟားခါးမြို့သိမ်းနိုင်ဖို့ အရေးပါတဲ့ စခန်း ဖြစ်တယ်လို့ ဆလိုင်းထက်နီက ပြောပါတယ်။
"ဒီစခန်းက အာဏာသိမ်းပြီးနောက်ပိုင်းမှာ တပ်စိတ်စခန်းတစ်ခုဖြစ်တယ်။ အဓိကတော့ ဟားခါးမြို့အတွက် အကာအကွယ်ဖြစ်တဲ့ နေရာဖြစ်သလို ထန်တလန်ဘက်ကို စစ်ကူပေးနိုင်ဖို့အတွက် တပ်ချထားတာဖြစ်တယ်"
တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ဆယ်ဦး သေဆုံးပြီး ဒဏ်ရာနဲ့ ထွက်ပြေးလွတ်မြောက်သူတွေလည်း ရှိတယ်လို့ ဟားခါးဒေသကာကွယ်ရေးအဖွဲ့ (CDF) က ဩဂုတ်လ ၁၂ ရက် မနေ့ညက ထုတ်ပြန်ထားပါတယ်။
အဲဒီ စစ်ကောင်စီတပ်စခန်းကနေ လက်နက်ကြီး ၆၀ မမ အပါအဝင် စစ်လက်နက်ပစ္စည်းတွေနဲ့ လက်နက်ခဲယမ်း အများအပြား သိမ်းဆည်းနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး စစ်ကောင်စီရဲ့ ချင်းပြည်နယ် ပြောခွင့်ရသူ ပြည်နယ်အတွင်းရေးမှူး ဦးအောင်ချိုကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ လက်ခံဖြေကြားတာ မရှိပါဘူး။
ပြီးခဲ့တဲ့ ဇူလိုင်လ ၂၂ ရက်ကနေ ၂၈ ရက်နေ့ အထိ ဟားခါးနဲ့ ထန်တလန်မြို့ကြားက စစ်ကောင်စီရဲ့ ရှေ့တန်း တပ်စခန်း ခြောက်ခုကို ချင်းလဲန်းပူးပေါင်းတပ်တွေက သိမ်းပိုက်ခဲ့ပါတယ်။
ဒီ့အပြင် ဩဂုတ် ၅ ရက်နေ့မှာ ထန်တလန်မြို့က တပ်ကုန်းစခန်းကို ချင်းလဲန်းကောင်စီ ပူးပေါင်းတပ်တွေက သိမ်းပိုက်ထားပါတယ်။