၂၀၂၅ မှာ ချင်းပြည်နယ်ကို တော်လှန်ရေးအင်အားစုတွေ စိုးမိုးနိုင်မလား

ဝေမာထွန်း (ဝါရှင်တန်ဒီစီ)
2025.02.25
၂၀၂၅ မှာ ချင်းပြည်နယ်ကို တော်လှန်ရေးအင်အားစုတွေ စိုးမိုးနိုင်မလား ချင်းအမျိုးသားကွယ်ရေးတပ်ဖွဲ့ (CNDF) တပ်ဖွဲ့ဝင်တချို့အား ၂၀၂၃ ခုနှစ်၊ အောင်တိုဘာလ ၉ ရက်နေ့က တွေ့ရစဉ်။
Chin National Defense Force

လူဦးရေ သုံးသိန်းခုနှစ်သောင်းကျော်ရှိတဲ့ ချင်းပြည်နယ်မှာ ချင်းလက်နက်ကိုင်အဖွဲ့တွေက နယ်မြေတော်တော်များများကို စိုးမိုးထားပြီးဖြစ်တာကြောင့် ရွေးကောက်ပွဲအတွက် သန်းခေါင်စာရင်းကောက်တဲ့အခါ လူဦးရေသုံးသောင်းနီးပါးကိုသာ ကောက်နိုင်ခဲ့ကြောင်း စစ်ကောင်စီရဲ့ ၂ဝ၂၄ ခုနှစ် သန်းခေါင်စာရင်းမှာ ဖော်ပြထားပါတယ်။

ကောက်ယူရခဲ့တဲ့ လူဦးရေသုံးသောင်းဟာ မြို့ပြလူဦးရေဖြစ်ပြီး ကျေးလက်ဒေသမှာတော့ တစ်ဦးတစ်ယောက်ကိုမျှ စာရင်းမကောက်နိုင်ခဲ့ပါဘူး။ ဒီအရေအတွက်ဟာ တိုင်းနဲ့ ပြည်နယ်အသီးသီးမှာ ကောက်ယူရရှိမှုအနည်းဆုံး အရေအတွက်ဖြစ်ပါတယ်။

ကျွန်တော်တို့ ဒီနှစ်အတွင်းတော့ စကစ ကင်းစင်တဲ့နယ်မြေဖြစ်အောင် ကြိုးပမ်းမယ်ဆိုတာတော့ မျှော်မှန်းထားပါတယ်

ချင်းပြည်နယ်ထက်လူဦးရေနည်းတဲ့ ကယားပြည်နယ်မှာတောင် စုစုပေါင်းလူဦးရေ နှစ်သိန်းကိုးသောင်းကျော်မှာ သုံးသောင်းရှစ်ထောင်လောက်ကို စစ်ကောင်စီက စာရင်းကောက်နိုင်ခဲ့ပါတယ်။

ချင်းပြည်နယ်မှာ ရွေးကောက်ပွဲကျင်းပဖို့ဆိုတာ မဖြစ်နိုင်တော့ဘဲ ဒီနှစ်မိုးရာသီမကုန်ခင် လက်ကျန်မြို့တွေကို သိမ်းပိုက်နိုင်ဖို့ မျှော်လင့်ထားတယ်လို့ ချင်းညီနောင်တပ်ဖွဲ့ရဲ့ အတွင်းရေးမှူးအဖွဲ့ဝင် ဆလိုင်းဝီလျံချင်းက ပြောပါတယ်။

“ကျွန်တော်တို့ ချင်းညီနောင်အနေနဲ့ ၂၀၂၄ ထဲကနေ အကုန်လွတ်မြောက်အောင် ကြွေးကြော်ထားတယ်။ ဒါပေမဲ့ အခြေအနေအရ အခုအထိတိုက်ပွဲဝင်နေရတုန်း။ ဖလမ်းကို မြို့ထဲအထိ အကုန်သိမ်းထားပြီးပြီ။ ဘယ်ဌာနမှ မလည်ပတ်တော့ဘူး။ တပ်ကုန်းတစ်ခုထဲကျန်တယ်။ တီးတိန်မှာကျတော့ ဌာနဆိုင်ရာ တချို့တွေရှိသေးတယ်။ နှစ်ဖက်တင်းမာမှုတွေလည်း ရှိလာပြီဆိုတော့လေ။ ချင်းညီနောင်နယ်မြေမှာတော့ သိပ်မကြာတော့ လောက်ပါဘူး။ မိုးမကုန်ခင်လောက်တော့ ပြီးနိုင်မယ်လို့ မျှော်လင့်ပါတယ်”

ချင်းပြည်နယ်မှာ မြို့နယ် ကိုးမြို့နယ်ရှိတဲ့အထဲ ငါးမြို့နယ်ကို တော်လှန်ရေးအဖွဲ့တွေက သိမ်းပိုက်ထားပါတယ်။

ချင်းညီနောင်တပ်ဖွဲ့က မင်းတပ်၊ မတူပီနဲ့ ကန်ပက်လက်မြို့နယ်တွေကို သိမ်းပိုက်ထားပြီး စစ်ကောင်စီရဲ့ လက်ကျန်စခန်းတွေရှိနေသေးတဲ့ ဖလမ်းနဲ့ တီးတိန်ကို ဆက်လက်ထိုးစစ်ဆင်နေတာပါ။

တွန်းဇံမြို့နယ်ကိုတော့ ချင်းအမျိုးသားတပ်ဦး (CNF) ဦးဆောင်ဖွဲ့စည်းထားတဲ့ ချင်းပြည်ကောင်စီက သိမ်းပိုက်ထားပါတယ်။

တပ်ရင်းတချို့ကျန်နေသေးတဲ့ ဟားခါးမြို့နယ်နဲ့ မြို့ဟောင်းနေရာတွေမှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ ကွက်ကြားနေရာယူထားတဲ့ ထန်တလန်မြို့နယ်ကို အလုံးစုံထိန်းချုပ်နိုင်ရေးအတွက် ချင်းပြည်ကောင်စီက ကြိုးပမ်းနေပါတယ်။

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့တွင် ချင်းညီနောင်ပူးပေါင်းတပ်ဖွဲ့ဝင်များအား ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၂၈ ရက်နေ့က တွေ့ရစဉ်။ (Photo: Facebook/ Chin Defence Force -Kanpetlet)
ချင်းပြည်နယ်၊ ကန်ပက်လက်မြို့တွင် ချင်းညီနောင်ပူးပေါင်းတပ်ဖွဲ့ဝင်များအား ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၂၈ ရက်နေ့က တွေ့ရစဉ်။ (Photo: Facebook/ Chin Defence Force -Kanpetlet)

စစ်ကောင်စီက တရုတ်လက်နက်တွေနဲ့ တိုက်ခိုက်တာတွေရှိနေတာကြောင့် တိုက်ပွဲတွေအတွင်း အခက်အခဲတွေရှိနေပေမဲ့ ဒီနှစ်မကုန်ခင် တော်လှန်ရေးတပ်ဖွဲ့တွေက ချင်းပြည်နယ်တစ်ခုလုံးကို စိုးမိုးနိုင်မယ်လို့ တွက်ဆထားကြောင်း ချင်းအမျိုးသားတပ်ဦး CNF ရဲ့ နိုင်ငံခြားရေးတာဝန်ခံ ဆလိုင်းဘွေလျန်မန်းက ပြောပါတယ်။

“ချင်းပြည်တောင်ပိုင်းတစ်ခုလုံးက တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ထိန်းချုပ်မှု လွတ်မြောက်မှု အောက်မှာရောက်သွားပြီ။ ချင်းပြည်မြောက်ပိုင်းမှာဆိုရင်လည်း စခန်းသုံးခုပဲ ကျန်တော့တယ်ဆိုတော့ ရွေးကောက်ပွဲလုပ်လို့ ရမှာမဟုတ်ဘူး။ ရန်သူကလည်း ဒီနှစ်ဆန်းပိုင်းမှာ တရုတ်လက်နက်တွေ ပိုသုံးလာတယ်။ လေကြောင်းတိုက်ခိုက်မှုတွေ ပိုအားဖြည့်လာတယ်ဆိုတော့ နည်းနည်းခက်ခဲမှုတွေ မြေပြင်မှာတော့ ရှိတာပေါ့။ ဒါပေမဲ့ ကျွန်တော်တို့ ဒီနှစ်အတွင်းတော့ စကစ ကင်းစင်တဲ့နယ်မြေဖြစ်အောင် ကြိုးပမ်းမယ်ဆိုတာတော့ မျှော်မှန်းထားပါတယ်”

ချင်းနဲ့ ရခိုင်ပြည်နယ်စပ်က ပလက်ဝမြို့နယ်ကိုတော့ ချင်းညီနောင်တပ်ဖွဲ့နဲ့ မဟာမိတ်ဖြစ်တဲ့ ရက္ခိုင်တပ်တော် AA က သိမ်းထားပါတယ်။ ပလက်ဝမြို့နယ်အုပ်ချုပ်ရေးအတွက် ချင်းကာကွယ်ရေးတပ် CDF ပလက်ဝနဲ့ ရက္ခိုင့်တပ်တော် AA ကြား ဆွေးနွေးနေသလို ပလက်ဝဒေသခံတွေဘက်ကလည်း ဆွေးနွေးတာတွေရှိပေမဲ့ အများသိအောင် ထုတ်ပြောနိုင်တာတော့ မရှိသေးဘူးလို့ ဆလိုင်းဝီလျံချင်းက ပြောပါတယ်။


ဆက်နွှယ်သောသတင်းများ

ချင်းပြည်နယ်ရဲ့ နယ်မြေ ၈၅ ရာခိုင်နှုန်းကို တော်လှန်ရေးတပ်တွေ သိမ်းပိုက်ထား

မြို့သိမ်းတိုက်ပွဲတွေ ဆက်လုပ်ဖို့ ICNCC တိုက်တွန်း

ချင်းဒေသက စစ်ရေးအောင်မြင်မှု ပြည်မအတွက် အရေးပါကြောင်း NUG ယာယီသမ္မတပြော


တစ်ဖက်မှာလည်း တစ်ပြည်နယ်လုံးစိုးမိုးမှုရပြီးနောက်ပိုင်း ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်တွေအတွက်လည်း အခုကတည်းက စတင်လုပ်ဆောင်နေပြီလို့ သူက ဆက်ပြောပါတယ်။

“ကျွန်တော်တို့ ထူထောင်ရေးအတွက်လုပ်ဖို့ Planning တွေ အခုကတည်းက ဆွဲထားတဲ့ဟာတွေရှိတယ်။ တချို့ INGO တွေရဲ့ အကူအညီရော၊ နိုင်ငံတကာအစိုးရအဖွဲ့တွေရဲ့ အကူအညီတွေရော ကျွန်တော်တို့ ရနိုင် သလောက်တော့ ချဉ်းကပ်ပြီးမှ လုပ်ဆောင်သွားဖို့ရှိတယ်။ Non-Sate actor ပုံစံမျိုးမဟုတ်ဘဲ State-actor ပုံစံနဲ့ ကျွန်တော်တို့နဲ့ ထိတွေ့ဆက်ဆံဖို့အထိကို ကြိုးစားသွားဖို့ ရှိပါတယ်။ ပြန်လည်ထူထောင်ရေးအတွက်လည်း ရန်ပုံငွေကအစ ပြည်ပရောက်ချင်းလူမျိုးတွေကို ပြင်ဆင်စုဆောင်းထားဖို့ တိုက်တွန်းထားတာ ရှိပါတယ်”

လက်နက်ကိုင်အင်အားစုတွေများတဲ့အတွက် ချင်းပြည်နယ်တစ်ခုလုံး စစ်ကောင်စီထိန်းချုပ်မှုအောက်က လွတ်မြောက်သွားရင်တောင် လက်နက်ကိုင်အဖွဲ့တွေကြား နယ်မြေထိန်းချုပ်ရေးအတွက် နောက်ဆက်တွဲ အခက်အခဲတွေနဲ့ ညှိနှိုင်းရတာတွေ ရှိလာနိုင်တယ်ဆိုတဲ့ တွက်ဆချက်တွေလည်းရှိပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။