မြို့သိမ်းတိုက်ပွဲတွေ ဆက်လုပ်ဖို့ ICNCC တိုက်တွန်း

RFA Burmese
2025.01.02
မြို့သိမ်းတိုက်ပွဲတွေ ဆက်လုပ်ဖို့ ICNCC တိုက်တွန်း ချင်းညီနောင်ပူးပေါင်းတပ်ဖွဲ့ဝင်များအား ချင်းပြည်နယ် ကန်ပလက်မြို့ အဝင်တစ်နေရာတွင် ၂ဝ၂၃ ခုနှစ်၊ စက်တင်ဘာလ ၂၈ ရက်နေ့က တွေ့ရစဉ်။
Photo: Chin Defence Force -Kanpetlet

ချင်းပြည်သူတွေ လိုလားတဲ့ ဖက်ဒရယ်ဒီမိုကရေစီ ချင်းပြည်သစ် ထူထောင်နိုင်ရေးအတွက် မြို့သိမ်းတိုက်ပွဲတွေ ဆက်လုပ်ဖို့ ကြားကာလချင်းအမျိုးသား အတိုင်ပင်ခံကောင်စီ (ICNCC) က တိုက်တွန်းလိုက်ပါတယ်။

ဇန်နဝါရီလ ၁ ရက်နေ့က ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ (ICNCC) ရဲ့ နှစ်သစ်ကူးသဝဏ်လွှာမှာ တိုက်တွန်းလိုက်တာပါ။

၂၀၂၅ ခုနှစ်ဟာ ချင်းတစ်မျိုးသားလုံး အပြီးသတ်အောင်ပွဲခံမဲ့နှစ်ဖြစ်အောင် အစွမ်းကုန်ကြိုးပမ်းဆောင်ရွက်သွားမယ်လို့လည်း ဆိုပါတယ်။

မြို့သိမ်းတိုက်ပွဲတွေ ဆက်လုပ်ဖို့ပြောပေမဲ့ တိုက်တွန်းတဲ့ အဖွဲ့အစည်းအမည်တွေကို အတိအကျ ထည့်သွင်းပြောဆိုတာမရှိပါဘူး။

ချင်းပြည်နယ်မှာ မြို့နယ် ကိုးမြို့နယ်ရှိပြီး အဲဒီထဲက ငါးမြို့နယ်ကို ချင်းတော်လှန်ရေးအဖွဲ့တွေနဲ့ အာရက္ခတပ်တော် (AA) တို့က အသီးသီး သိမ်းပိုက်ထားပါတယ်။

ချင်းပြည်နယ် တောင်ပိုင်း ပလက်ဝမြို့နယ်ကို AA က သိမ်းပိုက်ထားသလို မင်းတပ်မြို့နယ်၊ မတူပီမြို့နယ်နဲ့ ကန်ပက်လက်မြို့နယ်တွေကို ချင်းညီနောင်အဖွဲ့က သိမ်းပိုက်ထားပြီး တွန်းဇံမြို့ကို ချင်းပြည်ကောင်စီတပ်က သိမ်းပိုက်ထားပါတယ်။

သိမ်းပိုက်ရရှိထားတဲ့မြို့တွေ၊ မြို့နယ်တွေမှာ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေ စတင်အကောင်အထည်ဖော်နိုင်ရေးအတွက် ပြည်သူတွေရဲ့ လုံခြုံရေးအပြည့်အဝရဖို့၊ အုပ်ချုပ်ရေး ယန္တရားလည်ပတ်နိုင်ရေး၊ လူ့စွမ်းအား အရင်းအမြစ်ရရှိရေးကို စီစဉ်ဆောင်ရွက်နေတယ်လို့လည်း ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

ICNCC ကို ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရ ချင်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ်တွေ၊ ချင်းအမျိုးသားတပ်ဦး (CNF) နဲ့ ချင်းနိုင်ငံရေးပါတီတွေ၊ အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ ၂၀၂၁ ဧပြီလ ၁၃ ရက်နေ့မှာ စတင်ဖွဲ့စည်းခဲ့ပြီး ၂၀၂၃ မှာ ချင်းအမျိုးသားတပ်ဦး (CNF) ဟာ အဖွဲ့ဝင်အဖြစ်ကနေ နုတ်ထွက်ခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။