ချင်းဒေသက စစ်ရေးအောင်မြင်မှု ပြည်မအတွက် အရေးပါကြောင်း NUG ယာယီသမ္မတပြော

RFA Burmese
2024.12.30
ချင်းဒေသက စစ်ရေးအောင်မြင်မှု ပြည်မအတွက် အရေးပါကြောင်း NUG ယာယီသမ္မတပြော ချင်းညီနောင်နှင့် မဟာမိတ်တပ်ဖွဲ့များမှ မင်းတပ်မြို့အခြေစိုက် အမှတ် (၂၇၄) ခြေလျင်တပ်ရင်းကို သိမ်းပိုက်အပြီး ၂ဝ၂၄ ခုနှစ် ဒီဇင်ဘာလ ၂၂ ရက်နေ့က ထုတ်ပြန်ထားသည့်ပုံ။
Chin Defence Force - Mindat

ချင်းပြည်နယ်မှာ မြို့တွေ သိမ်းနိုင်တဲ့အထိ စစ်ရေးအောင်မြင်မှုတွေရနေပြီး ချင်းပြည်နယ်နဲ့ဆက်စပ်နေတဲ့ ရခိုင်ပြည်နယ်၊ မြေလတ်ဒေသနဲ့ ပြည်မအထိ စစ်ရေးချိတ်ဆက်မှု အလှမ်းမီအောင် လုပ်ဆောင်လာနိုင်တာဟာ စစ်ကောင်စီကို စစ်မျက်နှာပေါင်းစုံကနေ တော်လှန်တိုက်တိုက်ဖို့အတွက် အဓိက အင်အားတစ်ခု ဖြစ်လာတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ယာယီသမ္မတ ဒူဝါလရှီးလက ဒီဇင်ဘာ ၃၀ ရက်နေ့မှာ ပြောပါတယ်။

ချင်းပြည်နယ်တောင်းပိုင်းက မြို့တွေကို သိမ်းပိုက်ထိန်းချုပ်ထားတဲ့ ချင်းညီနောင်အဖွဲ့ (Chin Brotherhood) ဖွဲ့စည်းတည်ထောင်ခြင်း တစ်နှစ်ပြည့် အခမ်းအနားမိန့်ခွန်းမှာ ထည့်သွင်းပြောဆိုတာပါ။

ချင်းတော်လှန်ရေးတပ်ဖွဲ့တွေက နိုင်ငံရဲ့ အနောက်မြောက်ဘက် ဧရိယာတွေကို စိုးမိုးထိန်းချုပ်ပြီး စစ်ကောင်စီတပ်ကို တော်လှန်တိုက်ခိုက်နေဟာ ထိရောက်တဲ့စစ်ရေးတာဝန်ကို ကွပ်ကဲနိုင်တာလို့ NUG ယာယီသမ္မတက ပြောပါတယ်။

ချင်းပြည်နယ်မှာ မြို့နယ် ကိုးမြို့နယ်ရှိတဲ့အနက် မတူပီ၊ မင်းတပ်၊ ကန်ပက်လက်၊ ပလက်ဝ၊ တွန်းဇံ စတဲ့ မြို့နယ် ငါးမြို့နယ်ကို ချင်းညီနောင်အဖွဲ့၊ အာရက္ခတပ်တော် (AA) နဲ့ ချင်းပြည်ကောင်စီအဖွဲ့တို့က အသီးသီး သိမ်းပိုက်ထိန်းချုပ်ထားပါတယ်။

ကျန်တဲ့ လေးမြို့နယ်ထဲက ဖလမ်းမြို့ကို ချင်းညီနောင်အဖွဲ့က ထိုးစစ်ဆင်နေပြီး ဟားခါးနဲ့ ထန်တလန်မြို့တွေကိုတော့ ချင်းပြည်ကောင်စီအဖွဲ့ ထိုးစစ်ဆင် တိုက်ခိုက်နေတာကြောင့် တစ်စိတ်တစ်ပိုင်း ထိန်းချုပ်ထားနိုင်တာပါ။

ဒါကြောင့် လက်ရှိမှာ ချင်းပြည်နယ်ရဲ့ ၈၅ ရာခိုင်နှုန်းကို တော်လှန်ရေးတပ်တွေက သိမ်းပိုက်ထားပြီးဖြစ်တယ်လို့ ချင်းညီနောင်အဖွဲ့ရဲ့ပြောခွင့်ရ ဆလိုင်းယောမာန်က ဒီဇင်ဘာ ၂၃ ရက်က ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့ပါတယ်။

ဒီအပြင် ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်နဲ့ဆက်စပ်တဲ့ ရခိုင်ရိုးမပေါ်နဲ့ မကွေးတိုင်းရဲ့ ဧရာဝတီမြစ်အနောက်ဘက်ခြမ်းဒေသမှာ အထိုင်ချပြီး လှုပ်ရှားနေတဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ တိုက်ခိုက်မှုတွေလည်း ခပ်စိပ်စိပ် ရှိလာနေတာပါ။

ဒီအခြေအနေတွေနဲ့ပတ်သက်လို့ တုံ့ပြန်ချက်ရနိုင်ဖို့ စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာမရှိပါဘူး။

မြန်မာနိုင်ငံရဲ့အနောက်ခြမ်း ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်က နယ်မြေအများစုကို လက်လွှတ်လိုက်ရတဲ့ စစ်ကောင်စီကတော့ အဲဒီဒေသတွေနဲ့ ဆက်စပ်နေတဲ့ ဧရာဝတီတိုင်း၊ ပဲခူးတိုင်းအနောက်ခြမ်းနဲ့ မကွေးတိုင်းတို့မှာ စစ်တပ်မိသားစုဝင်တွေကို နေရာရွှေ့ပြောင်းပေးတာ အပါအဝင် လက်နက်အင်အား၊ လူအင်အားတိုးချပြီး စစ်ရေး ပြင်ဆင်နေတယ်လို့ ဒေသခံတွေနဲ့ ကာကွယ်ရေး တပ်ဖွဲ့ဝင်တွေက ပြောကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။