လုံခြုံရေးစခန်းကိုလာတိုက်လို့ KIA ကို လက်တုံ့ပြန်ခဲ့ကြောင်း စစ်ကောင်စီပြော
2023.11.01

ကချင်ပြည်နယ် မြစ်ကြီးနား - ဗန်းမော် ကားလမ်းကို လုံခြုံရေး ယူပေးနေတဲ့ စစ်ကောင်စီရဲ့ ကန်တော်ယန် လုံခြုံရေးစခန်းကို ကချင်လွတ်လပ်ရေးအဖွဲ့ (KIA) နဲ့ ပူးပေါင်းတပ်တွေက အောက်တိုဘာ ၃၁ ရက် မနက်ပိုင်းမှာ အင်အား အလုံးအရင်းနဲ့ လာတိုက်တာကြောင့် လက်တုံ့ပြန်ခဲ့ကြောင်း စစ်ကောင်စီ သတင်းစာတွေက နိုဝင်ဘာ ၁ ရက် ဒီနေ့ ထုတ်ပြန်ပါတယ်။
ငြိမ်းချမ်းရေး အကြိမ်ကြိမ် ကမ်းလှမ်းပြီး သည်းခံခဲ့ပေမယ့် KIA နဲ့ ပူးပေါင်းအင်အားစုတွေဟာ ရှမ်းပြည်နယ်မြောက်ပိုင်းက စစ်ရေးလှုပ်ရှားမှုတွေနဲ့ အချိန်ကိုက် အခွင့်အရေးယူပြီး သာလွန်အင်အားနဲ့ လာတိုက်ခဲ့တာကြောင့် တပ်မတော်ဘက်က အရာရှိ/စစ်သည်အချို့ သေဆုံး၊ ထိခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
ဒါကြောင့် KIA ရဲ့ လက်နက်ထုတ်လုပ်တဲ့နေရာ၊ ခဲယမ်းနဲ့ မိုင်းထုတ်လုပ်တဲ့နေရာ၊ သိုလှောင်တဲ့နေရာတွေကို တုံ့ပြန်တိုက်ခိုက်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ ဘယ်လိုပုံစံ လက်တုံ့ပြန်ခဲ့သလဲဆိုတာကို အတိအကျ ရေးမထားပါဘူး။
“မြို့ခံအားလုံးနီးပါး လေကြောင်းတိုက်ခိုက်မှုကနေ ကင်းလွတ်နိုင်မယ့်နေရာတွေမှာ ခိုလှုံနေကြတယ်”
စစ်ကောင်စီရဲ့ ကန်တော်ယန်စခန်းကို သိမ်းလိုက်ပြီးနောက်မှာ စစ်ကောင်စီက လိုင်ဇာအနီးတစ်ဝိုက်ကို လေကြောင်းနဲ့ အပြင်းအထန် တိုက်ခိုက်နေတာလို့ KIA သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက RFA ကို ပြောပါတယ်။
“တိုက်ပွဲကတော့ ဆက်ဖြစ်မှာပါ။ မနေ့ကလည်း လေကြာင်းနဲ့ ပစ်တယ်။ ဒီနေ့လည်း လေကြောင်းနဲ့ ပစ်တယ်။ နောက် ဒီခရာ မဒီးယန်ပေါ့ အဲဒီတစ်ကြောမှာရှိတဲ့ စစ်ကြောင်းတွေကလည်း ဗန်းမော်ဘက်က နည်းနည်း ဆင်းလာသလိုနဲ့ သူတို့ တပ်ပိုင်းဆိုင်ရာ လှုပ်ရှားတာကို တွေ့ရတယ်။ ဆိုတော့ ကျွန်တော်တို့ ကချင်ပြည်နယ် လိုင်ဇာပတ်ဝန်းကျင်မှာ တိုက်ပွဲတွေ ဆက်ဖြစ်ဖို့ ရှိပါတယ်”
လိုင်ဇာဒေသခံတွေကလည်း အောက်တိုဘာ ၃၁ ရက် မနေ့ မွန်းလွဲ နှစ်နာရီလောက်မှာ လိုင်ဇာမြို့နဲ့ ခုနစ်မိုင်ခန့်အကွာရှိ (Alem Bum) အလန့်ဘွမ်တောင်ကို စစ်ကောင်စီက လေကြောင်းကနေ သုံးကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ပြောပါတယ်။
စစ်ကောင်စီရဲ့ လေကြောင်းရန်ကို စိုးရိမ်တာကြောင့် လိုင်ဇာမြို့က အရပ်သားတွေ တရုတ်နယ်စပ် ခြံစည်းရိုး အနီးမှာ မနေ့ကတည်းက တိမ်းရှောင်နေကြတယ်လို့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
“ထွက်ပြေးစရာ နေရာလည်းမရှိ၊ ဒီအတိုင်းပဲ ဒုက္ခရောက်နေတယ်။ တရုတ်နယ်စပ်မှာပဲ ပုန်းနေကြတယ်။ ထွက်လိုက်၊ ဝင်လိုက်နဲ့ နည်းနည်း အသံတိတ်တဲ့အခါကျတော့ ကိုယ့်နေရာကို ခဏပြန်ပြီးမှ ဒီနယ်စပ်မှာပဲ နေကြတယ်။ စိုးရိမ်တာပေါ့၊ စိုးရိမ်လည်း ပြေးစရာနေရာ မရှိတော့ နယ်စပ်ကိုပဲ ပြေးပြီးမှ ခိုလှုံနေကြတာ”
နိုဝင်ဘာ ၁ ရက် ဒီနေ့မှာလည်း လိုင်ဇာမြို့ပေါ်မှာ လူသွားလူလာ လုံးဝ မရှိတော့ဘဲ မြို့ခံအားလုံးနီးပါး လေကြောင်း တိုက်ခိုက်မှုကနေ ကင်းလွတ်နိုင်မယ့် နေရာတွေမှာ ခိုလှုံနေကြတယ်လို့ သူက ဆိုပါတယ်။
ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိုနှိုင်းရေးရုံး (UNOCHA) ရဲ့ ၂၀၁၃ ခုနှစ် ဇန်နဝါရီလ ထုတ်ပြန်ချက်အရ KIO/ KIA ဌာနချုပ်တည်ရှိရာ လိုင်ဇာမှာ လူဦးရေ နှစ်သောင်းခန့် ရှိပါတယ်။ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှု နောက်ပိုင်းမှာလည်း လွှတ်တော်အမတ်တွေနဲ့ ကျောင်းသားလူငယ်တွေ အပါအဝင် နိုင်ငံတစ်ဝန်းက အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားသူ အများအပြား လိုင်ဇာမြို့မှာ ခိုလှုံနေကြပါတယ်။
လိုင်ဇာမြို့နဲ့ နီးကပ်တဲ့ ဗန်းမော်ြမို့နယ် ဒေါ့ဖုန်းယန်မြို့ခံ တစ်ဦးကလည်း လိုင်ဇာက တိုက်ပွဲအခြေအနေကို အမြဲနားစွင့်ပြီး သတိနဲ့ နေထိုင်နေရတယ်လို့ RFA ကို ပြောပါတယ်။
“အခုလောလောဆယ်က စောင့်ကြည့်နေကြရတယ်။ တစ်ယောက်နဲ့တစ်ယောက် သတင်းအချက်အလက်ကလည်း သိပ်မရတော့လေ။ ကန်တော်ယန်ကို သူတို့ (KIA) ထိန်းချုပ်လိုက်တာနဲ့ မလိနဲ့ ကန်တော်ယန်ကို (စစ်ကောင်စီက) ပစ်နေကြတယ်။ အခုလောလောဆယ်က KIO အစိုးရက ဂန်တောင်ရန်စခန်းကို သိမ်းပိုက်လိုက်ပြီ။ အားလုံးပါသွားပြီတဲ့။ ၃၈၇ တပ်ရင်းက အဲဒီတောင်မှာ စခန်းထိုင်တယ်။ အဲဒီတပ်ရင်းက ဗျူဟာကုန်းဆိုပြီး ထိုင်ထားတာ။ တပ်ရင်းမှူးက ကျသွားတယ်လို့ ကြားတယ်။ ဒီမနက်အထိကတော့ သူတို့ ဂန်တောင်ရန်စခန်းကို သိမ်းပိုက်လိုက်တဲ့အခါကျတော့ လိုင်ဇာပတ်ဝန်းကျင် အနီးတစ်ဝိုက်ကို လေယာဉ်ဗုံးတွေ လိုက်ကြဲနေတာ။ လိုင်ဇာရဲ့ အလန့်ဘွမ် ပတ်ဝန်းကျင်နဲ့ (KIA) တပ်မဟာ (၅) ပတ်ဝန်းကျင်ကို လေယာဉ်ဗုံးတွေ ကြဲချနေတယ်”
ဒီအခြေအနေတွေနဲ့ပတ်သက်ပြီး စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဒီနေ့ ဖုန်းခေါ်ခဲ့ပေမယ့် လက်ခံဖြေဆိုခြင်း မရှိပါဘူး။
စစ်ကောင်စီရဲ့ ဒီနေ့ထုတ်ပြန်ချက်မှာတော့ KIA ကို လက်တုံ့ပြန်တဲ့နေရာမှာ လိုင်ဇာဟာ တရုတ်-မြန်မာ နယ်စပ်အနီးမှာ တည်ရှိတာကြောင့် တရုတ်နိုင်ငံကို ကြိုတင် အသိပေးခဲ့သလို တိုက်ခိုက်မှုတွေကိုလည်း ထိန်းထိန်းသိမ်းသိမ်း လုပ်ခဲ့တယ်လို့ ဆိုပါတယ်။
ဒီအခြေအနေအတွင်းမှာပဲ နေပြည်တော်ကို ရောက်ရှိနေတဲ့ တရုတ်အစိုးရ လုံခြုံရေးဝန်ကြီး ဝမ်ချောက်ဟုန်နဲ့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ အောက်တိုဘာ ၃၁ ရက် မနက်ပိုင်းက တွေ့ဆုံပြီး နိုင်ငံအရှေ့မြောက်ပိုင်းက တိုက်ခိုက်မှုတွေနဲ့ အွန်လိုင်း လောင်းကစားကိစ္စတွေ အပါအဝင် လုံခြုံရေးနဲ့ ဥပဒေရေးရာ ကိစ္စတွေကို ဆွေးနွေးခဲ့ကြောင်း စစ်ကောင်စီ သတင်းစာတွေက ဖော်ပြပါတယ်။
မြန်မာဟာ တရုတ်အတွက် ယုံကြည်စိတ်ချရတဲ့ နိုင်ငံဖြစ်သလို တရုတ်ဟာလည်း မြန်မာအတွက် ယုံကြည်စိတ်ချရတဲ့ နိုင်ငံဖြစ်တယ်လို့လည်း စစ်ကောင်စီက ဆိုပါတယ်။
ဒါဟာ မြောက်ပိုင်းကိစ္စတွေနဲ့ပတ်သက်ပြီး တရုတ်ဘက်က လာညှိပေးနေပုံရတယ်လို့ တရုတ်နိုင်ငံ အခြေစိုက် နိုင်ငံရေး လေ့လာသုံးသပ်သူ ဒေါက်တာ လှကျော်ဇော က ပြောပါတယ်။
“နယ်စပ်ဒေသ တည်ငြိမ်ရေးနော် တစ်အချက်က။ နှစ်အချက်က ငွေလိမ်တဲ့ ဂိုဏ်းတွေ အဲဒီကိစ္စ တရုတ်က ဖမ်းထားတာတွေလည်း များတယ်၊ ဆိုတော့ အဲဒီကိစ္စတွေ လာရှင်းတာနဲ့ တူပါတယ် ကြည့်ရတာ။ တရုတ်က ကြားကနေပြီး စေ့စပ်ပေးနေတဲ့ လူဖြစ်တော့ မြောက်ပိုင်းအဖွဲ့က ပြောတဲ့ကိစ္စတွေ စစ်ကောင်စီကို သွားပြောတာလည်း ဖြစ်ချင်ဖြစ်မယ်။ သူတို့ညှိပေးနေပုံရပါတယ်”
ဒီနှစ် ဇူလိုင်လကစလို့ လိုင်ဇာအနီးတစ်ဝိုက်မှာ စစ်ကောင်စီနဲ့ KIA ပူးပေါင်းတပ်တွေကြား နေ့စဉ်လိုလို တိုက်ပွဲတွေ ပြင်းထန်နေပြီး စစ်ကောင်စီက လိုင်ဇာကို လက်နက်ကြီးတွေနဲ့ နေ့စဉ်လိုလို ပစ်ခတ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလ ၉ ရက်နေ့ကလည်း လိုင်ဇာဌာနချုပ်အနီး မုန်လိုင်ခက်ရွာမှာရှိတဲ့ စစ်ဘေး ဒုက္ခသည်စခန်းကို စစ်ကောင်စီက ကြီးမားပြင်းထန်တဲ့ တိုက်ခိုက်မှုလုပ်ခဲ့တာကြောင့် ကလေးငယ်တွေ အပါအဝင် ဒုက္ခသည် ၂၉ ဦး သေဆုံးခဲ့ပါတယ်။
ဒါ့အပြင် ၂၀၂၂ ခုနှစ် အောက်တိုဘာ ၂၃ ရက်ညကလည်း ဖားကန့်မြို့အနီးက အနန့်ပါရွာမှာ ပြုလုပ်နေတဲ့ KIO နှစ်ပတ်လည် တေးဂီတဖျော်ဖြေပွဲကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် KIA တပ်ဖွဲ့ဝင်တွေ၊ ကချင်အနုပညာရှင်တွေ၊ ဘာသာရေးဆရာတွေနဲ့ အရပ်သား ၁၇ ဦး အပါအဝင် စုစုပေါင်း ၆၃ ဦး သေဆုံးခဲ့ပါတယ်။