တရုတ်မယားအဖြစ် ရောင်းစားခံရမှုများ

RFA Burmese
2025.03.19
တရုတ်မယားအဖြစ် ရောင်းစားခံရမှုများ မြန်မာနိုင်ငံသားများကို တရုတ်-မြန်မာနယ်စပ် နန်းတော်ဂိတ်တွင် ၂၀၂၁ ခုနှစ် သြဂုတ်လ ၁၅ ရက်နေ့က တွေ့ရစဉ်။
Citizen Photo

လက်ရှိမြန်မာနိုင်ငံမှာ အလုပ်အကိုင်ရှားပါးမှုနဲ့ စီးပွားရေးအကျပ်အတည်းတွေကြောင့် တရုတ်ပြည်မှာ အလုပ်ရမယ်လို့ လိမ်လည်ခံရပြီး တရုတ်မယားအဖြစ် ရောင်းစားခံရတာတွေ ပိုများလာတယ်လို့ ကိုယ်တွေ့ကြုံနေရသူတွေနဲ့ ကူညီနေသူတွေက ပြောပါတယ်။

အရင်က တရုတ်နယ်စပ်နဲ့နီးတဲ့ဒေသတွေက တိုင်းရင်းသူတွေအများစုလောက်ပဲ တရုတ်မယားအဖြစ် ရောင်းစားခံရတာများတယ်လို့ ပြောကြပါတယ်။

အခုနောက်ပိုင်းမှာ တရုတ်မယားလုပ်ဖို့ Tiktok ပေါ်မှာလည်း ပေါ်ပေါ်တင်တင် အလုပ်ခေါ်တဲ့ကြော်ငြာတွေလည်း ခပ်စိပ်စိပ် တွေ့လာရပါတယ်။

အဲဒီကြော်ငြာတွေမှာ အသက် ၃၀ အောက် အမျိုးသမီးငယ်တွေကို အဓိကခေါ်နေပြီး တရုတ်မယား လုပ်ရင် တရုတ်ယွမ်ငွေ နှစ်သောင်း သုံးသောင်းရမယ်၊ ကောင်းကောင်းမွန်မွန်နေထိုင်ရမယ်လို့ မြူစွယ်ထားတာတွေ တွေ့ ရပါတယ်။

"တရုတ်မယားလုပ်ပြီး ထွက်ပြေးလာတဲ့သူတွေလည်း အများကြီးတွေ့ခဲ့တယ်။ နေ့တိုင်း ညတိုင်း ဖမ်းမိတယ်။ အမျိုးသားတွေက ကားသမားတွေပဲပါတာ။ ကျွန်မ စကားပြန်လုပ်ပေးခဲ့တာတောင် အယောက် တစ်ရာလောက်ရှိတယ်"

များသောအားဖြင့် တရုတ်ပြည်က အထည်ချုပ်စက်ရုံတွေ၊ အလှပြင်ဆိုင်တွေမှာ အလုပ်ကောင်းကောင်း ရမယ်ဆိုပြီး လှည့်ဖြားနေတာတွေ့ရသလို၊ တချို့ကတော့ ပွဲစားတွေကတစ်ဆင့် တရုတ်မယားအဖြစ် လက်ထပ်ပြီး နိုင်ငံကူးလက်မှတ်တွေနဲ့ ခေါ်တာလည်း ရှိပါတယ်။

တရုတ်ပြည် Anhui ပြည်နယ်က စိတ်ဝေဒနာသည် တရုတ်အမျိုးသားတစ်ဦးဆီမှာ မယားအဖြစ် ရောင်းစားခံနေရတာ ရှစ်လရှိနေပြီဖြစ်တဲ့ အသက် ၂၉ နှစ်အရွယ် ရန်ကုန်တိုင်း ဒလမြို့နယ်က အမျိုးသမီးတစ်ဦးက သူ့ကို အခန်းထဲကနေ အပြင်ပေးမထွက်ပဲ ကလေးမွေးပေးဖို့ပဲ ပြောနေတယ်လို့ သူက ပြောပါတယ်။

“ရောက်ရောက်ချင်းကတည်းက ဖုန်းလည်းမကိုင်ရဘူး။ အခန်းထဲမှာပဲ ပိတ်ထားတယ်။ အပေါ်နဲ့ အောက်တောင် ဆင်းခွင့်မပေးဘူး။ ရေသောက်ချိန်ရေ ထမင်းစားချိန် ထမင်း အခန်းအထိလာပို့ပေးတယ်။ တစ်ယောက်တည်း အခန်းထဲမှာ နေ့ရော ညရော နေရတယ်။ ဒီတိုင်းပဲလှောင်ထားတယ်။ ဒီတိုင်းပဲလှောင်ထားပြီး ညီမကို ကလေးမွေး ပေးဖို့ပဲ ပြောနေတာ။ (ညီမလို လူတွေ) ညီမကို tiktok အကောင့်ကနေ ဆက်သွယ်လာတဲ့သူတွေလည်း အများကြီးရှိတယ်။ သူတို့ဆို wechat မရှိဘူး။ တချို့ဆို ကိုယ်ဝန်က တစ်လ နှစ်လ အဲလောက်ရှိတဲ့လူနဲ့။ အသိကောင်မလေးတစ်ယောက်ဆို ဒီနေ့ဆို ကလေးမွေးတယ်”

သူက ရန်ကုန်အထည်ချုပ်စက်ရုံတစ်ရုံမှာ အလုပ်လုပ်နေရာက အသိတစ်ယောက်က တရုတ်ပြည်မှာ လစာပိုရတယ်လို့ ပြောတဲ့အတွက် လှိုင်သာယာက မြန်မာအမျိုးသမီးပွဲစားတစ်ဦးနဲ့ ချိတ်မိခဲ့တာလို့ ပြောပါတယ်။ အဲဒီပွဲစားကတစ်ဆင့် ယူနန်ပြည်နယ်က အထည်ချုပ်စက်ရုံတစ်ရုံမှာ အလုပ်ရမယ်ဆိုတဲ့အတွက် မူဆယ်မြို့အထိရောက်လာပြီး မြန်မာနဲ့ တရုတ်ပွဲစားငါးဖွဲ့က တစ်ဆင့်ပြီးတစ်ဆင့် ပို့လိုက်တဲ့အတွက် အခုရောက်နေတဲ့ တရုတ်အမျိုးသားဆီ ရောင်းစားခံရတာလို့ ပြောပါတယ်။


ဆက်နွှယ်သောသတင်းများ


မန္တလေးမြို့က တရုတ်လူကုန်ကူးဂိုဏ်းကို စစ်ကောင်စီ ဖမ်းဆီး

ဆုပ်လည်းစူး စားလည်းရူးဖြစ်နေတဲ့ တရုတ်ပြည်သွားဖို့မျှော်လင့်နေတဲ့ မြန်မာလူငယ်များ

တရုတ်ပြည်မှာ ရောင်းကုန်ဘဝကနေ လွတ်လာတဲ့ မင်းကွန်းသူ


သူ့ပြောပြချက်အရ မြန်မာအမျိုးသမီးတွေကိုယူတဲ့ တရုတ်အမျိုးသားတွေက သာမန်ကျေးလက် ကလူတွေဖြစ်သလို တစ်ခုလပ်၊ မုဆိုးဖို၊ ဆင်းရဲနွမ်းပါးသူ၊ စိတ်ပုံမှန်မဟုတ်တဲ့သူတွေ၊ ကျန်းမာရေး မကောင်းတဲ့သူတွေများပြီး မိသားစုတွေက မျိုးဆက်ကျန်စေချင်လို့ မြန်မာမိန်းကလေးတွေကို ကလေးမွေးခိုင်းဖို့ ဝယ်ကြတာလို့ သိရပါတယ်။

ပြီးခဲ့တဲ့လကလည်း ရန်ကုန်တိုင်း ဒလမြို့နယ်က အသက်မပြည့်သေးတဲ့ ဆယ်ကျော်သက်အရွယ် မိန်းကလေးတစ်ဦးကို တရုတ်မယားအဖြစ် လက်ထပ်ထိမ်းမြားဖို့လာတောင်းတဲ့ ရုပ်သံတစ်ခု Tiktok စာမျက်နှာပေါ်ထွက်ပေါ်လာခဲ့ပါတယ်။ အဲဒီရုပ်သံတင်ခဲ့တဲ့ တရုတ်နိုင်ငံသားနှစ်ဦးနဲ့ စကားပြန်အမျိုး သမီးကို လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့က ဖေဖော်ရီ ၆ ရက်နေ့က ဖမ်းဆီး အရေးယူထားတယ်လို့ စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။

ဇန်နဝါရီလကုန်ပိုင်းကလည်း ရခိုင်၊ မကွေးနဲ့ မန္တလေးတိုင်းက အမျိုးသမီး ခြောက်ဦးကို တရုတ်ကိုပို့ဖို့ ပြင်ဆင်နေတဲ့ ပွဲစားလေးဦးကို စစ်ကောင်စီက ဖမ်းဆီးအရေးယူထားတယ်လို့ ဖေဖော်ဝါရီ ၂ ရက်နေ့က ထုတ်ပြန်ထားပါတယ်။

တရုတ်နိုင်ငံ၊ ရွှေလီမြို့တွင် မြန်မာအလုပ်သမားတချို့ကို ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၃၀ ရက်နေ့က တွေ့ရစဥ်။ (Citizen Photo)
တရုတ်နိုင်ငံ၊ ရွှေလီမြို့တွင် မြန်မာအလုပ်သမားတချို့ကို ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၃၀ ရက်နေ့က တွေ့ရစဥ်။ (Citizen Photo)

ပြီးခဲ့တဲ့နှစ် အောက်တိုဘာလက မိုင်းယန်းမြို့နယ် မိုင်းပေါက်က အနှိပ်ခန်းမှာ အလုပ်ရှိတယ်ဆိုပြီး လိုက်သွားမိတဲ့ အမျိုးသမီးတစ်ယောက်က သူ့ကိုပန်ဆန်းကိုခေါ်သွားပြီး တရုတ်မယားအဖြစ် ရောင်းစားဖို့ပို့တဲ့အချိန်မှာ တရုတ်ရဲတွေရဲ့ အဖမ်းခံရလို့ ၂၁ ရက် ထောင်ကျပြီး ပြန်လွတ်လာခဲ့ပါတယ်။ သူအချုပ်ခံထားရတဲ့အချိန်မှာ ရောင်းစားခံရတဲ့ မြန်မာမိန်းကလေးတွေ တစ်ရာထက်မနည်း တွေ့ခဲ့ရတယ်လို့ ပြောပါတယ်။

“ပွဲစား အမျိုးသားငါးယောက်က ခိုးလမ်းကနေ တရုတ်မှာ ကျွန်မကိုရောင်းစားဖို့ ခေါ်လာတဲ့ အချိန်မှာပဲ ပန်းဆန်းတစ်ဖက်ကမ်း တရုတ်ပြည် မိုင်းလျန်မြို့ (လောင်ဟိုင်းပြည်နယ် မိုင်းလျန်မြို့ (Menglian, Longhai) ) မှာ တရုတ်ရဲတွေ စစ်တဲ့အချိန် ဖမ်းဆီးခံရတာ။ အချုပ်ခန်းရောက်တော့ ကျွန်မ စကားပြန် လုပ်ပေးရတာ အဲဒီမှာ မြန်မာအမျိုးသမီးတွေအများကြီးပဲ။ တရုတ်မယားလုပ်ပြီး ထွက်ပြေးလာတဲ့သူတွေလည်း အများကြီးတွေ့ခဲ့တယ်။ နေ့တိုင်း ညတိုင်း ဖမ်းမိတယ်။ အမျိုးသားတွေက ကားသမားတွေပဲပါတာ။ ကျွန်မ စကားပြန်လုပ်ပေးခဲ့တာတောင် အယောက် တစ်ရာလောက်ရှိတယ်။ မိတ္ထီလာဘက်က သူတွေလည်းပါတယ်”

တရုတ်မယားအဖြစ် ရောင်းစားခံရတာတွေဟာ အာဏာသိမ်းပြီးနောက် ပိုများလာတယ်လို့ မြန်မာနိုင်ငံ အလင်းသစ်အလုပ်သမားသမဂ္ဂအဖွဲ့ချုပ် (NLF_Myanmar) တွဲဖက်ဥက္ကဋ္ဌ ဒေါ်တင်တင်ဝေ က ပြောပါတယ်။

“တရုတ်မယားအဖြစ် ရောင်းစားခံရတာက အာဏာသိမ်းပြီးတဲ့နောက်ပိုင်း ပိုမိုပြီးတော့ ဆိုးရွားလာတယ်။ အာဏာသိမ်းပြီးတဲ့နောက်မှာ ဘာဖြစ်လို့ တရုတ်မယားအဖြစ် ရောင်းစားခံရတာ ပိုများလာလဲဆိုရင် နယ်စပ်ဂိတ်တွေကလည်း တရားဝင်ဖွင့်ထားတယ်ပေါ့နော်။ လွယ်လင့်တကူပဲ သူတို့ခေါ်ကြတာပေါ့နော်။ ကျွန်မတို့ တရုတ်နိုင်ငံကို ရောင်းစားခံရတဲ့အမျိုးသမီးတွေက ရွာဘက်တွေက များတာပေါ့နော်။ ရန်ကုန်အလုပ်လာ လုပ်ကြတဲ့သူတွေလည်းပါတယ်”

ပွဲစားတွေနဲ့ တချို့အမျိုးသားတွေ စည်းဝါးရိုက်ပြီး အမျိုးသမီးတွေကိုသမီးရည်းစားအဖြစ် ချဉ်းကပ် လှည့်စားပြီးမှ ရောင်းစားတာတွေလည်းရှိတယ်လို့ ပြောပါတယ်။ လက်ရှိကာလမှာ အမျိုးသမီးတွေကို ဇနီးမယားအဖြစ် တရုတ်နိုင်ငံကို အတင်းအဓမ္မရောင်းစားတာတွေ စိုးရိမ်စရာကောင်းလောက်အောင် ကျယ်ကျယ် ပြန့်ပြန့် ဖြစ်နေတယ်လို့ ကချင်အမျိုးသမီးအစည်းအရုံး - ထိုင်းနိုင်ငံ (KWAT) က ၂၀၂၄ ဒီဇင်ဘာ ၁၉ ရက်နေ့ ထုတ်ပြန်တဲ့ “Sold To China “လို့ အမည်ရ တဲ့ အစီရင်ခံစာမှာ ရေးသားထားပါတယ်။

တရုတ်ဇနီးမယားအဖြစ် ရောင်းစားခံနေရတဲ့ကိစ္စနဲ့ပတ်သက်လို့ သိနိုင်ဖို့ ရန်ကုန်မြို့အခြေစိုက် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးကို RFA က ဖေဖော်ဝါရီလ ၁၆ ရက်နေ့က အီးမေးလ်ကနေတစ်ဆင့် မေးမြန်းထားပေမဲ့ တစ်စုံတစ်ရာ အကြောင်းမပြန်ပါဘူး။

အမျိုးသမီးတစ်ဦးကို တရုတ်ယွမ် တစ်သောင်းမှ ငါးသိန်းအထိ စျေးနှုန်းအမျိုးမျိုးနဲ့ ရောင်းစားကြတယ်လို့လည်း KWAT အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
မြန်မာနိုင်ငံရဲ့ စစ်ရေး ပဋိပက္ခတွေကြောင့် ရတဲ့အလုပ်ကိုလုပ်ဖို့ လုပ်ဆောင်ရာကနေ ရောင်းစားခံရတာ များတယ်လို့ ကချင်အမျိုးသမီးအစည်းအရုံး - ထိုင်းနိုင်ငံ (KWAT) ရဲ့ပြောရေးဆိုခွင့်ရှိသူ ဒေါ်ဆန်ထွယ် ကပြောပါတယ်။

“ကိုယ်ရဲ့ဒေသမှာ အခက်အခဲဖြစ်လာတဲ့အတွက်ကြောင့် တခြားဒေသကို ပြောင်းရွှေ့ပြီး အလုပ်လုပ်ဖို့အတွက် ပိုပြီးတာဆူတာ ဖြစ်လာတဲ့အခြေအနေကိုတွေ့ရတယ်။ ဆိုတော့ များသောအားဖြင့်ကတော့ အလုပ်ရှိရင် အလုပ်သွားလုပ်မယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ပဲ ရောင်းစားခံရတဲ့အမျိုးသမီးတွေဖြစ်နေတာ။ မြန်မာနိုင်ငံစီးပွားရေး ချွတ်ခြုံကျမှု၊ နိုင်ငံရေးမတည်ငြိမ်မှု စစ်ပဋိပက္ခတောက်လျှောက်ဖြစ်နေတဲ့ကိစ္စတွေ ပညာရေး၊ ကျန်းမာရေး အခက်အခဲတွေ အများကြီးကြားထဲမှာ ဒီအမျိုးသမီးတွေက ဓားစာခံဖြစ်လာတာကိုလည်း အဓိကတွေ့ရတာပေါ့နော်”

၂၀၁၉ ကနေ ၂၀၂၃ ကြား လေးနှစ်အတွင်း တရုတ်မယားအဖြစ် ရောင်းစားခံရတဲ့ အမျိုးသမီး ၁၈၇ ယောက်ကို ကူညီနိုင်ခဲ့တယ်လို့ ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။