တရုတ်ပြည်မှာ ရောင်းကုန်ဘဝကနေ လွတ်လာတဲ့ မင်းကွန်းသူ
2020.01.21
တရုတ်ပြည်မှာ ကလေးထိန်းအလုပ်က လစာကောင်းတယ်ဆိုပြီး စည်းရုံးခံရတဲ့ စစ်ကိုင်း မင်းကွန်းနယ်က ဆယ်ကျော်သက် မမြတ်သူဟာ တရုတ်မယားအဖြစ် ရောင်းစားခံလိုက်ရပါတယ်။ မမြတ်သူရဲ့မိသားစုကို RFA က ကွင်းဆင်းတွေ့ဆုံပြီးတော့ အကြောင်းစုံကို တင်ပြထားပါတယ်။
ဒီနေရာကဆိုရင် ကမ္ဘာမှာ နာမည်ကြီးတဲ့ မင်းကွန်းခေါင်းလောင်းကြီးတည်ရှိရာနေဖြစ်သလို မြသိန်းတန်စေတီ အနီးနားတဝိုက်ဖြစ်ပါတယ်။ မင်းကွန်းတိုက်နယ် ကင်းကျေးရွာကို ရောက်နေတာပါ။ ဒီအိမ်ကဆိုရင် တရုတ်ကို လူကုန်ကူးခံလိုက်ရတဲ့ အသက် ၁၄ နှစ်အရွယ် မမြတ်သူရဲ့နေအိမ်ပါ။
ထုံးဖြူခြယ်ထားတဲ့ ရှေးဟောင်း စေတီပုထိုးတွေပေါများတဲ့ စစ်ကိုင်းတိုင်း မင်းကွန်းတိုက်နယ်က ကမ္ဘာလှည့်ခရီး သွားတွေ လည်ပတ်လေ့ရှိတဲ့ အထင်ကရနေရာတစ်ခုပါ။ ဒေသခံတချို့က ခရီးသွားလုပ်ငန်း အမှီသဟဲပြုပြီး တဖက်တလမ်းက ဝင်ငွေရှာကြပါတယ်။ ဒါပေမဲ့ သာမန်အရပ်သားတွေကြားထဲ စီးဝင်လာတဲ့ မက်လုံးတစ်ခုက တရုတ်မှာ အလုပ်လုပ်ရင် ငွေပိုရတယ်ဆိုတဲ့အချက်ပါ။
မမြတ်သူဟာ အဲဒီမက်လုံးကြားထဲ ကျရောက်သွားသူတစ်ဦးပါ။ ၂၀၁၉ ခုနှစ် နိုဝင်ဘာလကတည်းက မူဆယ်ကနေ လူကုန်ကူးခံလိုက်ရပြီး တရုတ်ပြည်နယ်ထဲမှာ ပျောက်ဆုံးသွားခဲ့ပါတယ်။ ၂၀၂၀ ဇန်နဝါရီ ပထမအပတ်မှာတော့ သူ့ကို ပြန်တွေ့ပါတယ်။ မူဆယ်မြို့ လူမှုဝန်ထမ်းဦးစီးဌာနက စစ်ကိုင်း မင်းကွန်းတိုက်နယ်မှာနေတဲ့ မမြတ်သူရဲ့ မိခင် ဒေါ်ချိုကိုဆက်သွယ်ပြီး အသိပေးခဲ့ပေမယ့်၊ ဇန်နဝါရီ ၂၀ ရက်နေ့အထိ မမြတ်သူ တစ်ယောက် ပြန်မရောက် သေးပါ။
မမြတ်သူ ဘာကြောင့် လူကုန်ကူးခံရတာလဲ
မမြတ်သူရဲ့မိခင် ဒေါ်ချိုနဲ့ဖခင်ဖြစ်သူတို့ ကလေး ငါးယောက်ပိုင်ဆိုင်သူတွေဖြစ်ပြီးတော့ နေ့စားလုပ်ရင်း ဘဝကို ဖြတ်သန်းကြသူတွေပါ။ တစ်ရက်ဝင်ငွေ ကျပ်တစ်သောင်းက မိသားစု ခုနှစ်ယောက်ရဲ့ ဝမ်းရေးနဲ့တင် ကုန်သွား တတ်ပြီး အလုပ်မရှိတဲ့အခါ ငွေချေးပြီး ဝမ်းဖြည့်ရပါတယ်။ ဒီလိုနဲ့ အကြွေး နှစ်သိန်းကျော်အထိရောက်လာတဲ့အခါ မိသားစုတာဝန်က သမီးကြီးဖြစ်တဲ့ အသက် ၁၄ နှစ်အရွယ် မမြတ်သူရဲ့ ပုခုံးပေါ်ရောက်ရှိလာပါတော့တယ်။ မန္တလေးက လက်ဖက်ရည်ဆိုင်တစ်ခုမှာ တစ်လ ခြောက်သောင်းကျပ်နဲ့ ကလေးလုပ်သားဘ၀ စတင်ဖြတ်သန်းလို့ တစ်လမပြည့်ခင်မှာပဲ ဆွေမျိုးတော်စပ်သူ တစ်ဦးက တရုတ်မှာကလေးထိန်းအလုပ်က လစာကောင်းတယ်ဆိုပြီး မူဆယ်ကိုခေါ်ဖို့ရောက်လာပါတယ်။ စစ်ကိုင်းမှာနေတဲ့ မိခင်ကလည်း သဘောတူလိုက်ပါတယ်။
တစ်ပတ်အကြာမှာတော့ တရုတ်မှာအလုပ်လုပ်တဲ့ မြန်မာနိုင်ငံသားတွေက စစ်ကိုင်းက မီးငယ်လေးကို အဒေါ်ကိုယ်တိုင်က တရုတ်မှာ ဇနီးမယားအဖြစ်ရောင်းဖို့ ထည့်ပေးလိုက်တာဆိုတဲ့ စာသားနဲ့ ဗွီဒီယိုဖိုင်တစ်ခု ပျံ့နှံ့လာပါတော့တယ်။ ငိုယိုနေတဲ့ မမြတ်သူရဲ့ သတင်းကို မင်းကွန်းနယ်သားတွေက လာပြတော့မှ ဒေါ်ချို တစ်ယောက်သိခဲ့ရတာပါ။ အကြောင်းကတော့ ဒေါ်ချိုမှာ ၁၅၀၀ ဖုန်းတောင် မရှိလို့ပါ။
"နင့်သမီးလေး လိုင်းပေါ်မှာတက်လာတယ်၊ တရုတ်ပြည်မှာ ရောင်းစားခံရလို့ဆိုတော့ မဟုတ်လောက်ဘူးနော်လို့ ကျမက အဲလိုပြောတာ၊ သူ့အဒေါ်က ခေါ်သွားတာဆိုတော့ မဟုတ်ဘူးနော် နင့်သမီးမှ နင့်သမီးတဲ့"
လူကုန်ကူးခံလိုက်ရတဲ့သမီးကို ရှာဖို့ စစ်ကိုင်း၊ မင်းကွန်းရဲစခန်းမှာတိုင်ပေမယ့် လက်မခံလို့ ဒေါ်ချိုတစ်ယောက် မန္တလေး၊ အမရပူရမြို့နယ် ရဲစခန်းကို ခရီးသွားရပြန်ပါတယ်။ တိုက်ဆိုင်စွာနဲ့ပဲ အမှုဖွင့်တာ ရဲစခန်းကလက်မခံရင် ဆန္ဒပြကြမယ်လို့ လူမှုကွန်ရက်ပေါ်မှာ ပျံ့လာတော့မှ အမှုကိုလက်ခံကြတာပါ။
"ကျမ ဒုရဲအုပ်ကို အမြင်ကတ်တယ်။ သူက အတိုက်အခံပြောလိုက်တာ၊ ဒီမှာက အမှုဖွင့်လို့မရဘူးတဲ့၊ ကလေးမလေးပြန်ရောက်မှ သူ့ကိုအကျိုးအကြောင်းပြောပြီးမှ အမှုဖွင့်လို့ရမှတာတဲ့၊ ကလေးမလေးလိုချင်လို့ ကျမတို့က အမှုဖွင့်တာလေ၊ အကူညီတောင်းတာ"
ဒေသအာဏာပိုင်တွေနဲ့ပူးပေါင်းပြီး ဆောင်ရွက်တဲ့အခါမှာတော့ မမြတ်သူ ပျောက်ဆုံးအပြီး တစ်လကျော်အကြာ မန္တလေး-ပြင်ဦးလွင် လမ်း ၁၆ မိုင်တိုးဂိတ်မှာ စစ်ကိုင်းသူကို လူကုန်ကူးခဲ့ရာမှာပါဝင်တယ်လို့ သံသယရှိသူ သုံးယောက်ကို မန္တလေးလူကုန်ကူးမှုတားဆီးရေး ရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့ပါတယ်။
တရုတ်တွေ လက်ထဲဒရွတ်တိုက်ပါသွား
သံသယတရားခံ အမျိုးသမီး နှစ်ယောက်နဲ့အမျိုးသား တစ်ယောက်ကို စစ်မေးတဲ့အခါ ဖေးဘုတ်ပေါ်မှာတင်ခဲ့တဲ့ ကျော်ကျော်ဆိုသူနဲ့ အတူတူလိုက်ပါသွားတယ်လို့ ထွက်ဆိုပါတယ်။ RFA က တရုတ်ပြည်မှာ အလုပ်လုပ်နေတဲ့ ကျော်ကျော်နဲ့ တိုက်ရိုက်ဆက်သွယ်လို့ရခဲ့ပါတယ်။ လူကုန်ကူးရာမှာပါတဲ့ အဲဒီ သုံးယောက်က လိမ်လည်ထွက်ဆို နေတာဖြစ်တဲ့အကြောင်း သူက ပြန်ပြောင်းရှင်းပြပါတယ်။
မမြတ်သူ ငိုယိုနေတာတွေ့လို့ နိုင်ငံသားအချင်းချင်းကူညီပေးချင်စိတ်ကြောင့် စပ်စုရာကနေ ကျော်ကျော်နဲ့ တွေ့တာပါ။ ဒါပေမဲ့ ဟိုတယ်ကို တရုတ်နိုင်ငံသား ဆယ်ယောက်ခန့် တုတ်တွေကိုင်ဆောင်ပြီးတော့ တည်းခိုခန်း ကိုရောက်ရှိလာပြီး မမြတ်သူကို ဒရွတ်တိုက်ခေါ်ဆောင်သွားတာလို့ ပြန်ပြောင်းပြောပြပါတယ်။
“အနက်ရောင်ဝတ်စုံတွေနဲ့ ဆယ်ယောက်ကျော်လာတယ်။ တောင့်တောင့်ကောင်တွေကြီးပဲ၊ တက်တူးတွေ၊ ဆေးမင်ကြောင်တွေနဲ့ ကားအနက်နဲ့လာတာ၊ ဒီကလေးကို မင်းတို့ ဘာကိစ္စနဲ့ ခေါ်ထားတာလဲပေါ့၊ ဒါငါတို့နိုင်ငံက ကလေးလို့၊ ငါတို့ပြန်ခေါ်သွားမယ်ပြောတာ၊ မရဘူးတဲ့၊ ငါတို့ပြန်ခေါ်သွားမယ်၊ ငါတို့ဝယ်ထားတာတဲ့၊ ရဲတိုင်မယ် လို့ပြောလိုက်တယ်။ တိုင်တဲ့၊ ကလေးမကို ကားအနက်နဲ့ထည့်သွားတာ”
တရုတ်တွေလက်ထဲ မမြတ်သူ ပါသွားပေမယ့် ဘယ်လိုနည်းနဲ့ လွတ်မြောက်လာခဲ့လဲဆိုတာတော့ မရှင်းလင်း ပါဘူး။
ပြီးခဲ့တဲ၂၀၁၉ ခုနှစ် ဇန်နဝါရီကနေဒီဇင်ဘာအတွင်း တရုတ်သို့ လူကုန်ကူးမှု ၂၃၉ မှု ဖြစ်ပွားခဲ့တယ်လို့ မြန်မာနိုင်ငံ လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေး ရဲတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။ အများစုက အမျိုးသမီးတွေဖြစ်ပြီး အဓမ္မ လက်ထပ်ဖို့ တရုတ်နိုင်ငံကို ပို့ခံရတာဖြစ်ပါတယ်။ ဒုတိယကတော့ အများဆုံးကတော့ အဓမ္မစေခိုင်းခံရတာဖြစ် ပါတယ်။ မြန်မာအမျိုးသမီးတစ်ယောက်ရဲ့ပေါက်ဈေးက ကျပ်သိန်း နှစ်ရာဝန်းကျင်ပါ။
လူကုန်ကူးခံရတာမှာ ရန်ကုန်တိုင်းနဲ့ ရှမ်းပြည်နယ်က အများဆုံးဖြစ်ပြီး မန္တလေးတိုင်းနဲ့ ဧရာဝတီတိုင်းကတော့ ဒုတိယမြောက်အများဆုံး၊ ကချင်ပြည်နယ်က တတိယအများဆုံးဖြစ်တယ်လို့လည်း ရဲတပ်ဖွဲ့က ထုတ်ပြန်ထား ပါတယ်။
တရုတ်ပြည်နယ်၊ ယူနန်ရဲချုပ် Ren Jun Hao နဲ့ မြန်မာနိုင်ငံရဲချုပ် ဦးအောင်ဝင်းဦးတို့က လူကုန်ကူးမှုတိုက်ဖျက် ရေးကို ၂၀၁၉ ဧပြီလတုန်းက ဆွေးနွေးဖူးပါတယ်။ ဒါပေမဲ့ မြေပြင်မှာတော့ ဆက်တိုက်ဖြစ်ပွားနေပါတယ်။
လက်တလောမှာပဲ မူဆယ်မြို့က အမျိုးသမီးစောင့်ရှောက်ရေးဂေဟာမှာ တရုတ်နိုင်ငံကနေ ကယ်တင်ထားပြီး မိဘတွေဆီကို ပြန်ပို့ရမဲ့ အမျိုးသမီး ၃၀ ကျော် ရှိနေပါတယ်။ အဲဒီထဲမှာ မမြတ်သူလည်းပါပါတယ်။
"ဒါကလည်း ကပ်ဘေးတစ်ခုလို ပြောရမလားမသိဘူး၊ တော်တော်များများ မိန်းကလေးတွေပါကုန်တယ်။ အမှန်ကတယ်ဖြစ်လာရင်တော့ တရုတ်ပြည်ထဲထိ လိုက်ဆောင်ရွက်တဲ့အခါ အောင်မြင်တာတွေ များပါတယ်။ သို့သော် ဆောင်ရွက်ဖို့ခက်နေတာ၊ ဘယ်သူဆောင်ရွက်ပေးမလဲဆိုတာ၊ ကြောင်ဘယ်သူ ခြူဆွဲမလဲဆိုတာမျိုး ဖြစ်နေပြီ"
ရဲတပ်ဖွဲ့ရဲ့ သဘောထားမှတ်ချက်ကို တင်ပြဖို့ RFA က မန္တလေး လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေး ရဲတပ်ဖွဲ့စုက ရဲမှူးတစ်ဦးကို ဆက်သွယ်ပေမယ့်၊ မမြတ်သူနယ်စပ်ကနေ သူတို့ဆီကိုမရောက်သေးလို့ မဖြေဆိုလိုကြောင်း ပြောပါတယ်။
လူကုန်ကူးတာကို ဝီချက်ကနေ အလွယ်တကူလုပ်ကြပြီး၊ အသိပညာအားနည်းနဲ့ မမြတ်သူတို့လို မိန်းကလေး တွေကို ပစ်မှတ်ထားတာ သမားရိုးကျဖြစ်စဉ်လိုဖြစ်နေကြောင်းနဲ့ လူမိုက်ဂိုဏ်းတွေလည်း ပါဝင်ပတ်သက်တဲ့ အပိုင်းတွေရှိတာမို့ ထိရောက်အောင်တားဆီးဖို့ ခက်တယ်လို့ ကိုကျော်ကျော်က ရှင်းပြပါတယ်။
"မိန်းကလေးတွေကို လိုင်းပေါ်ကနေ ဆက်သွယ်ပြီးပို့ကြတာ၊ ကျနော့် ဝီချက်အကောင့်ထဲမှာတောင်ရှိတယ်။ ရောင်းစားခံရတာတွေ၊ အငှားကိုယ်ဝန်လွယ်ရတာတွေ တပုံကြီး၊ ဒီကိစ္စက အရမ်းခက်တယ်။ အလုပ်မှာ တရုတ်အမျိုးသမီးတစ်ယောက်နဲ့ စကားပြောတော့ သူ့တို့ဆီမှာ မိန်းကလေးတော်တော်ကိုရှားတယ်။ အဲဒါကြောင့် အငှားကိုယ်ဝန်ဆောင်တာ၊ လူကုန်ကူးတာတွေကို တိတ်တိတ်ပုန်းလုပ်ကြတာ"
မမြတ်သူကို မူဆယ်ကနေ တစ်ပတ်လောက်အကြာမှာ မိဘတွေဆီ ပြန်ပို့ပေးမယ်လို့ အကြောင်းကြားထားပေမဲ့ ၁၀ ရက်ကျော်လာတဲ့အထိ သမီးဖြစ်သူ ရောက်မလာသေးပါဘူး။
ဒီတော့ ဒေါ်ချိုမှာ နေ့စဉ်နဲ့အမျှ သမီးဖြစ်သူ အဆင်မှပြေရဲ့လားဆိုပြီး စိုးရိမ်ပူပန်နေရပါတယ်။ ကျမတို့ရဲ့ တယ်လီဖုန်းနဲ့ ဆက်သွယ်ဖို့ ကြိုးစားခဲ့ပါသေးတယ်။
"ကျမတို့က အရမ်းကိုဆင်းရဲတာ၊ တစ်ယောက်တစ်ယောက်ဖြစ်လို့ ဆေးတစ်လုံးထိုးဖို့တောင် မလွယ်ဘူး"
သမီးဖြစ်သူ အခုလိုကြုံတွေ့နေရချိန်မှာ ပတ်ဝန်းကျင်ရဲ့ အပြစ်တင်စကားတွေကြောင့် ဒေါ်ချိုတစ်ယောက် အပြင်မထွက်ချင်လောက်အောင် စိတ်ဓာတ်တွေကျနေပါတယ်။ သမီးဖြစ်သူ ဝါသနာပါတဲ့ စက်ချုပ်ပညာကို သူသင်ပေးချင်ပေမယ့် ငွေကြေးမတတ်နိုင်တာကြောင့် အခက်ကြုံနေတယ်လို့ ဒေါ်ချိုတစ်ယောက်ဖွင့်ဟလာပါတယ်။
လတ်တလောမှာတော့ ဒေါ်ချိုတစ်ယောက် ဆုတောင်းနေတာက သမီးဖြစ်သူ အိမ်ပြန်ရောက်လာရေးပါပဲ။