စစ်ကောင်စီကို ပိတ်ဆို့အရေးယူမှု ပြည်သူတွေမထိခိုက်အောင်လုပ်ဖို့ MCRB တိုက်တွန်း

ရဲခေါင်မြင့်မောင် (ဝါရှင်တန်ဒီစီ)
2024.09.16
စစ်ကောင်စီကို ပိတ်ဆို့အရေးယူမှု ပြည်သူတွေမထိခိုက်အောင်လုပ်ဖို့ MCRB တိုက်တွန်း မြန်မာ့စီးပွားရေးကဏ္ဍ တာဝန်ယူမှုရှိရေး အထောက်အကူပြု ဌာန (MCRB) ၏ ညွှန်ကြားရေးမှူး မစ္စ ဗစ်ကီဘိုးမန်း (Vicky Bowman) အား တွေ့ရစဉ်။
Photo: Vicky Bowman's FB

စက်တင်ဘာလ ၁၆ ရက် မနေ့က ဝါရှင်တန် ဒီစီအခြေစိုက် Stimson Center ကနေ ပြုလုပ်တဲ့ “စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ကြွင်းကျန်နေသေးတဲ့ မြန်မာ့စီးပွားရေး” ဆိုတဲ့ အွန်လိုင်း ဆွေးနွေးပွဲမှာ မြန်မာ့စီးပွားရေးကဏ္ဍ တာဝန်ယူမှုရှိရေး အထောက်အကူပြု ဌာန (MCRB) ရဲ့ ညွှန်ကြားရေးမှူး မစ္စ ဗစ်ကီဘိုးမန်း (Vicky Bowman) က လက်ရှိ မြန်မာ့စီးပွားရေး အခြေအနေကို သုံးသပ်ပြောကြားခဲ့ပါတယ်။

လက်ရှိ မြန်မာနိုင်ငံမှာ အိမ်ခြံမြေလုပ်ငန်းလို ကဏ္ဍ အချို့ကလွဲရင် ကျန်တဲ့ စီးပွားရေး ကဏ္ဍအားလုံး ကျဆင်းနေပြီး စိန်ခေါ်မှုအမျိုးမျိုးနဲ့ ရင်ဆိုင်နေရတဲ့အကြောင်းနဲ့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေ ထွက်ခွာနေတဲ့အတွက် နိုင်ငံခြားငွေရရှိမှု အားလုံးရဲ့ ၅၀ ရာခိုင်နှုန်းလောက်ဟာ ရေနံနဲ့ သဘာဝဓာတ်ငွေ့ တင်ပို့မှုကရတာလို့ ခန့်မှန်းရတဲ့အကြောင်း မစ္စ ဗစ်ကီဘိုးမန်း က ပြောသွားပါတယ်။

တချိန်က နိုင်ငံ့ စီးပွားရေးအတွက် တွန်းအားဖြစ်ခဲ့တဲ့ တယ်လီကွန်း ဆက်သွယ်ရေးကဏ္ဍမှာဆိုရင် ကျန်နေသေးတဲ့ တယ်လီကွန်းလုပ်ငန်းတွေဟာ အမြတ်ရဖို့ ရုန်းကန်နေပြီး၊ စစ်ကောင်စီရဲ့ အင်တာနက် ကန့်သတ်ချက်တွေကြောင့် မိုဘိုင်းဘဏ်လုပ်ငန်းနဲ့ အင်တာနက်ကို အခြေပြုတဲ့ စီးပွားရေး လုပ်ငန်းတွေ တိုးတက်သင့်သလောက် တိုးတက်မှု မရှိဘဲ ဖြစ်နေတယ်လို့ ပြောပါတယ်။

ဘဏ်လုပ်ငန်းကဏ္ဍမှာ နိုင်ငံခြားငွေ လဲလှယ်မှုကို ကန့်သတ်ထားတာ၊ စစ်ကောင်စီရဲ့ မူဝါဒတွေ ပွင့်လင်းမြင်သာမှု မရှိတာတွေကြောင့် အခက်အခဲကြုံနေရတယ်လို့ သုံသပ်ပါတယ်။ အချို့ဘဏ်တွေဟာ စီးပွားရေး လုပ်ငန်းတွေကို ချေးငွေ ထုတ်ချေးတာလျော့ချပြီး၊ အိမ်ခြံမြေလုပ်ငန်း အရောင်းအဝယ်တွေကနေ အကျိုးအမြတ်ရဖို့ ကြိုးစားနေကြကြောင်း၊ ဘဏ်လုပ်ငန်း ကဏ္ဍတစ်ခုလုံးအနေနဲ့ ထိခိုက်လွယ်တဲ့ အခြေအနေ ရှိနေတယ်လို့ မစ္စ ဗစ်ကီဘိုးမန်း က သုံးသပ်ပါတယ်။


ဆက်နွှယ်သောသတင်းများ

ဗြိတိန်သံအမတ်ဟောင်းနဲ့ ခင်ပွန်း အလုပ်နဲ့ထောင် တစ်နှစ်စီချမှတ်ခံရ

မစ္စတာရှောင်တာနဲလ်အပါအဝင် နိုင်ငံခြားသားလေးဦး လွှတ်ပေးဖို့ရှိကြောင်း စစ်ကောင်စီပြော

ပဋိပက္ခတွေကြောင့် နိုင်ငံခြားကုမ္ပဏီတွေ မြန်မာမှာ ဆက်ရပ်တည်ဖို့ ခက်ခဲလာ


လူငယ်သိန်းပေါင်းများစွာကို အလုပ်အကိုင် ပေးထားတဲ့ အထည်ချုပ်ကဏ္ဍမှာ မတည်ငြိမ်မှုနဲ့ လုပ်ခလစာ လျော့နည်းမှုတွေကြုံနေရပြီး၊ အထည်ချုပ် လုပ်သားအများအပြားဟာ ထိုင်းနဲ့ တရုတ်လို အိမ်နီးချင်းနိုင်ငံတွေကို ထွက်ခွာနေကြတဲ့အကြောင်း၊ ပြည်ပထွက်သွားတဲ့ လုပ်သားတွေဟာ ဆိုးဝါးတဲ့ အခြေအနေတွေနဲ့ ခေါင်းပုံဖြတ်အမြတ်ထုတ်မှု အမျိုးမျိုး ကြုံနေရတဲ့အကြောင်း၊ အထည်ချုပ်ကဏ္ဍမှာ တာဝန်ယူမှုရှိတဲ့ နိုင်ငံခြား အမှတ်တံဆိပ် လုပ်ငန်းအချို့ နိုင်ငံထဲကနေ ထွက်ခွာသွားတာကြောင့်၊ ဈေးပေါတဲ့ ကုန်ဝယ်သူတွေကို ပစ်မှတ်ထားပြီး အလုပ်လုပ်နေရတဲ့အကြောင်း သုံးသပ်ထားပါတယ်။

ကုန်ဈေးနှုန်းတွေ တက်နေပေမဲ့ အထည်ချုပ် စက်ရုံတွေမှာ လုပ်ခတိုးမပေးနိုင်တဲ့အကြောင်း၊ အထည်ချုပ်လုပ်ငန်းကနေ အလုပ်လက်မဲ့ ဖြစ်သွားတဲ့ လုပ်သားတွေဟာ လိင်လုပ်သားအဖြစ် အလုပ်လုပ်နေရတဲ့အတွက် အကြမ်းဖက်မှုနဲ့ ကူးစက်ရောဂါတွေ ခံစားရဖို့ အန္တရာယ်ရှိနေတယ်လို့လည်း သုံးသပ်ထားပါတယ်။

အရင်က အလားလာကောင်းခဲ့တဲ့ စိုက်ပျိုးရေးကဏ္ဍမှာ အလွန်ပြင်းထန်တဲ့ စိန်ခေါ်မှုတွေ ကြုံနေရတယ်လို့ သုံးသပ်ထားပါတယ်။ တရုတ်နိုင်ငံနဲ့ နယ်စပ် ကုန်သွယ်ရေး ရပ်တန့်သွားတာ၊ နယ်စပ်ဂိတ်တွေ ပိတ်ထားတာနဲ့ မကြာခင်က ရေကြီးရေလျှံတာလို သဘာဝ ဘေးတွေကြုံခဲ့ရတဲ့ပြင်၊ သီးနှံတွေဈေးကောင်းရဖို့ မသေချာတာနဲ့ ဓာတ်မြေသြဇာလို သွင်းအားစုတွေ ဈေးကြီးလာတဲ့အတွက် တောင်သူလယ်သမားတွေဟာ လယ်ယာ စိုက်ပျိုးရေးလုပ်ဖို့ ဝန်လေးနေကြတယ်လို့ ဆိုပါတယ်။

ရန်ကုန်မြို့ ကြည့်မြင်တိုင် Asia World ဆိပ်ကမ်းမှ ကုန်သေတ္တာများအား ၂၀၁၉ ခုနှစ် နိုဝင်ဘာလ ၂၆ ရက်နေ့က တွေ့ရစဥ်။ (Photo : RFA)
ရန်ကုန်မြို့ ကြည့်မြင်တိုင် Asia World ဆိပ်ကမ်းမှ ကုန်သေတ္တာများအား ၂၀၁၉ ခုနှစ် နိုဝင်ဘာလ ၂၆ ရက်နေ့က တွေ့ရစဥ်။ (Photo : RFA)

ချွင်းချက်အနေနဲ့ အိမ်ခြံမြေ လုပ်ငန်းကဏ္ဍမှာတော့ စစ်ဘေးရှောင် ပြည်သူတွေ မြို့ကြီးတွေကို ပြောင်းရွေ့နေကြတာကြောင့် အိမ်ခြံမြေဈေးတွေ တက်ပြီး အကျိုးအမြတ် ရှိနေတဲ့အကြောင်း၊ ဒါပေမဲ့ ငွေကြေးဖောင်းပွမှု၊ အတိုးနှုန်းမြင့်မားမှုနဲ့ ငွေလဲနှုန်း မတည်ငြိမ်မှုတွေကြောင့် ဆောက်လုပ်ရေးလုပ်ငန်းတွေ နှောင့်နှေးနေတယ်လို့ သုံးသပ်ပါတယ်။

အခုအချိန်မှာ ၂၀၁၂ ခုနှစ်တုန်းကလို နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေ ဖြစ်ပေါ်လာတဲ့နောက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ အလုံးအရင်းနဲ့ ပြန်ဝင်လာလိမ့်မယ်လို့ ယူဆလို့ မရတော့တဲ့အကြောင်း၊ စစ်အုပ်ချုပ်ရေး ပြီးဆုံးသွားလို့ အရပ်သားအစိုးရ တက်လာတဲ့အခါမှာ ပိတ်ဆို့အရေးယူမှုအမျိုးမျိုးကြောင့် ပြိုလဲသွားတဲ့ စီးပွားရေး ပြန်နာလာထူဖို့ အလွန်ခက်ခဲနိုင်တဲ့အကြောင်းနဲ့ မြန်မာနိုင်ငံကို ပိတ်ဆို့အရေးယူမှုတွေ လုပ်ဖို့ လှုပ်ရှားတောင်းဆိုနေသူတွေ အနေနဲ့လည်း ပြည်သူတွေကို ဘယ်လောက်အထိ ထိခိုက်နိုင်သလဲဆိုတာ လေ့လာသုံးသတ်မှုတွေ လုပ်ပြီးမှ ချမှတ်သင့်တဲ့အကြောင်း ပြောသွားတာ ဖြစ်ပါတယ်။

နိုင်ငံတကာ ငွေကြေးခဝါချမှု တိုက်ဖျက်ရေးအဖွဲ့ (FATF) နဲ့ အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (ILO) ကနေ ကြိုးပမ်းမှုတွေ အပါအဝင် စစ်ကောင်စီကို ဒဏ်ခတ်ပိတ်ဆို့အရေးယူဖို့ ကြိုးစားတဲ့နေရာမှာ ပြည်သူတွေကို မထိခိုက်တဲ့ အကောင်းဆုံး ဖြစ်မယ့် နည်းလမ်းကို ရှာဖွေဖို့ ဖိအားတွေ ရှိနေပါတယ်လို့ မစ္စ ဗစ်ကီဘိုးမန်းက ပြောသွားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။