ပဋိပက္ခတွေကြောင့် နိုင်ငံခြားကုမ္ပဏီတွေ မြန်မာမှာ ဆက်ရပ်တည်ဖို့ ခက်ခဲလာ
2024.08.19

မြန်မာပြည်တွင် လက်ရှိဖြစ်ပေါ်နေတဲ့ ပြည်တွင်းပဋိပက္ခနဲ့ နောက်ဆက်တွဲ အကျိုးဆက်တွေကြောင့် နိုင်ငံခြားက လာရောက်ရင်းနှီးမြှုပ်နှံတဲ့ ကုမ္ပဏီတွေ ဆက်လက်ရပ်တည်ဖို့ ခက်ခဲလာတယ်လို့ စီးပွားရေးအသိုင်းအဝိုင်းနဲ့ လေ့လာသူတွေက ပြောကြပါတယ်။
ပြီးခဲ့တဲ့ သြဂုတ် ၁၂ ရက်နေ့က စင်ကာပူအခြေစိုက် Sembcorp Industries ကုမ္ပဏီပိုင်ဆိုင်တဲ့ မန္တလေးတိုင်း မြင်းခြံမြို့က ဓာတ်ငွေ့သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံကို ယာယီပိတ်ထားမယ်လို့ ကုမ္ပဏီက ကြေညာခဲ့ပါတယ်။ ကုမ္ပဏီရဲ့ကြေညာချက်မှာတော့ လုံခြုံစိတ်ချရပြီး စက်ရုံလည်ပတ်လို့ရတဲ့အခြေအနေ ပြန်ရောက်တာနဲ့ လုပ်ငန်းပြန်စဖို့ မျှော်လင့်တယ်လို့ ဖော်ပြထားပါတယ်။
အလားတူ ပြီးခဲ့တဲ့ မေ ၂၈ ရက်နေ့ကလည်း မြန်မာနိုင်ငံက လက်ရှိ စီးပွားရေးအကျပ်အတည်းတွေရဲ့ သက်ရောက်မှုကြောင့် ရန်ကုန်က တိရစ္ဆာန်အစာနဲ့ ကြက်သားပေါက် ထုတ်လုပ်ရောင်းချတဲ့လုပ်ငန်းကို ယာယီရပ်ဆိုင်းမယ်လို့ တောင်ကိုရီးယားအခြေစိုက် စီဂျေ ဖိဒ် မြန်မာကုမ္ပဏီ (CJ FEED Myanmar)က ကြေညာခဲ့ပါတယ်။
“မြန်မာနိုင်ငံရဲ့ စီးပွားရေး တိုးတက်လာဖို့ဆိုရင် စီးပွားရေးအမြင်ရှိတဲ့ အုပ်ချုပ်သူတွေရှိမှဖြစ်မယ်”
လက်ရှိ စီးပွားရေးအကျပ်အတည်းတွေကြောင့် အရောင်းအဝယ်လုပ်ငန်းတွေ ခက်ခဲလာတာ၊ ကုန်ကြမ်းအတွက် ကုန်ကျစရိတ် မြင့်တက်လာတာ၊ ကုန်ကြမ်းရရှိဖို့ ခက်ခဲတာနဲ့ လုပ်ငန်းလည်ပတ်ဖို့ လုပ်သားအင်အား မလုံလောက်တာတွေ ကြုံနေရတယ်လို့ ဆိုပါတယ်။
လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ပြည်တွင်း စီးပွားရေးလုပ်ငန်းရှင်တစ်ဦးကတော့ စစ်ကောင်စီဗဟိုဘဏ်က ဒေါ်လာစျေးကို ထိန်းချုပ်ထားတာကြောင့် ပြည်ပက လာရောက်ရင်းနှီးမြှုပ်နှံတဲ့ ကုမ္ပဏီတွေ ဆက်လက်ရပ်တည်ဖို့ ခက်ခဲလာတာလို့ ပြောပါတယ်။
“ပြည်ပ ရပ်တည်မှုတွေက ဘယ်လိုဖြစ်လဲဆိုတော့ ဒေါ်လာငွေစျေးနှုန်း မငြိမ်တာပေါ့နော်။ ငွေကြေးဖောင်းပွမှုကြောင့် မငြိမ်ဘူး။ မငြိမ်တဲ့ဟာက ရပ်တည်လို့ရတယ်။ ဒါပေမဲ့ ဒီဗဟိုဘဏ်ကနေ ကိုင်ထားလိုက်တဲ့အတွက် တရားဝင်ပေါ့နော်။ ဗဟိုဘဏ်ကနေ ၂၁၀၀ ကို ဆုပ်ကိုင်ထားတဲ့အတွက်ကြောင့်မို့လို့ ပြည်ပ ရပ်တည်မှုတွေက မလွယ်တာ။ ငွေကြေး ဖောင်းပွလာလို့မလွယ်တာ မဟုတ်ဘူး”
အခု သြဂုတ် ၁၉ ရက်နေ့အထိ အမေရိကန် တစ်ဒေါ်လာကို ပြင်ပပေါက်စျေး ကျပ် ခြောက်ထောင်ကျော် ရှိနေပေမဲ့ စစ်ကောင်စီဗဟိုဘဏ်ကတော့ အမေရိကန် တစ်ဒေါ်လာကို မြန်မာငွေ ၂၁၀၀ ကျပ် သတ်မှတ်ပြီး တရားဝင် ငွေလဲလှယ်နေတာ ဖြစ်ပါတယ်။
စစ်ကောင်စီရဲ့ စီးပွားရေးဆိုင်ရာ မူဝါဒတွေကြောင့်တင်မကဘဲ လတ်တလော ပြည်တွင်းပဋိပက္ခ ဆိုးရွားလာတာကြောင့်လည်း ပြည်ပက လာရောက်ရင်းနှီးမြှုပ်နှံတဲ့ ကုမ္ပဏီတွေ ပြန်လည်ရုပ်သိမ်းနေကြတာဖြစ်ပါတယ်။
“နိုင်ငံခြားရင်းနှီးမြှုပ်မှုအသစ် မရှိသလောက်ဖြစ်နေသလို ရှိရင်းစွဲ နိုင်ငံခြားကုမ္ပဏီတွေလည်း လက်လွှဲပြောင်းတာတွေ ရှိလာနိုင်ပါတယ်”
စစ်ကောင်စီနဲ့ တော်လှန်ရေး အင်အားစုတွေကြား တင်းမာမှုတွေ လျော့ကျလာမဲ့လက္ခဏာ မရှိတာကြောင့် အမေရိကန်ဒေါ်လာ ခုနစ်ဘီလီယံတန်ဖိုးရှိတဲ့ ထိုင်းလုပ်ငန်းတွေ မြန်မာနိုင်ငံကနေ ပြန်ရုပ်သိမ်းခဲ့တယ်လို့ ထိုင်းနိုင်ငံအခြေစိုက် The Thaiger သတင်းစာက ပြီးခဲ့တဲ့ဇူလိုင်လမှာ ဖော်ပြခဲ့ပါတယ်။
မြန်မာ့ မဟာဗျူဟာနဲ့ မူဝါဒရေးရာ လေ့လာရေးအဖွဲ့ (ISP - Myanmar) အဖွဲ့ဝင် ဦးအောင်သူငြိမ်းကတော့ မြန်မာနိုင်ငံ လက်ရှိအခြေအနေဟာ စီးပွားရေးလုပ်ငန်းတွေ လုပ်သာကိုင်သာတဲ့ အခင်းအကျင်းမျိုး မရှိဘူးလို့ ပြောပါတယ်။
“စီးပွားရေးလုပ်ငန်းတွေ လုပ်သာကိုင်သာ အဲဒီလို အခင်းအကျင်းမျိုးမရှိဘူးလို့ ထင်တယ်ဗျ။ ဆိုတော့ အဓိကအချက်ကတော့ မြန်မာနိုင်ငံက အခုလက်ရှိအခြေအနေမှာ ရင်းနှီးမြှုပ်နှံမှု လုပ်ထားတယ်ဆိုရင် ကျွန်တော်တို့ နိုင်ငံရေးအန္တရာယ်ပေါ့ဗျာ။ နိုင်ငံရေးအရ စွန့်စားရတဲ့ အန္တရာယ်ရှိပါတယ်။ နောက်တစ်ခုက အဓိကကျတာက နောက်ရင်းနှီးမြှုပ်နှံမှုနဲ့ပတ်သက်တဲ့ ဒီအစိုးရရဲ့မူဝါဒပေါ့ဗျာ။ ဆိုတော့ ဒါတွေနဲ့ပတ်သက်လို့ ဘယ်သူ့ကို ထိတွေ့ရမယ်။ ဘယ်သူ့ကို ဆက်ဆံရမယ်ဆိုတာ ကျွန်တော်ထင်တယ် ရှင်းမနေဘူးလို့ ထင်တယ်ဗျ”
မြန်မာ့ပြည်တွင်းပဋိပက္ခတွေကြောင့် မြန်မာပြည်က စီးပွားရေးလုပ်ငန်း အများအပြား ထိုင်းနိုင်ငံကို ပြောင်းရွှေ့လာခဲ့တယ်လို့ နစ်ကီအေးရှားသတင်းကလည်း ပြီးခဲ့တဲ့ သီတင်းပတ်က ဖော်ပြပါတယ်။
ဆက်နွှယ်သောသတင်းများ
စစ်တပ်အာဏာမသိမ်းခဲ့ရင် မြန်မာ့စီးပွားရေး ဘယ်လိုဖြစ်မလဲ
အာဏာသိမ်းကာလ သုံးနှစ်အတွင်း ဆင်းရဲမွဲတေမှုနှုန်းမြင့်လာကြောင်း UNDP ထုတ်ပြန်
တရုတ်စီမံကိန်းနှစ်ခုကို ကာကွယ်ရေးအဖွဲ့တွေ ထိန်းချုပ်ထား
စစ်ကောင်စီရဲ့ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေး ဝန်ကြီးဌာနက လုံခြုံရေးအရ အမည်မဖော်လိုတဲ့ အကြီးတန်းအရာရှိတစ်ဦးက လက်ရှိ ပြည်တွင်းအခြေအနေတွေကြောင့် နိုင်ငံခြားရင်းနှီးမြှုပ်မှုအသစ် မရှိသလောက် ဖြစ်နေသလို ရှိရင်းစွဲ နိုင်ငံခြားကုမ္ပဏီတွေလည်း လက်လွှဲပြောင်းတာတွေ ရှိလာနိုင်တယ်လို့ RFA ကို ပြောပါတယ်။
“အဲဒီတော့ ခုနပြောတဲ့ ရင်းနှီးမြုပ်နှံမှုအခြေအနေမှာတော့ အခုအသစ်အနေနဲ့ ပြောရင်တော့ ရင်းနှီးမြုပ်နှံမှုက လုပ်မှာမဟုတ်ဘူး။ အခုအခြေအနေနဲ့။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုက မရှိသလောက်ကို ဖြစ်နေတယ်။ ယခင်က ရှိပြီးသား ကိစ္စတွေတစ်ခုက လုပ်ငန်းတွေ လွှဲပြောင်းလာလိမ့်မယ်။ ဘယ်လောက် ကြိုတင်ခန့်မှန်းနိုင်လဲ အခြေအနေပေါ်မှာ မူတည်တာပေါ့။ ဘယ်လောက် တွက်ဆပြီးတော့ ဘယ်လောက် အကျိုးအမြတ်ရှိမလဲ ဆိုတဲ့စီးပွားရေးအရ တွက်ချက်တာ။ အဆင်မပြေဘူးဆိုရင် ရပ်ထားမှာပေါ့။ ကမ္ဘာကြီးပေါ်မှာ မြန်မာပြည်မှ မဟုတ်ဘူး။ တခြားတစ်နေရာ ကြိုက်တဲ့နေရာ သွားလုပ်လို့ရတယ်”
ရင်းနှီးမြှုပ်နှံမှုနဲ့ ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန (DICA) ရဲ့ တရားဝင် ထုတ်ပြန်ချက်တွေအရ ၂၀၂၄ ခုနှစ်မှာ ဇူလိုင်လ ၃၁ ရက်နေ့အထိ ခုနစ်လအတွင်း မြန်မာနိုင်ငံကို နိုင်ငံခြားရင်းနှီးမြုပ်နှံမှု အမေရိကန်ဒေါ်လာ သန်း ၁၅၀ ကျော်ရှိပါတယ်။
စစ်တပ်အာဏာသိမ်းတဲ့ ၂၀၂၁ ခုနစ်ကနေ ၂၀၂၄ ခုနှစ်အထိ သုံးနှစ်အတွင်း မြန်မာနိုင်ငံကို နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု အမေရိကန် ဒေါ်လာ ၂ ဒသမ ၉ ဘီလီယံခန့်သာ ဝင်ရောက်ခဲ့ပြီး အဲဒီမတိုင်ခင် ၂၀၂၀ ခုနှစ်မှာတော့ အမေရိကန်ဒေါ်လာ ၃ ဒသမ ၈ ဘီလီယံလောက်အထိ ရှိခဲ့တာပါ။
လုံခြုံရေးအရ အမည်မဖော်လိုတဲ့ စီးပွားရေး လေ့လာသူတစ်ဦးကတော့ မြန်မာနိုင်ငံရဲ့ စီးပွားရေး တိုးတက်လာဖို့ဆိုရင် စီးပွားရေးအမြင်ရှိတဲ့ အုပ်ချုပ်သူတွေရှိမှ ဖြစ်မယ်လို့ သုံးသပ်ပါတယ်။
“ကျွန်တော်တို့ အရေးကြီးတာကတော့ စီးပွားရေးက မကောင်းတာတော့ အမှန်ပဲဗျာ။ ကျွန်တော်တို့ မထိန်းနိုင်ဘူးပေါ့ဗျာ။ စီးပွားရေးသမားမဟုတ်တော့ စီးပွားရေးအမြင် မရှိဘူးပေါ့ဗျာ။ စီးပွားရေးအမြင် မရှိတော့ စီးပွားရေး မလုပ်တတ်ဘူးပေါ့။ ဒါပွင့်ပွင့်လင်းလင်းပြောရရင် စီးပွားရေး မလုပ်တတ်တာပေါ့။ မလုပ်တတ်တော့ ပြဿနာရှိတာပေါ့။ စီးပွားရေးလုပ်တတ်တဲ့ အစိုးရလက်ထဲကို ထည့်ပေးလိုက်ရင်တော့ ဒါ နိုင်ငံ့စီးပွားရေး ပြန်တက်လာမှာပေါ့။ ဒါပဲ ဒီလိုပဲ သုံးသပ်ရမှာပေါ့”
၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက် အနောက်နိုင်ငံအများစုက ကုမ္ပဏီတွေ မြန်မာနိုင်ငံကနေ ထွက်ခွာခဲ့ကြပါတယ်။
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကတော့ မြန်မာနိုင်ငံ စီးပွားရေး ကျဆင်းတာဟာ ကိုဗစ်ရောဂါကြောင့်မဟုတ်ဘဲ ၂၀၁၈ ခုနှစ်ကတည်းက စီးပွားရေးစီမံခန့်ခွဲမှု အားနည်းချက်တွေကြောင့်သာ ဖြစ်တယ်လို့ ရုရှားနိုင်ငံအခြေစိုက် ITAR-TASS သတင်းဌာနနဲ့ ရန်ကုန်မြို့မှာ ၂၀၂၄ ခုနှစ် မတ်လ ၁၈ ရက်နေ့ကပြုလုပ်တဲ့ မေးမြန်းခန်းအစီအစဥ်တစ်ခုမှာ ပြောထားပါတယ်။
ဒါပေမဲ့ ၂၀၂၁ ခုနှစ်ကနေ ၂၀၂၃ ခုနှစ်အထိ မြန်မာပြည် စီးပွားရေး တောက်လျှောက် ပြန်လည်ဦးမော့လာတဲ့ အခြေအနေကို ရရှိခဲ့တယ်လို့လည်း စစ်ခေါင်းဆောင်က ပြောခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ ပုံမှန်ရင်းနှီးမြှုပ်နှံမှု လုပ်နေတဲ့နိုင်ငံပေါင်း ၅၂ နိုင်ငံရှိပြီး အဲဒီထဲက ၃၉ နိုင်ငံဟာ ရင်းနှီးမြှုပ်နှံမှု မရှိတော့ဘူးလို့ ISP-Myanmar ရဲ့ ၂၀၂၂ ခုနှစ် နှစ်ကုန်ပိုင်းထုတ်ပြန်တဲ့ အစီအရင်ခံစာမှာ ဖော်ပြပါတယ်။
လက်ရှိ မြန်မာနိုင်ငံရဲ့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုကဏ္ဍမှာတော့ စင်ကာပူ၊ တရုတ်နှင့် ထိုင်းနိုင်ငံတွေက အများဆုံး လုပ်ကိုင်နေကြပြီး နိုင်ငံခြားရင်းနှီးမြုပ်နှံမှုကဏ္ဍ ၁၂ ခုထဲက စွမ်းအင်၊ သဘာဝဓာတ်ငွေ့နဲ့ ရေနံ၊ ကုန်ထုတ်လုပ်မှုကဏ္ဍတွေမှာ ရင်းနှီးမြှုပ်နှံမှု အများဆုံးဖြစ်ပါတယ်။