ဗြိတိန်သံအမတ်ဟောင်းနဲ့ ခင်ပွန်းကို လဝက ဥပဒေနဲ့ စစ်ကောင်စီအမှုဖွင့်

တင်အောင်ခိုင် (ဝါရှင်တန်ဒီစီ)
2022.08.25
ဗြိတိန်သံအမတ်ဟောင်းနဲ့ ခင်ပွန်းကို လဝက ဥပဒေနဲ့ စစ်ကောင်စီအမှုဖွင့် မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ်ကြီးဟောင်း မစ္စ ဗစ်ကီဘိုးမန်းနှင့် ခင်ပွန်းဖြစ်သူ ပန်းချီ ထိန်လင်း။
Photo: AFP

မြန်မာနိုင်ငံမှာ ၂၀၀၂ ခုနှစ်ကနေ ၂၀၀၆ ခုနှစ်အထိ မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ်ကြီးအဖြစ် တာဝန်ယူခဲ့ဖူးသူ မစ္စ ဗစ်ကီဘိုးမန်း၊ မြန်မာအမည် ဒေါ်ဥမ္မာခင်ကို စစ်ကောင်စီက ဩဂုတ်လ ၂၄ ရက်နေ့ ညပိုင်းမှာနေအိမ်မှာ လာရောက်ဖမ်းဆီးပါတယ်။ သူ့ကို ဖမ်းသွားစဉ် ခင်ပွန်းဖြစ်သူ ပန်းချီဆရာဦးထိန်လင်းကပါ အဖော်အဖြစ် လိုက်ပါသွားတယ်လို့ မိသားစုနဲ့ နီးစပ်သူတွေက ပြောပါတယ်။

ဦးထိန်လင်းရဲ့ လုပ်ဖော်ကိုင်ဖက်လည်းဖြစ်၊ သူငယ်ချင်းလည်းဖြစ်တဲ့ စာရေးဆရာဝေမှူးသွင်က သံအမတ်ကြီးဟောင်းကို လူဝင်မှု ကြီးကြပ်ရေးနဲ့ပတ်သက်တဲ့အမှု၊ နေရပ်လိပ်စာမပြောင်းတဲ့အမှုနဲ့ ဖမ်းဆီးတာဖြစ်တယ်လို့ ကြားသိရကြောင်း ပြောပါတယ်။

“ကလောမှာ ရှိတဲ့ ကိုထိန်လင်းအိမ်ကို ဗစ်ကီက လိုက်နေတယ်။ လိပ်စာပြောင်းရွှေ့သွားတာကို မပြောဘဲနဲ့ ပြောင်းသွားတယ်၊ ကိုထိန်လင်းကလည်း အဲ့ဒါကို အားပေးကူညီတယ်ဆိုတဲ့ ပုဒ်မ ၁၃-၁ တို့၊ ၁၃-၅ နဲ့ စွဲထားတယ်လို့ ကြားတယ်ဗျ”

လက်ရှိ စမ်းချောင်းရဲစခန်းမှာ ရှိနေပြီး ရမန်ယူဖို့ ပြင်ဆင်နေတယ်လို့ နီးစပ်သူတွေထံက ကြားသိရပါတယ်။ ဩဂုတ်လ ၂၄ ရက်နေ့ညနေပိုင်းမှာ စစ်ကောင်စီက မစ္စဗစ်ကီဘိုမန်းနဲ့ပတ်သက်ပြီး မီဒီယာတွေကို ဖြေကြားချက် ဆိုတာကို ထုတ်ပြန်ခဲ့ပါတယ်။

အဲ့ဒီထုတ်ပြန်ချက်မှာ စမ်းချောင်းမြို့နယ် ပန်းလှိုင်အိမ်ရာမှာ ငှားရမ်းနေထိုင်တဲ့ ဦးထိန်လင်းနဲ့ ဗြိတိန်နိုင်ငံသူ Bowman Victoria Jane တို့အား ၁၉၄၇ မြန်မာနိုင်ငံ လူဝင်မှုကြီးကြပ်ရေးအက်ဥပဒေ လတ်တလောပြဋ္ဌာန်းချက် ၁၃-၁/၁၃-၅ တို့ဖြင့် အမှုဖွင့် စစ်ဆေးလျက်ရှိတယ်လို့ ဖော်ပြပါတယ်။

မစ္စဗစ်ကီဘိုမန်း သွားရောက်နေထိုင်တဲ့အိမ်ဟာ ကလောမြို့မှာရှိတဲ့ ကိုထိန်ဝင်းရဲ့အိမ် ဖြစ်နေတာကြောင့် လင်ယောက်ျားရဲ့အိမ်ကို ဇနီးဖြစ်သူသွားနေတာကို ပြဿနာရှာတာသာ ဖြစ်တယ်လို့ ကိုထိန်လင်းရဲ့သူငယ်ချင်းဖြစ်သူ ပန်းချီဆရာ ဇော်ကြီးက ပြောပါတယ်။

“ယောက်ျားအိမ် ရှိမယ်။ မိန်းမအိမ် ဖြစ်မယ်။ ဟိုဘက်ဒီဘက်သွားနေတာ ဘာဖြစ်လဲ။ အဲ့ဒါ သက်သက်မဲ့အမှု ရှာချင်တာရယ် နောက်တစ်ခါ စစ်ကောင်စီက မျက်စပစ်နေတာ။ ဂျပန်ကိုလည်း ပြဿနာရှာတယ်။ အခုတစ်ခါ ထိန်လင်းနဲ့ သူ့အမျိုးသမီးကို ပြဿနာရှာနေတာ။ အမျိုးသမီးကို ဖမ်းတော့ ထိန်လင်းကလည်း ဘယ်နေနိုင်မလဲ၊ လိုက်သွားရမှာပေါ့ “

ကိုထိန်လင်းရဲ့သူငယ်ချင်း စာရေးဆရာဝေမှူးသွင်ကတော့ ခုကိစ္စဟာ ဗြိတိန်နိုင်ငံက စစ်ကောင်စီခေါင်းဆောင်ရဲ့သမီး ကုမ္ပဏီကို ပိတ်ဆို့မှုလုပ်လိုက်တာကြောင့် ကလဲ့စားချေတာလို့ ယူဆပါတယ်။

“ကျနော်တို့လည်း သူများနိုင်ငံတွေသွားတာပဲ။ လဝက ကနေ တရားဝင် ဝင်ရောက်ပြီးသွားရင် နိုင်ငံထဲမှာ ဘယ်နေရာမှာနေနေပေါ့၊ ပြဿနာမရှိပါဘူး။ ခုဟာက ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းမှာ မင်းအောင်လှိုင်ရဲ့သမီး ခင်သီရိသက်မွန်တို့ ကုမ္ပဏီတွေကို ဗြိတိန်အစိုးရက Sanctions ကြေညာတာတွေ၊ စီးပွားရေးပိတ်ဆို့တာတွေ လုပ်တဲ့အခါကျတော့ လက်စားချေတဲ့ သဘောပေါ့။ ဗစ်ကီဘိုမန်းဆိုတာကလည်း ဗြိတိန်သံအမတ်ကြီးဟောင်း ဆိုတော့ ကိုထိန်လင်းတို့၊ ဗစ်ကီဘိုမန်းတို့က ကြားထဲက ဓားစာခံဖြစ်သွားတယ်လို့ပဲ ယူဆတယ်”

ခုလို ဗြိတိန်သံအမတ်ကြီးဟောင်းတစ်ဦးကို ဖမ်းဆီးတာနဲ့ပတ်သက်ပြီး RFA အနေနဲ့ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးဌာနကို အီးမေးလ်ကတစ်ဆင့် ဆက်သွယ်မေးမြန်းတဲ့အခါ ဗြိတိန်နိုင်ငံသူတစ်ဦးကို ဖမ်းဆီးထားတာကို သူတို့အနေနဲ့ စိုးရိမ်ပူပန်နေပြီး ဒေသအာဏာပိုင်တွေနဲ့ ဆက်သွယ်ပြီး အကူအညီပေးနိုင်ဖို့ ဆောင်ရွက်နေပါတယ်လို့ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ဖြေဆိုပါတယ်။

နယူးယောက်အခြေစိုက် PEN America အဖွဲ့ကလည်း ဗြိတိန်သံအမတ်ကြီးဟောင်း ဗစ်ကီဘိုးမန်းနဲ့ ခင်ပွန်းဖြစ်သူတို့ကို ချက်ချင်းလွှတ်ပေးဖို့ သြဂုတ်လ ၂၅ ရက်နေ့စွဲနဲ့ ကြေညာချက်ထုတ်ပြန် တောင်းဆိုလိုက်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။