မြန်မာစစ်တပ်အပေါ် ဗြိတိန်ပိတ်ဆို့မှုသစ် ထိရောက်မှုနည်း
2022.12.16

စစ်ဘက်ရေးရာလုံခြုံရေးအရာရှိချုပ်ရုံး၊ ခြေမြန်တပ်မ ၃၃ နဲ့ တပ်မ ၉၉ တို့ကို ပိတ်ဆို့အရေးယူကြောင်း ဗြိတိန်အစိုးရက ဒီဇင်ဘာ ၉ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။
စစ်ဘက်ရေးရာ လုံခြုံရေးအရာရှိချုပ်ရုံးကို ဒီမိုကရေစီရေးလှုပ်ရှားသူတွေကို လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု၊ ပြင်းထန်တဲ့ ညှဉ်းပန်းနှိပ်စက်မှုနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျူးလွန်ခဲ့တာကြောင့် အရေးယူတာဖြစ်ပါတယ်။
"၃၃ တို့ ၉၉ တို့ကတော့ စစ်မြေပြင်တွေမှာ အဓိက ကျူးလွန်ခဲ့တာတွေ အများကြီးရှိတယ်"
ခြေမြန်တပ်မ ၃၃ နဲ့ ၉၉ တို့ကို၂ဝ၁၇ ခုနှစ်က ရခိုင်ပြည်နယ်မှာ စစ်ဆင်ရေးအတွင်း ရိုဟင်ဂျာတွေအပေါ် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု ကျူးလွန်ခဲ့တာတွေကြောင့် အရေးယူတာလို့ ကြေညာချက်မှာ ဖော်ပြပါတယ်။
ဒီအဖွဲ့တွေဟာ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို အမှန်တကယ်ကျူးလွန်ခဲ့တယ်လို့ CDM ဗိုလ်ကြီး လင်းထက်အောင်က RFA ကို ပြောပါတယ်။
“၃၃ တို့ ၉၉ တို့ နောက်ပြီးတော့ ဒီစရဖတို့ ဘာတို့ကျတော့ သူတို့ ကျူးလွန်မှုတွေ ကတော့ လူသိရှင်ကြား ဖြစ်ခဲ့တာတွေ အများကြီးပဲ။ စရဖဆိုရင်တော့ အဆိုးဆုံးပေါ့နော်။ ဖမ်းဆီးနှိပ်စက်တဲ့နေရာမှာ စရဖသည် ကြမ်းတမ်းတယ်။ ရက်စက်တယ်။ ယုတ်မာ ကောက်ကျစ်တယ်လို့ ကျနော်တို့ ပြောရမယ်။ သူတို့ရဲ့ ဖြစ်စဉ်တွေက ကျနော်တို့ ကြားသိနေတဲ့အတိုင်းတွေပဲ ဒါအမှန်အကန်တွေပဲလို့ ကျနော်တို့ ပြောလို့ရတယ်။ ၃၃ တို့ ၉၉ တို့သည်လည်း ထိုနည်းလည်းကောင်းပါပဲ။ ၃၃ တို့ ၉၉ တို့ကတော့ စစ်မြေပြင်တွေ မှာ အဓိက ကျူးလွန်ခဲ့တာတွေ အများကြီးရှိတယ်။ ရခိုင်မှာလည်း သူတို့ ကျူးလွန်ခဲ့ တာတွေရှိတယ်။ နောက်ဆုံး လောက်ကိုင်။ ပြည်တွင်းမှာ လူသိများတဲ့ စစ်ပွဲတွေမှာ ဆိုရင် ၃၃ တို့ ၉၉ တို့ကတော့ မပါမဖြစ်ပဲ”
စစ်ဘက်ရေးရာလုံခြုံရေး အရာရှိချုပ်ရုံး လက်အောက်ခံ စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့ (စရဖ) ဟာ ဗိုလ်ချုပ်ကြီးခင်ညွှန့် ဦးဆောင်တဲ့ စစ်ထောက်လှမ်းရေးကို ဖျက်သိမ်းလိုက်ပြီး နောက် ပေါ်ပေါက်လာတာပါ။ အထူးသဖြင့် စစ်ကြောရေးမှာ နိုင်ငံရေးသမားတွေကို ဖမ်းဆီးနှိပ်စက်တဲ့အခါမှာ လက်သံပြောင်တဲ့အဖွဲ့လည်း ဖြစ်ပါတယ်။
ခြေမြန် တပ်မ ၃၃ ကတော့ အနောက်မြောက်တိုင်း စစ်ဌာနချုပ်နယ်မြေ စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့မှာ အခြေစိုက်ပြီး တပ်မ ၉၉ က အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်နယ်မြေ မန္တလေးတိုင်း၊ မိတ္ထီလာမြို့မှာ အခြေစိုက်ပါတယ်။ တပ်မနှစ်ခုလုံးဟာ ကက (ကြည်း) က တိုက်ရိုက်ကွပ်ကဲစီမံတဲ့ တိုက်ခိုက်ရေးတပ်ဖွဲ့ဖြစ်ပါတယ်။ စစ်နယ်မြေပုံသေမရှိဘဲ ရန်သူရဲ့ အင်အားအပေါ်မူတည်ပြီး လိုအပ်သလို လှုပ်ရှားရပါတယ်။ တပ်မနှစ်ခုလုံးဟာ ၂၀၁၇ ခုနှစ်က ရခိုင်ပြည်နယ်၊ မြောက်ပိုင်းမှာ တာဝန်ကျခဲ့တဲ့ တပ်မတွေဖြစ်ပါတယ်။
လက်ရှိမှာ တပ်မ ၃၃ က စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းမှာ အဓိက လှုပ်ရှားနေပြီး တပ်မ ၉၉ ကတော့ နေပြည်တော် လုံခြုံရေးကို အဓိက တာဝန်ယူထားပါတယ်။
ဒီအရေးယူမှုဟာ မြန်မာစစ်တပ်အတွက် နိုင်ငံရေးအရသိက္ခာကျပေမယ့် လက်တွေ့ ထိရောက်မှုမရှိနိုင်ဘူးလို့ နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးရဲထွန်းက သုံးသပ်ပါတယ်။
“ကျနော်ထင်တာကတော့ အဓိကနိုင်ငံရေး အရပါပဲ။ နိုင်ငံရေးအရ ဒီစစ်တပ် အဖွဲ့အစည်းတွေ ဘာတွေက သူတို့ဆောင်ရွက်တဲ့ကိစ္စတွေမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဖြစ်တယ်ဆိုတာကို နိုင်ငံရေးအရ သိက္ခာချတဲ့သဘောပေါ့နော်။ ထိရောက်မှုကတော့ ဘာမှမရှိပါဘူး။ အဲဒီ မြန်မာ့တပ်မတော် တစ်ခုလုံးကို သူတို့ဟိုဟာ ဖြတ်ထားတာပဲလေ။ လက်နက် ခဲယမ်းမီးကျောက် မရောင်းရတို့။ ဘယ်ဗိုလ်ချုပ်တွေ၊ ဘယ်ဗိုလ်ချုပ်တွေကို ဆန်ရှင်အရေးယူတယ်တို့ လုပ်ထားတာပဲ။ ထူးခြားပြီးတော့ အကျိုးသက်ရောက်မှုရှိတယ်လို့ မထင်ဘူး”
စစ်တပ်ဟာ သူလုပ်စရာရှိတာ ဆက်လုပ်နေလိမ့်မယ်လို့ သူက ပြောပါတယ်။
ဗြိတိန်အစိုးရရဲ့ ထုတ်ပြန်ချက်မှာတော့ ဒဏ်ခတ်ပိတ်ဆို့မှုတွေဟာ အကျင့်ပျက် ခြစားသူတွေ၊ လူ့အခွင့်အရေး ချိုးဖောက်သူတွေ၊ လိင်အကြမ်းဖက်မှု ကျူးလွန်သူတွေကို ပစ်မှတ်ထားတဲ့ ကမ္ဘာလုံးဆိုင်ရာ အရေးယူတုံ့ပြန်မှုပုံစံကြီးတစ်ခုရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်တယ်လို့ ဆိုပါတယ်။
ဗြိတိန် နိုင်ငံခြားရေးဝန်ကြီး ဂျိမ်းစ်ကလဲဗာလီက လူ့အခွင့်အရေး ချိုးဖောက်မှုကျူးလွန်မှု တွေရဲ့ နောက်ကွယ်မှာရှိနေသူတွေကို ဒဏ်ခတ်ပိတ်ဆို့မှုတွေ ဆက်လက်လုပ်သွားမယ်လို့ ပြောပါတယ်။
ဒီပိတ်ဆို့ဒဏ်ခတ်မှုနဲ့ ပတ်သက်လို့ စစ်ကောင်စီ သဘောထားသိနိုင်ဖို့ စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဖုန်းနဲ့ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိပါဘူး။
စစ်တပ်အရာရှိဟောင်းတွေနဲ့ ဖွဲ့စည်းထားတဲ့ သေနင်္ဂမဟာဗျူဟာလေ့လာရေးအဖွဲ့ အမှုဆောင်ညွှန်ကြားရေးမှူး ဦးသိန်းထွန်းဦးကတော့ ပိတ်ဆို့အရေးယူမှုက စစ်တပ်အတွက် မျက်စိနောက်ရုံသက်သက်ပဲလို့ ဆိုပါတယ်။
“အဲဒီနိုင်ငံကလူတွေ အကုန်လုံးမေ့ထားကြတာက ကျနော်တို့ဟာ မတူညီတဲ့ယဉ်ကျေးမှု အခြေခံတွေ ယဉ်ကျေးမှုလူ့အသိုင်းအဝိုင်းတွေ ကြားထဲမှာနေနေကြတာ။ ကျနော်တို့ ဘာတွေရင်ဆိုင်နေရလဲ သူတို့ နားမလည်ဘူး။ ဆိုလိုတာက ကျနော်တို့ နိုင်ငံဖြစ်တည် လာခဲ့ပုံ၊ နိုင်ငံ တည်ဆောက်လာခဲ့ပုံ၊ နိုင်ငံမှာ ဘယ်လိုနေထိုင်ကြသလဲဆိုတဲ့ ယဉ်ကျေးမှုအသိုင်းအဝိုင်း ပုံစံတွေကို သူတို့ နားမလည်ဘဲနဲ့ လုပ်နေသမျှကာလပတ်လုံး ကတော့ ဘယ်လိုပဲ လုပ်လုပ်ပေါ့။ သွားနေတဲ့လမ်းကြောင်းပေါ်မှာ ဘယ်လိုမှ အကျိုး သက်ရောက်မှု ဖြစ်မှာမဟုတ်ဘူး။ အရပ်စကားနဲ့ ပြောရရင်တော့ နည်းနည်းမျက်စိ နောက်တာပဲ ရှိတယ်”
စစ်တပ်ကိုအပေါ် ထိရောက်တဲ့အရေးယူမှုဖြစ်ဖို့ဆိုရင် အနောက်နိုင်ငံတွေရဲ့ ပိတ်ဆို့ ဒဏ်ခတ်မှုအပြင် အိမ်နီးချင်းနိုင်ငံတွေရဲ့ အရေးယူမှုတွေလည်း လိုအပ်တယ်လို့ CDM ဗိုလ်ကြီးလင်းထက်အောင်က သုံးသပ်ပါတယ်။

စစ်ကိုင်းတိုင်း ပုလဲမြို့နယ်အခြေစိုက် မြန်မာ့တော်ဝင်နဂါးတပ်မတော် (MRDA ) ခေါင်းဆောင် ဗိုလ်နဂါးက စစ်ကောင်စီတပ်ကို ယခုထက်ပိုတဲ့ ဒဏ်ခတ်မှုတွေလုပ်ဖို့ တောင်းဆိုပါတယ်။
“သူတို့က အပြင်ကနေ ဒီလိုလေးပဲလုပ်ပေးနေရုံနဲ့တော့ ကျနော်တို့ ဒီလူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဒီနိုင်ငံအတွင်းမှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ဒီအိမ်တွင်း အကြမ်းဖက်မှုလိုပေါ့ဗျာ။ ဒီနိုင်ငံအတွင်းက လူ့အခွင့်အရေးချိုးဖောက်မှုတွေကို တားဆီးပိတ်ပင်ဖို့တော့ မလုံလောက်ဘူးဆိုတဲ့ စကားမပြောနဲ့ ထိရောက်မှုဆိုတာတောင် ဘာမှမရှိဘူးလို့ ကျနော်တော့ ပြောချင်တော့တယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒါက နှစ်ရှည်လများ ကျနော်တို့ ကြုံလာခဲ့ကျပြီးပြီ။ အကြိမ်ကြိမ်လည်း ကြုံလာခဲ့ပြီးပြီ။ သူတို့ ကြိုက်သလောက် ပြောနေ။ လူတွေက အများကြီး သေကြေပျက်စီးခဲ့ကြပြီးပြီ။ ဆုံးရှုံးခဲ့ကြပြီးပြီ။ ဘဝတွေ ကြေမွနေခဲ့ကြပြီးပြီ။ ကျနော်တို့ကတော့ ဒီထက်ပိုတဲ့ အရာတွေကိုပဲ မျှော်လင့်ပါတယ်”
ဒီအဓမ္မမှုတွေကို ကမ္ဘာကြီးက လက်မခံဘူးလို့ ပြောနေမယ့်အစား ကျူးလွန်သူတွေကို ဝိုင်းဝန်းဖယ်ရှားကြပေးဖို့လိုတယ်လို့ သူက ပြောပါတယ်။
ကနေဒါနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း မြန်မာနိုင်ငံက လူပုဂ္ဂိုလ် ၁၂ ဦးနဲ့ အဖွဲ့အစည်း ၃ ခုကို လူ့အခွင့်အရေးချိုးဖောက်မှုတွေအတွက် ပိတ်ဆို့အရေးယူမယ့် စာရင်းထဲမှာထည့်သွင်းကြောင်း ဒီဇင်ဘာလ ၉ ရက်ကပဲ ကြေညာခဲ့ပါတယ်။
နိုင်ငံတကာက အခုလို ပိတ်ဆို့အရေးယူမှုတွေ လုပ်နေပေမယ့် မြန်မာနိုင်ငံအတွင်း အစုလို အပြုံလိုက် သတ်ဖြတ်မှုတွေ အပါအဝင် လူ့အခွင့်အရေးချိုးဖောက်မှုတွေ ဆက်ရှိနေဆဲ ဖြစ်တယ်လို့ လူ့အခွင့်အရေးလှုပ်ရှားသူတွေက ထောက်ပြပါတယ်။
စစ်အာဏာသိမ်းပြီးနောက် ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၁၅ ရက်အထိ အရပ်သား ၂,၆၀၄ ဦး သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ပါတယ်။