ဗြိတိန် သံအမတ်ဟောင်းနဲ့ ခင်ပွန်းကို အရေးယူမှု ဖိအားတွေပိုကြုံလာနိုင်

မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ်ဟောင်း ဗစ်ကီဘိုးမန်းနဲ့ ခင်ပွန်းဖြစ်သူ နိုင်ငံရေး အကျဉ်းသားဟောင်းလည်းဖြစ် ပန်းချီဆရာလည်းဖြစ်တဲ့ ဦးထိန်လင်းတို့ကို ပြီးခဲ့တဲ့ စက်တင်ဘာလ ၂ ရက်နေ့က ရန်ကုန်မြို့ အင်းစိန်ထောင် တွင်း အထူးတရားရုံးကနေ လူဝင်မှုကြီးကြပ်ရေး (လတ်တလောပြဌာန်းချက်များ) အက်ဥပဒေပုဒ်မ - ၁၃(၁)၊ ၅(၁) နဲ့ အလုပ်နဲ့ထောင်ဒဏ် တစ်နှစ်စီ ချမှတ်ခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ အနေကြာပြီဖြစ်တဲ့ မစ္စဗစ်ကီဘိုးမန်းဟာ ၂၀၁၄ ခုနှစ်လောက်ကစလို့ မြန်မာ့စီးပွားရေးကဏ္ဍ တာဝန်ယူမှုရှိရေး အထောက်အကူပြုဌာန (Myanmar Centre for Responsible Business – MCRB) ကို ဦးစီး လုပ်ဆောင်နေသူတစ်ဦးလည်း ဖြစ်ပါတယ်။
အခု စစ်တပ်ရဲ့ ဖမ်းဆီးထောင်ချမှုဟာ မစ္စ ဗစ်ကီဘိုးမန်းရဲ့ လုပ်ငန်းနဲ့ တိုက်ရိုက် ဆက်စပ် နေတယ်လို့ RFA ရဲ့ နေပြည်တော် သတင်းရင်းမြစ်တွေကပြောပါတယ်။
အာဏာသိမ်းပြီးနောက်ပိုင်းမှာ မစ္စဗစ်ကီဘိုးမန်းဟာ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး နိုင်ငံ တကာကို သတင်းအမှားတွေ ဖြန့်နေသလို စစ်တပ်နဲ့ နီးစပ်တဲ့ စီးပွားရေး လုပ်ငန်း တချို့ကို ဗြိတိန် အစိုးရရဲ့ ဒဏ်ခတ်ပိတ်ဆို့မှုမှာလည်း သူ့လက်ချက်မကင်းဘူးလို့ စစ်တပ် ထိပ်ပိုင်း ခေါင်းဆောင်တွေက သံသယရှိနေကြတယ်လို့ ဆိုပါတယ်။
ဗြိတိန်အစိုးရက စစ်ကောင်စီရဲ့ လက်နက်နဲ့ ဝင်ငွေရရှိမှုကို ကန့်သတ်တဲ့အနေနဲ့ စစ်တပ်နဲ့ ပတ်သက်နေတဲ့ စီးပွားရေး လုပ်ငန်းကြီး သုံးခုဖြစ်တဲ့ Star Sapphire Group of Companies၊ International Gateways Group of Companies Limited (IGG) နဲ့ Sky One ဆောက်လုပ်ရေးကုမ္ပဏီတို့ကို ဒဏ်ခတ်ပိတ်ဆို့ အရေးယူလိုက်ကြောင်း ဩဂုတ်လ ၂၅ ရက်နေ့က ကြေညာခဲ့ပါတယ်။
ဒီထဲက ပိတ်ဆို့အရေးယူခံရတဲ့ Sky One ဆောက်လုပ်ရေးကုမ္ပဏီဟာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ သားဖြစ်သူ ဦးအောင်ပြည့်စုံ ပိုင်ဆိုင်တဲ့ ကုမ္ပဏီ တစ်ခုလည်း ဖြစ်ပါတယ်။
မစ္စဗစ်ကီဘိုးမန်းနဲ့ ခင်ပွန်း အရေးယူခံရတာဟာ စစ်ကောင်စီရဲ့ သံသယလွန်ကဲမှုကြောင့် လို့ မဟာဗျူဟာနဲ့ မူဝါဒ လေ့လာရေးဌာနက ပြင်ပ ဆက်သွယ်ရေး ဒါရိုက်တာလည်းဖြစ် ABSDF အဖွဲ့ဝင်ဟောင်း တစ်ဦးလည်း ဖြစ်သူ ဦးအောင်သူငြိမ်းက RFA ကိုပြောပါတယ်။
“ဗစ်ကီဘိုးမန်းပေါ့။ အရင်တုန်းက သံအမတ်ဟောင်း၊ နောက်ပြီးတော့ မြန်မာပြည်သား တစ်ယောက်နဲ့ အိမ်ထောင်ကျပြီးတော့ ဒီထဲမှာပဲ အခြေချဖို့ ကြိုးစားတယ်ပေါ့။ တခြား ပြဿနာတွေလည်း ရှိနိုင်တယ်။ ရှိနိုင်တယ်ဆိုရင်လည်း အဲဒါနဲ့ ပတ်သက်လို့ ကိစ္စနဲ့ ပတ်သက်လို့ အရေးယူပေါ့ဗျာ။ အဲဒီလိုမှ မဟုတ်ဘဲနဲ့ ဒီလိုမျိုး ဘာခေါ်မလဲ လူဝင်မှု ကြီးကြပ်ရေးနဲ့ အရေးယူတာတော့ လွန်တယ်လို့ ပြောလို့ရတာပေါ့နော်။ ကျနော် ထင်တာကတော့ နိုင်ငံခြားသား မုန်းတီးရေးဗျနော်။ နောက်တစ်ခုက နိုင်ငံခြားသား ဆိုရင် ပိုပြီးတော့ သံသယကြီးလွန်းတဲ့ သဘော ဆောင်တာပေါ့ဗျာ”
မစ္စဗစ်ကီဘိုးမန်းနဲ့ ခင်ပွန်းဖြစ်သူ ဦးထိန်လင်းဟာ ဩဂုတ်လ ၂၄ ရက်နေ့ညက စမ်းချောင်းမြို့နယ်က နေအိမ်မှာ အဖမ်းခံခဲ့ရတာဖြစ်ပြီး ဩဂုတ်လ ၂၅ ရက် နေ့မှာ အင်းစိန် အကျဉ်းထောင်ကို ချက်ချင်း ပို့ဆောင်ခံခဲ့ရပါတယ်။
စစ်ကောင်စီဘက်ကတော့ သူတို့နှစ်ဦးဟာ ဗီဇာသက်တမ်း တိုးလျှောက်ရာမှာ ဖော်ပြ ထားတဲ့ စမ်းချောင်းမှာ မနေဘဲ ကလောမြို့က နေအိမ်မှာ နေထိုင်ခဲ့တာကြောင့် ဖမ်းဆီး အရေးယူတာလို့ ပြောပါတယ်။
လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ရန်ကုန်မြို့က တရားလွှတ်တော် ရှေ့နေတစ်ဦးကတော့ မစ္စဗစ်ကီဘိုးမန်းနဲ့ ခင်ပွန်း အရေးယူခံရမှုကို မေးခွန်းထုတ်လိုက်ပါတယ်။
“အဲဒီလိုမျိုး ပြစ်မှုကျူးလွန်တဲ့အချိန်တုန်းက ဘာလို့ အရေးမယူခဲ့ရတာလဲ။ အရေး မယူခဲ့ဘဲနဲ့။ ပြောမယ်ဆို သူဖော်ပြထားတဲ့အတိုင်း တစ်နှစ်နီးပါးကြာမှ ထပြီးတော့ အရေးယူတာက ဒါဘာကြောင့် အရေးယူတာလဲ။ ဘာကြောင့်လဲဆိုတော့ ဒီ ပုဒ်မ တစ်ခုတည်းနဲ့ အရေးယူမယ်ဆိုရင် မူလဖောက်ဖျက်ကတည်းက အရေးယူရမှပေါ့။ အဲလို အရေးမယူခဲ့ဘဲနဲ့ အခုကျမှ ကာလတော်တော်ကြာမှ အရေးယူလိုက်တဲ့အတွက် ဒါဟာလည်းပဲ စိတ်ဝင်စားစရာနဲ့ မေးစရာ မေးခွန်းတစ်ခုပေါ့”
စစ်ကောင်စီရဲ့ထုတ်ပြန်ချက်အရ မစ္စဗစ်ကီဗိုးမန်းဟာ ရှမ်းပြည်နယ် ကလောမြို့နယ်က ဦးထိန်လင်းရဲ့ နေအိမ်မှာ ၂၀၂၁ ခုနှစ်၊ မေလ ၄ ရက်နေ့ကနေ ၂၀၂၂ ခုနှစ်၊ သြဂုတ်လ ၉ ရက်နေ့အထိ နေထိုင်ခဲ့တယ်လို့ ပါရှိပါတယ်။
ဒါကြောင့် လူဝင်မှုကြီးကြပ်ရေး (လတ်တလောပြဌာန်းချက်များ) အက်ဥပဒေအရ နိုင်ငံခြားသားတစ်ဦး သတ်မှတ်နေရာမှာ မနေတော့ဘဲ ပြောင်းရွေ့သွားပြီဆိုတာနဲ့ သက်ဆိုင်ရာ ရပ်ကွက်တာဝန်ရှိသူတွေက ချက်ချင်းသိသလို ပြောင်းရွေ့သွားတဲ့ နေရာက အာဏာ ပိုင်အဆင့်ဆင့်ကလည်း သိပြီး ဖြစ်တာကြောင့် အဲဒီအချိန်တုန်းက ဘာကြောင့် မဖမ်းဘဲ လွှတ်ပေးခဲ့သလဲဆိုတာ မေးခွန်းထုတ်စရာဖြစ်နေတယ်လို့ အဲဒီရှေ့နေက ပြောပါတယ်။
"အပြစ်ရှိလို့ စီရင်တာထက် ပယောဂတစ်ခုခုကြောင့် သူ့ရဲ့ရည်ရွယ်ချက်၊ ရည်မှန်းချက် ရှိတယ်။"
မစ္စဗစ်ကီဘိုးမန်းနဲ့ ခင်ပွန်းကို စစ်တပ်က ဖမ်းဆီးအရေးယူလိုက်တာဟာ နိုင်ငံရေး ပယောဂကြောင့်ဖြစ်ပြီး ဒီလုပ်ရပ်ကို လက်ခံနိုင်စရာ မရှိတာကြောင့် စစ်ကောင်စီအပေါ် နိုင်ငံတကာ ဖိအားတွေပဲ ပိုတိုးလာလိမ့်မယ်လို့ နိုင်ငံရေး လေ့လာသုံးသပ်သူ ဒေါက်တာ စိုင်းကြည်ဇင်စိုးက ပြောပါတယ်။
“တိုးမှာ သေချာတာပေါ့။ သူလုပ်တဲ့ ဖမ်းတဲ့ ဥပဒေ၊ ဖမ်းတဲ့ပုံစံ ပြီးတော့ လောလော လောလောနဲ့ ပြစ်ဒဏ် စီရင်လိုက်တယ် ဆိုတဲ့ဟာက ပုံမှန်မဟုတ်ဘူး။ နောက်တစ်ခုက အဲဒီလိုမျိုး သင့်တင်တဲ့ ချေပခွင့် ပေးလား၊ မပေးဘူးလား။ မျှတတဲ့ စီရင်ခွင့်လား ဆိုတာတွေက မေးခွန်းတွေက ထုတ်စရာတွေ ရှိတယ်။ လက်ရှိ အခြေအနေအရကိုက သူလုပ်တဲ့ ရည်ရွယ်ချက်ကလည်း အပြစ်ရှိလို့ စီရင်တာထက် ပယောဂတစ်ခုခုကြောင့် သူ့ရဲ့ရည်ရွယ်ချက်၊ ရည်မှန်းချက် ရှိတယ်။ နောက်ကွယ်ကနေ တွန်းအားတစ်ခုကြောင့် တမင်လုပ်လိုက်တယ် ဆိုတာမျိုး မြင်သာတယ်။ ဒါက ဘယ်နိုင်ငံအနေနဲ့မှ လက်ခံ နိုင်စရာမရှိဘူး”
စစ်ကောင်စီရဲ့လုပ်ရပ်ကြောင့် ဗြိတိန်အစိုးရနဲ့ ဖြစ်စေ၊ နိုင်ငံတကာ အသိုင်းအဝိုင်းနဲ့ ဖြစ်စေ ပိုပြီး ရင်းနှီးဖို့ အကြောင်းမရှိတော့ဘူးလို့လည်း ဒေါက်တာ စိုင်းကြည်ဇင်စိုးက ပြောပါတယ်။
ဗြိတိန်နိုင်ငံသားတစ်ဦးကို ဖမ်းဆီးအရေးယူပြလိုက်တာဟာ စစ်ကောင်စီက ပြည်တွင်းမှာ သူ့ရဲ့လုပ်ပိုင်ခွင့် အာဏာ တစုံတရာ ရှိသေးတယ်ဆိုတာကို ထင်ရှားစေချင်သလို ပြည်ပ ကနေ ဖိအားပေးအရေးယူမှု လုပ်နေတဲ့ သူတွေကို ရည်ရွယ်ချက်ရှိရှိ တန်ပြန်လုပ်ပြ လိုက်တာမျိုးလည်း ဖြစ်နိုင်တယ်လို့ လေ့လာသူအချို့က သုံးသပ်ကြပါတယ်။
လက်ရှိ အင်းစိန်ထောင်မှာ အကျဉ်းချခံနေကြရတဲ့ မစ္စဗစ်ကီဘိုးမန်းနဲ့ ခင်ပွန်းဖြစ်သူ ဦးထိန်လင်းတို့ကို မိသားစုဝင်တွေက တွေ့ဖို့ကြိုးစားနေပေမယ့် အခုချိန် အထိ တွေ့ခွင့် မရသေးဘူးလို့ မိသားစုနဲ့ နီးစပ်သူတွေက ပြောပါတယ်။
မစ္စဗစ်ကီဘိုးမန်းဟာ ပြီးခဲ့တဲ့ ၂၀၀၂ ခုနှစ်ကနေ ၂၀၀၆ ခုနှစ်အထိ မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ်ကြီးအဖြစ် တာဝန်ယူခဲ့ပြီး ခင်ပွန်းဖြစ်သူ ပန်းချီဆရာ ဦးထိန်လင်းကတော့ ကျောင်းသားများဒီမိုကရက်တစ် တပ်ဦး (ABSDF) အဖွဲ့ဝင်ဟောင်းတစ်ဦးဖြစ်သလို နိုင်ငံရေးအကျဉ်းသားဟောင်း တစ်ဦးလည်း ဖြစ်ပါတယ်။
လက်ရှိမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ စီးပွားရေးအကြံပေး ဩစတေးလျနိုင်ငံသား ပါမောက္ခရှောင်တားနဲလ်နဲ့ ဂျပန်နိုင်ငံသား ရုပ်သံမှတ်တမ်း ရိုက်ကူးသူ Toru Kubota တို့လည်း စစ်ကောင်စီရဲ့ ဖမ်းဆီးတရားစွဲဆိုမှုကို ရင်ဆိုင်နေကြရပါတယ်။