မစ္စတာရှောင်တာနဲလ်အပါအဝင် နိုင်ငံခြားသားလေးဦး လွှတ်ပေးဖို့ရှိကြောင်း စစ်ကောင်စီပြော

အစိုးရလျှို့ဝှက်ချက်အက်ဥပဒေနဲ့ ထောင်ဒဏ်သုံးနှစ်ကျခံနေရတဲ့ သြစတြေးလျ နိုင်ငံသား မစ္စတာ ရှောင်တာနဲလ် အပါအဝင် နိုင်ငံခြားလေးဦးကို ပြစ်ဒဏ်ကနေလွတ်ငြိမ်းခွင့်ပြုပြီး ပြည်နှင်ဒဏ်ပေးမယ်လို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက RFA ကို ဒီကနေ့ နိုဝင်ဘာ ၁၇ ရက်မနက်ပိုင်းမှာ ပြောပါတယ်။
အင်းစိန်အကျဉ်းထောင်ထဲမှာ ပြစ်ဒဏ်ကျခံနေရတဲ့ မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန် သံအမတ်ဟောင်း ဗစ်ကီဘိုးမန်းနဲ့ မှတ်တမ်းရုပ်ရှင် ရိုက်ကူးသူ ဂျပန်နိုင်ငံသား သတင်းထောက် တိုရူကူဘိုတာတို့ကိုလည်း ပြည်နှင်ဒဏ်ပေးမယ့်အထဲ ပါဝင်တယ်လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။
“လွတ်ငြိမ်းခွင့်ပြုပြီး ပြည်နှင်ဒဏ်ပေးမှာက ရှောင်တားနဲလ်၊ ဗစ်ကီဘိုးမန်း၊ ကူဘိုတာနဲ့ ကျော်ဌေးဦး အမေရိကန် နိုင်ငံသားရယ် လေးယောက်ဖြစ်ပါတယ်”
ဒီနေ့ ပြန်လည်လွတ်မြောက်မယ့်သူတွေအထဲ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီး ဦးကျော်တင့်ဆွေ၊ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ဦးသန်းဌေး၊ NLD အစိုးရလက်ထက် အဂတိလိုက်စားမှုနဲ့ ထောင်ဒဏ်ကျခံနေရတဲ့ ဒေါက်တာဒေါ်လဲ့လဲ့မော်တို့လည်း ပါဝင်တယ်လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။
အနုပညာရှင်တွေထဲမှာ ပန်းချီထိန်လင်း၊ ဆင်မ အပါအဝင် ရာဇသတ်ကြီးဥပဒေပုဒ်မ - (၅၀၅ -က) နဲ့ တရားစွဲဆိုခံထားရတဲ့ အနုပညာရှင် ၁၁ ဦးကိုလည်း ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုတာနဲ့ အမှုရုပ်သိမ်းတာတွေ လုပ်မယ်လို့ သူက ဆက်ပြောပါတယ်။
စစ်ကောင်စီက ဒီနေ့ကျရောက်တဲ့ ၁၀၂ နှစ်မြောက်အမျိုးသားနေ့ကို ဂုဏ်ပြုတဲ့အနေနဲ့ ရာဇသတ်ကြီးဥပဒေပုဒ်မ - (၅၀၅ - က) နဲ့ ပြစ်ဒဏ်ကျခံနေရတဲ့ အကျဉ်းသား ၆၁၈ ဦးနဲ့အကျဉ်းသူ ၉၄ ဦးအပါအဝင် တခြားပြစ်မှုတွေနဲ့ အကျဉ်းကျနေတဲ့ အကျဉ်းသား၊ အကျဉ်းသူ ၅၇၇၄ ဦးကို လွတ်ငြိမ်းခွင့်ပြုလိုက်တယ်လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။