ဗြိတိန်သံအမတ်ဟောင်းနဲ့ ခင်ပွန်း အလုပ်နဲ့ထောင် တစ်နှစ်စီချမှတ်ခံရ

မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ်ဟောင်း မစ္စဗစ်ကီဘိုးမန်းနဲ့ ခင်ပွန်းဖြစ်သူ ပန်းချီဆရာ ဦးထိန်လင်းကို အင်းစိန်ထောင်တွင်း အထူးတရားရုံးကနေ စက်တင်ဘာလ ၂ ရက် ဒီနေ့ မနက်က လူဝင်မှုကြီးကြပ်ရေး (လတ်တလော ပြဌာန်းချက်) အက်ဥပေဒပုဒ်မ - ၁၃(၁)၊ (၅) နဲ့ အလုပ်နဲ့ထောင်ဒဏ် တစ်နှစ်စီ ချမှတ်လိုက်တယ်လို့ ရန်ကုန်မြို့ ရှေ့နေ အသိုင်း အဝိုင်းက ပြောပါတယ်။
အမှုကို ဩဂုတ်လ ၃၁ ရက်နေ့က ကြားနာပြီး ဒီနေ့မှာ အမိန့်ချခံရတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ရှေ့နေတစ်ဦးက ပြောပါတယ်။
"ပြီးခဲ့တဲ့ဩဂုတ်လ ၃၁ ရက်က ရုံးထုတ်ကြားနာပါတယ်။ ဒီနေ့မှာတော့ ထောင်ဒဏ်တစ် နှစ်နဲ့ အလုပ်ပါ အပါချလိုက်တယ်ပေါ့။ စွဲထားတဲ့ပုဒ်မအရဆိုရင်တောင် ထောင်ငါးနှစ် အထိ ချလို့ရတယ်။ မတရားဖမ်းဆီး ထောင်ချတာမလို့ ဘာမှကို မပြောချင်တော့ပါဘူး"
မစ္စဗစ်ကီဘိုးမန်းနဲ့ ခင်ပွန်းဖြစ်သူ ဦးထိန်လင်းတို့ကို မိသားစုဝင်တွေက တွေ့ဖို့ကြိုးစားနေ ပေမယ့် တွေ့ခွင့်မရသေးဘူးလို့ မိသားစုနဲ့နီးစပ်သူတွေက ပြောပါတယ်။
မစ္စဗစ်ကီဘိုးမန်းနဲ့ ဦးထိန်လင်းဟာ ပြီးခဲ့တဲ့ ဩဂုတ်လ ၂၄ ရက်နေ့က စမ်းချောင်းမြို့နယ် က နေအိမ်မှာ အဖမ်းခံခဲ့ရတာဖြစ်ပြီး ဩဂုတ်လ ၂၅ ရက်နေ့မှာ အင်းစိန်အကျဉ်းထောင်ကို ပို့ဆောင်ခံခဲ့ရတာပါ။
သူတို့နှစ်ဦးဟာ ဗီဇာသက်တမ်းတိုးလျောက်ရာမှာ ဖော်ပြထားတဲ့ လိပ်စာမှမနေဘဲ ကလော မြို့က နေအိမ်မှာ နေထိုင်ခဲ့တာအပြင် ဦးထိန်လင်းကလည်း နိုင်ငံခြားသားတည်းခိုနေထိုင် တာကို အကြောင်းမကြားတာကြောင့် လဝကဥပဒေနဲ့ အမှုဖွင့်အရေးယူတာလို့ စစ်ကောင်စီ က ပြောဆိုထားပါတယ်။
မစ္စဗစ်ကီဘိုးမန်းဟာ ပြီးခဲ့တဲ့ ၂၀၀၂ ခုနှစ်ကနေ ၂၀၀၆ ခုနှစ်အထိ မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ်ကြီးအဖြစ် တာဝန်ယူခဲ့ပြီး ခင်ပွန်းဖြစ်သူ ပန်းချီဆရာ ဦးထိန်လင်းကတော့ ကျောင်းသားများဒီမိုကရက်တစ် တပ်ဦး (ABSDF) အဖွဲ့ဝင်ဟောင်းတစ်ဦးဖြစ်သလို နိုင်ငံ ရေးအကျဉ်းသားဟောင်း တစ်ဦးလည်း ဖြစ်ပါတယ်။