မြန်မာပြည်အတွက် လူသားချင်းစာနာမှုဆိုင်ရာအကူအညီ ထပ်တိုးပေးမယ်လို့ ဗြိတိန် ထုတ်ပြန်
2025.02.01

မြန်မာနိုင်ငံအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ရန်ပုံငွေထပ်လောင်း ထောက်ပံ့မယ်လို့ ဗြိတိန်အစိုးရက Government UK သတင်းမှာ ဖေဖော်ဝါရီလ ၁ ရက်နေ့က ကြေညာပါတယ်။
၂၀၂၅ ခုနှစ် ပထမခြောက်လအတွင်း မြန်မာနိုင်ငံက လူဦးရေတစ်သန်းနီးပါးကို ကိုယ်ဝန်ဆောင် မိခင် စောင့်ရှောက်မှု၊ အဟာရထောက်ပံ့မှုနဲ့ ရောဂါကုသရေးတွေအတွက် ထောက်ပံ့ကူညီသွားမယ်လို့ ဆိုပါတယ်။
ဗြိတိန်အစိုးရ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီး Anneliese Dodds က “ကမ္ဘာလုံးဆိုင်ရာ အာရုံစိုက်မှု အပြောင်းအလဲ ရှိနိုင်ပေမဲ့လည်း ဗြိတိန်အစိုးရအနေနဲ့ ရက်စက်ကြမ်းကြုတ်တဲ့ပဋိပက္ခကို ဖြတ်သန်းနေပြီး လူသားချင်း စာနာထောက်ထားမှုဆိုင်ရာအကျပ်အတည်းနဲ့အတူ ရာသီဥတုဖောက်ပြန်မှုဒဏ်ကို ခံနေရတဲ့ မြန်မာနိုင်ငံက လူဦးရေသန်းပေါင်းများစွာကို မေ့ထားမှာ မဟုတ်ဘူး” လို့ ပြောပါတယ်။
၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာထောက်ပံ့မှု ပေါင် ၂၂.၄၅ သန်း တိုးမြှင့်ပေးမယ်လို့ ဗြိတိန်အစိုးရက ကြေညာထားပါတယ်။
ဒီရန်ပုံငွေတွေကို အမျိုးသမီးနဲ့ကလေး ၁၀၇,၀၀၀ အတွက် မိခင်နဲ့ ကလေးကျန်းမာရေး ဝန်ဆောင်မှုပေးဖို့ ၊ လူဦးရေ ၈၆,၀၀၀ အတွက် အရေးကြီးတဲ့ အဟာရထောက်ပံ့ဖို့ အသုံးပြုမှာဖြစ်ပြီး လူပေါင်း ၁၄၂,၀၀၀ အတွက် တီဘီ၊ ငှက်ဖျားနဲ့ လိင်နှင့်မျိုးပွားမှုဆိုင်ရာ ကျန်းမာရေးဝန်ဆောင်မှုတွေ၊ ကုသမှုတွေ ပေးနိုင်မယ်လို့ တွက်ဆထားပါတယ်။
တစ်ဆက်တည်းမှာပဲ ဗြိတိန်အစိုးရအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် မတရားဖမ်းဆီးထိန်းသိမ်းခံထားရသူအားလုံးကို လွှတ်ပေးဖို့ တစိုက်မတ်မတ်တောင်းဆိုနေကြောင်း ထုတ်ပြန်ချက်မှာ ထည့်သွင်းရေးသား ထားပါတယ်။
စစ်အာဏာသိမ်းပြီးနောက် တိုက်ပွဲတွေကြောင့် မြန်မာပြည်မှာ လူဦးရေ ၃.၅ သန်းကျော် အိုးမဲ့အိမ်မဲ့ဖြစ်နေပြီး လူ ၁၉.၉ သန်းဟာ လူသားချင်းစာနာထောက်ထားမှုအကူအညီ လိုအပ်နေတယ်လို့လည်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
လက်ရှိမှာ မြန်မာနိုင်ငံအတွင်း ပြင်းထန်တဲ့ရာဇဝတ်မှုတွေ ပြန့်ပွားနေတာကို မြင်တွေ့နေရတယ်လို့လည်း ဗြိတိန်အစိုးရရဲ့ ထုတ်ပြန်ချက်မှာထည့်သွင်းပြောထားပါတယ်။