မြန်မာစစ်တပ်ကို လက်နက်ရောင်းတာ စစ်ရာဇဝတ်မှုအားပေးရာရောက်

RFA Burmese
2023.05.19
မြန်မာစစ်တပ်ကို လက်နက်ရောင်းတာ စစ်ရာဇဝတ်မှုအားပေးရာရောက် နေပြည်တော်တွင် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့က ပြုလုပ်သည့် လွတ်လပ်ရေးနေ့ အခမ်းအနား၌ စစ်ကောင်စီ၏ စစ်လက်နက်များအား တွေ့ရစဉ်။
STR / AFP

စစ်တပ်ဟာ အတိုက်အခံတွေကိုချေမှုန်းဖို့ ပြည်ပနိုင်ငံတွေကနေ အမေရိကန်ဒေါ်လာ သန်းတစ်ထောင် ဖိုးထက်မနည်းတဲ့ လက်နက်နဲ့ ကုန်ကြမ်းပစ္စည်းတွေ ဝယ်ယူခဲ့တယ်လို့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် Tom Andrews က မေလ ၁၇ ရက်နေ့က အစီရင်ခံစာ ထုတ်လိုက်ပါတယ်။

အစီရင်ခံစာကို - လူ့အခွင့်အရေးချိုးဖောက်မှုတွေကိုဖြစ်စေတဲ့ ဒေါ်လာဘီလီယံနဲ့ချီ သေမင်းတမန် လက်နက်ကုန်သွယ်မှုလို့ နာမည်ပေးထားပါတယ်။

အစီရင်ခံစာအရ စစ်ကောင်စီကို လက်နက်နဲ့ ကုန်ကြမ်းပစ္စည်း အများဆုံးတင်သွင်းနေတဲ့ နိုင်ငံတွေက ရုရှားနဲ့ တရုတ်ဖြစ်ပါတယ်။ ရုရှားနိုင်ငံက Mi-35 ရဟတ်ယာဉ်၊ MiG-29 ဂျက်တိုက်လေယာဉ်နဲ့ Yak-130 လေယာဉ်တွေဖြစ်ပြီး၊ တရုတ်နိုင်ငံက K-8 ဂျက်လေယာဉ် တွေ ဝယ်ယူတယ်လို့ ဖော်ပြထားပါတယ်။

ဒီလေယာဉ်တွေကို ကျောင်းတွေ၊ ဆေးဘက်ဆိုင်ရာအဆောက်အအုံတွေ၊ လူနေအိမ်တွေနဲ့ အရပ်သားတွေရှိတဲ့ နေရာတွေကို လေကြောင်းကနေ တိုက်ခိုက်တဲ့အခါ အသုံးပြုတယ်လို့ အစီရင်ခံစာက ထောက်ပြပါတယ်။

“တရုတ်တို့၊ ရုရှားတို့က မြန်မာပြည်ကို လက်နက်တွေအများကြီးပို့တယ်"

နိုင်ငံခြားတိုင်းပြည်တွေအနေနဲ့ စစ်ကောင်စီကို လက်နက်ရောင်းချတာဟာ မြန်မာပြည်သူ လူထုရဲ့ သဘောဆန္ဒကို လျစ်လျူရှုရာရောက်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဝန်ကြီးချုပ်ရုံး ပြောခွင့်ရပုဂ္ဂိုလ် ဦးနေဘုန်းလတ်က ဝေဖန်ပါတယ်။

“လက်ရှိ အခြေအနေမှာလည်း စစ်အုပ်စုကို ပံ့ပိုးနေခြင်းဟာ ပြည်သူလူထုကို သတ်ဖြတ်နေတဲ့ ရာဇဝတ်မှုတွေ၊ စစ်ရာဇဝတ်မှုတွေ၊ လူမျိုးတုံးသတ်ဖြတ်မှုတွေ ဒါတွေအားလုံးကို ထောက်ပံ့တဲ့ပုံစံမျိုး ဖြစ်နေတာအပြင် မြန်မာနိုင်ငံရဲ့ ပြည်သူလူထုရဲ့ သဘောဆန္ဒကို လုံးဝအလေးအနက်မထားဘဲနဲ့ လုပ်နေတဲ့ဆိုတဲ့ အခြေအနေမျိုး ဖြစ်တယ်ဆိုတာကိုလည်း သိမြင်ကြဖို့လိုပါတယ်”

ဒါကြောင့် မြန်မာပြည်သူလူထုရဲ့ ဆန္ဒသဘောထားကို ထည့်သွင်းစဉ်းစားပြီး မြန်မာ စစ်ကောင်စီကို ကူညီပံ့ပိုးတာတွေမလုပ်ကြဖို့ နိုင်ငံတကာကို တောင်းဆိုတယ်လို့ သူက ပြောပါတယ်။

မြန်မာနိုင်ငံမှာ အရပ်သားပြည်သူတွေ အစုလိုက်အပြုံလိုက်သေဆုံးရတဲ့ ဗုံးကြဲတိုက်ခိုက်မှု တွေ အပါအဝင် အကြမ်းဖက်သတ်ဖြတ်မှုတွေ ဆက်တိုက်ဖြစ်ပေါ်နေပေမယ့် စစ်ကောင်စီ လက်ထဲ လက်နက်စီးဆင်း နေတာတွေကိုတားဆီးဖို့ ကုလသမဂ္ဂလုံခြုံရေးကောင်စီက မလုပ်နိုင်သေးပါဘူး။

ဒါဟာ ရုရှားနဲ့ တရုတ်က လုံခြုံရေးကောင်စီမှာ ဗီတိုအာဏာသုံးပိုင်ခွင့်ရှိတဲ့ နိုင်ငံတွေ ဖြစ်တာကြောင့် လက်နက်ရောင်းချမှုတားဆီးရေး လက်တွေ့ဖြစ်မလာတာလို့ နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က ပြောပါတယ်။

“လုံခြုံရေးကောင်စီမှာ စစ်ကောင်စီရဲ့ အကြမ်းဖက်မှုတွေကို တားဆီးဖို့ အကြောင်းအချက်တွေ ပေါ်လာတဲ့ အခါတိုင်း ဗီတိုအာဏာသုံးပြီးတော့ အဲဒီတိုင်းပြည် တွေကပယ်ချနေတာကိုး။ အဲဒီတော့ လုံခြုံရေးကောင်စီ အနေနဲ့ မြန်မာပြည်မှာ အကြမ်းဖက်မှုလုပ်နေတဲ့ အာဏာရှင် ထောက်ခံတဲ့ အုပ်စုရဲ့ လုပ်ငန်းတွေနဲ့ သူတို့ရဲ့ လက်နက်ရောင်းချမှုတွေကို တားဆီးလို့ မရအောင် ဖြစ်နေတာပါ”

တွမ်အင်ဒရူးရဲ့အစီအရင်ခံစာအရ အာဏာသိမ်းထားတဲ့ နှစ်နှစ်အတွင်း ရုရှားကနေ ဒေါ်လာ ၄၀၆ သန်းဖိုး၊ တရုတ်ကနေ ဒေါ်လာ ၂၆၇ သန်းဖိုး၊ စင်ကာပူကနေ ဒေါ်လာ ၂၅၄ သန်းဖိုး၊ အိန္ဒိယကနေ ဒေါ်လာ ၅၁ သန်းဖိုးနဲ့ ထိုင်းကနေ ဒေါ်လာ ၂၈ သန်းဖိုး စစ်လက်နက်ပစ္စည်း တွေ တင်သွင်းခဲ့တာပါ။

ကမ္ဘာ့အင်အားကြီးနိုင်ငံတွေမှာ လက်နက်ကနေအကျိုးစီးပွားတွေရှိနေလို့ မြန်မာစစ်တပ် အပေါ် တညီတညွတ်တည်း လက်နက်ပိတ်ဆို့ဖို့ဆိုတာ ခက်ခဲလိမ့်မယ်လို့ တရုတ် နိုင်ငံအခြေစိုက် မြန်မာ့အရေး လေ့လာသုံးသပ်သူ ဒေါက်တာလှကျော်ဇောက ပြောပါတယ်။

“တရုတ်တို့၊ ရုရှားတို့က မြန်မာပြည်ကို လက်နက်တွေအများကြီးပို့တယ်။ ထို့အတူပဲ အမေရိကန်တို့၊ အင်္ဂလန်တို့ အဲဒါတွေကလည်း ယူကရိန်းတို့ ဘာတို့ကို လက်နက်တွေ အများကြီးပို့ပေးနေတာပဲလေ။ ဒါသူတို့နိုင်ငံကြီးတွေ အချင်းချင်းကြားမှာ လက်နက် တင်ပို့မှုက အကုန်ရှိနေတာပဲလေ။ ကမ္ဘာပေါ်မှာ လက်နက်တင်ပို့မှု အများဆုံးနိုင်ငံက အမေရိကားဖြစ်တယ်။ နိုင်ငံစုံမှာ သူ လျှောက်ရောင်းနေတာပဲ။ အဲဒီတော့ ဒီလက်နက် ပိတ်ဆို့ရေးဆိုတဲ့ မူကိုမချနိုင်တာ ဖြစ်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီအင်အားကြီး နိုင်ငံကြီးတွေက သူ့အကျိုးစီးပွားနဲ့သူ ရပ်တည်နေကြတော့ ဘယ်သူမှချမရတာဖြစ်တာ”

အာဏာသိမ်းထားတဲ့ နှစ်နှစ်အတွင်း လက်နက်ဝယ်ယူတာမှာ ၉၄ ရာခိုင်နှုန်းထိ စစ်တပ်က တိုက်ရိုက်ဝယ်ခဲ့ တာဖြစ်ပြီး ကျန်တဲ့ ၆ ရာခိုင်နှုန်းကို မြန်မာအခြေစိုက်ကုမ္ပဏီတွေက တစ်ဆင့် ဝယ်ခဲ့တာလို့ အစီအရင်ခံစာမှာ ဖော်ပြပါတယ်။

နေပြည်တော်တွင် ၂၀၂၃ ခုနှစ်၊ မတ်လ ၂၇ ရက်နေ့က ပြုလုပ်သည့် (၇၈) နှစ်မြောက် တပ်မတော်နေ့ အခမ်းအနား၌ စစ်ကောင်စီ၏ စစ်လက်နက်များအား တွေ့ရစဉ်။ (Photo: STR / AFP)
နေပြည်တော်တွင် ၂၀၂၃ ခုနှစ်၊ မတ်လ ၂၇ ရက်နေ့က ပြုလုပ်သည့် (၇၈) နှစ်မြောက် တပ်မတော်နေ့ အခမ်းအနား၌ စစ်ကောင်စီ၏ စစ်လက်နက်များအား တွေ့ရစဉ်။ (Photo: STR / AFP)

ဝယ်ခဲ့တဲ့ စစ်လက်နက်နဲ့ ဆက်စပ်ပစ္စည်းတွေထဲမှာ တိုက်လေယာဉ်တွေအပြင် ကင်းထောက်နဲ့ တိုက်ခိုက်ရေး ဒရုန်းတွေ၊ အဆင့်မြင့်ဒုံးကျည်တွေ၊ သံချပ်ကာကားတွေကို အဆင့်မြှင့်တင်နိုင်မယ့် အစိတ်အပိုင်းတွေ၊ ရေဒါတွေနဲ့ စစ်လက်နက်ပစ္စည်း ထုတ်လုပ် နိုင်တဲ့ စက်ပစ္စည်း အစိတ်အပိုင်းတွေ ပါဝင်တယ်လို့လည်း ဆိုပါတယ်။

တွမ်အင်ဒရူးရဲ့ အစီအရင်ခံစာနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က တစ်စုံတစ်ရာ ထုတ်ပြန် လာတာတော့ မရှိသေးပါဘူး။ ဒါကြောင့် စစ်တပ်အရာရှိဟောင်းတွေနဲ့ စုဖွဲ့ထားတဲ့ သေနင်္ဂမဟာဗျူဟာ လေ့လာရေးအဖွဲ့ အမှုဆောင်ညွှန်ကြားရေးမှူး ဦးသိန်းထွန်းဦးကို မေးကြည့်တော့ အစီအရင်ခံပါ အချက်အလက်တွေနဲ့ ပတ်သက်လို့ တိကျမှုရှိ မရှိ မေးခွန်းထုတ်စရာရှိတယ်လို့ ဆိုပါတယ်။

“ထုတ်ပြန်ချက်နဲ့ ပတ်သက်လို့ အသေးစိတ် အချက်အလက်တွေ ဘယ်လိုရှိလဲဆိုတာ Evidence လိုတာပေါ့။ Evidence မရှိရင်တော့ ထုတ်ပြန်ချက်ဟာ ထုတ်ပြန်ချက် သက်သက်ပါပဲ။ ဒီထက်ပိုပြီး ဘာမှ ယူဆလို့မရပါဘူး။ အဓိကက အဲဒါပါ”

စစ်ကောင်စီကို လက်နက်ရောင်းနေတဲ့ နိုင်ငံတွေဟာ စစ်ရာဇဝတ်မှုမှာ တိုက်ရိုက်ပါဝင် ပတ်သက် နေတယ်လို့ သွေးစွန်းငွေဖြတ်တောက်ရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ကိုမိုက်က ဝေဖန်ပါတယ်။

“အကြမ်းဖက်စစ်အုပ်စုကို စစ်လက်နက် ပံ့ပိုးနေတဲ့၊ ရောင်းပေးနေတဲ့ အဲဒီနိုင်ငံတွေ၊ ကုမ္ပဏီတွေ အားလုံးတော့ သူတို့ (စစ်ကောင်စီ) ကျူးလွန်တဲ့ စစ်ရာဇဝတ်မှုတွေ လူသားမျိုးနွယ်အပေါ်မှာ ရာဇဝတ်မှုကျူးလွန်တဲ့ ပြစ်မှုတွေအားလုံးနဲ့ တိုက်ရိုက်ပါဝင် ပတ်သက်နေတယ်လို့ ပြောလို့ရပါတယ်”

စစ်ကောင်စီအနေနဲ့ အကြမ်းဖက်တိုက်ခိုက်တာတွေရပ်ဆိုင်းဖို့၊ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေအားလုံးလွှတ်ဖို့၊ လူသားချင်းစာနာတဲ့ အကူအညီတွေ လွတ်လွတ်လပ်လပ် ပေးခွင့်ပြုဖို့ တိုက်တွန်းတဲ့ သမိုင်းဝင်ဆုံးဖြတ်ချက်ကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ၂၀၂၂ ဒီဇင်ဘာလ ၂၁ ရက်မှာ ချမှတ်ထားပါတယ်။

ဖတ်ရှုသူအများဆုံး သတင်းများ။
သတင်းဆောင်းပါးများ
ငလျင်ဒဏ်သင့် ပြည်သူအချို့ နိုင်ငံတကာအထောက်အပံ့နဲ့ အလှမ်းဝေးနေ
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။