CDM ဝန်ထမ်းအများစု အခက်အခဲကြားက ဆက်လက်ရပ်တည်နေ
2022.03.16

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း အစိုးရဝန်ထမ်း ထောင်သောင်းများစွာ ကလုပ်ငန်းခွင်တွေကို ကျောခိုင်းပြီး CDM အာဏာဖီဆန်ရေးလူထုလှုပ်ရှားမှုမှာ ပါဝင်ခဲ့ကြတဲ့အတွက် စစ်ကောင်စီဟာ အခုထိ အုပ်ချုပ်ရေးယန္တရားကို ပုံမှန်လည်ပတ်နိုင်ခြင်း မရှိပါဘူး။ အဲဒီ CDM ဝန်ထမ်းအများစုဟာ အခက်အခဲ မျိုးစုံကြားက ကြံ့ကြံ့ခိုင် ရပ်တည်နေကြပါတယ်။
၂ဝ၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ၊ စစ်တပ်အာဏာသိမ်းပြီး ရက်ပိုင်းအတွင်းမှာပဲ ဆရာဝန်၊ ဆရာမတွေ၊ မီးရထား ဝန်ထမ်းတွေ၊ ကျောင်းဆရာ၊ ဆရာမတွေ စသဖြင့် တစ်ပြည်လုံးက အစိုးရဝန်ထမ်းတွေရဲ့ CDM အာဏာဖီဆန်ရေး လှုပ်ရှားမှုပေါ်လာခဲ့ပါတယ်။
အဲဒီလိုတုံ့ပြန်မှုကို မျှော်လင့်မထားတဲ့ စစ်ခေါင်းဆောင်တွေက နည်းမျိုးစုံနဲ့ ဝန်ထမ်းတွေ အလုပ်ခွင်ပြန်ဝင်ဖို့ ကြိုးစားခဲ့ပေမယ့် အခုအချိန်ထိ မူလအခြေအနေကို ပြန်ရောက်အောင်စွမ်းဆောင်နိုင်ခြင်း မရှိပါဘူး။
စစ်ကိုင်းတိုင်းက ပညာရေးဝန်ထမ်းအားလုံးလိုလို စာသင်ခန်းတွေကို ပြန်မသွားကြဘူးလို့ ဆိုပါတယ်။
CDM အလယ်တန်းပြကျောင်းဆရာမ တစ်ဦးဖြစ်တဲ့ ဒေါ်မျိုးသက် ကအဝတ်အစားဟောင်းတွေကို လမ်းဘေးမှာရောင်းချရင်း သူမရဲ့လက်ရှိဘဝဟာ မလှပပါဘူး။ ဒါပေမဲ့ ဂုဏ်ယူတယ်လို့ RFA ကိုပြောပါတယ်။
“ကျွန်မတို့ CDM တချို့ဆိုရင် တောင်သူတွေ၊ ယာတွေထဲမှာလိုက်ပြီး နေ့စားနဲ့လုပ်ပါတယ်၊ delivery ပို့တဲ့သူရှိတယ်။ အကင်ရောင်းတဲ့သူရှိတယ်။ ပဲပြုတ်သည်လည်း ရှိပါတယ်ရှင့်။ ကျွန်မတို့ စာသင်တယ်ဆိုရင်လည်း ကိုယ်ကိုယ်တိုင်က နာမည်တပ်ပြီး သင်လို့မရလို့ တခြားကျူရှင်ခွဲတွေဆီမှာ သွားပြီးလျှောက်တာရှိတယ်။ ကိုယ့်အရည်အချင်းကို ကြိုက်ကြပေမယ့် CDM လို့ပြောတဲ့အခါ မခန့်တော့ဘူး၊ တချို့ဆိုရင် အိမ်ငှားတယ် CDM ဆိုရင် အိမ်မငှားတော့ဘူးရှင့်။ အခက်အခဲကတော့ အများကြီး၊ ဒါပေမဲ့ အကုန်လုံးက ကြံ့ကြံ့ခံပြီးတော့ အဆုံးထိ CDM ဖြစ်ဖို့ပဲ ကိုယ်တတ်နိုင်တဲ့အခြေအနေနဲ့ ရုန်းကန်နေကြ ပါတယ်ရှင့်။ ကျွန်မအမြင်ပြောရမယ်ဆိုရင် ကျွန်မဒီလိုလုပ်ခဲ့တာ အခုအချိန်အထိ ကျွန်မတာဝန်လို့ပဲ သတ်မှတ်တယ်။ ဒီလိုလုပ်ခဲ့တဲ့အတွက်လည်း ကိုယ့်ကိုယ်ကိုယ် ဂုဏ်ယူတယ်။ NUG မှာလည်း သူတို့အခက်အခဲနဲ့ သူတို့ရှိမှာပေါ့နော်။ သူတို့လည်း သူတို့ထောက်ပံ့နိုင်တဲ့ပမာဏ ထောက်ပံ့မှာပေါ့ ဒါပေမဲ့ overall ခြုံဖို့ဆိုတာ ခက်ခဲမယ်လေ အဲဒါလည်း ကျွန်မနားလည်နိုင်ပါတယ်။”
ရန်ကုန် စည်ပင်သာယာရုံးချုပ်မှာ ဝန်ထမ်းတစ်ဦးဖြစ်ခဲ့တဲ့ ဒေါ်ခင်မြတ်မော်ကတော့ အခု ရန်ကုန်မြို့ကို စွန့်ခွာပြီး တောမြို့လေးတစ်မြို့မှာ လမ်းဘေးအစားအစာဆိုင်လေး တစ်ခုဖွင့်ထားပါတယ်။ သူတို့ စည်ပင်သာယာက CDM မှာပါခဲ့တဲ့ ဝန်ထမ်းတချို့အလုပ်ခွင်ပြန်ဝင်သွားကြပေမယ့် အများစုကတော့ ရပ်တည်ချက်မပြောင်းပါဘူးလို့ ပြောပါတယ်။
“စပြီးတော့ တို့အရေးအော်တဲ့အချိန်ကတော့ များတယ် ထောင်ချီရှိတယ် တဖြည်းဖြည်းနဲ့ ဌာနမှူးတွေက လစာ ၂ လစာ ဝန်ထမ်းတွေလာထုတ် တဖြည်းဖြည်းနဲ့ဆွယ်ပြီးတော့ ပြန်ဝင်သွားတဲ့ CDM တွေရှိတယ်။ အင်ဂျင်နီယာပိုင်းတွေ အရာရှိပိုင်းတွေလည်း ရှိတယ် ပြန်ဝင်သွားကြတာ၊ အဲဒီနောက်ပိုင်းမှာမှ တော်တော်များများ အလုပ်ပြုတ်တဲ့ အော်ဒါတွေ removal order ထွက်ပြီးနောက်ပိုင်း ဘယ်သူမှ အလုပ်ပြန်မဝင်တော့ဘူး၊ တော်တော်များများက ဈေးရောင်းစားတဲ့သူတွေ ရှိတယ်၊ ကိုယ့်နေရာဒေသကနေ ရွှေ့ပြောင်းပြီးတော့ နေနေရတဲ့သူတွေ ရှိတယ်၊ တချို့က CDM ဆိုပြီး ဆွဲမှာ ကြောက်လို့၊ တချို့ကျတော့လည်း လိုင်းခန်းတွေပြန်အပ်လိုက်ရတယ်။ အဲဒီလိုင်းခန်းပြန်အပ်လိုက်ရတဲ့ သူတွေမှာ တော်တော်ခက်ခဲတယ် နေဖို့ စားဖို့လေ။”

သူတို့မှာ အခက်အခဲရှိပေမယ့် NUG အနေနဲ့ PDF တွေကိုပဲ ထောက်ပံ့စေလိုတယ်လို့လည်း ဒေါ်ခင်မြတ်မော် က ပြောပါတယ်။
“အခုဆိုရင် ကိုယ်နေတဲ့အိမ်လည်း မနေရ၊ ကိုယ့်အလုပ်အကိုင်လည်း မရှိတော့ဘူး၊ ဒါတွေက ကိုယ်ရွေးချယ်ခဲ့အတွက် ဖြစ်သမျှအကြောင်း အကောင်းချည်းပဲပေါ့။ အဆင်မပြေဘူး ခက်ခဲတယ် ဟုတ်တယ် ဒါပေမဲ့ ကိုယ့်ဝမ်းစာကိုယ် အပြင်မှာ ရှာစားလို့လွယ်တယ်လေ ရတယ်။ နောက်ဆုံး သူများအိမ် အဝတ်သွားလျှော်ဦး ကိုယ့်တစ်ဝမ်းတစ်ခါး စားလို့ရတယ်၊ အထဲက ကလေးတွေက လက်နက်ရှိမှ သူတို့ တိုက်လို့ရမှာလေ၊ သူတို့အသက်ပေးထားရတာလေ၊ ဒီအသက်ပေးထားတဲ့ကလေးတွေ ပြည့်စုံမှ ကျမတို့တော်လှန်ရေးကြီး အဆင်ပြေမှာလေ။ ဒါကြောင့် NUG က ဒီ CDM တွေ ထောက်ပံ့မယ်ဆိုရင် ညီမရော အများသဘောဆန္ဒက ကျမတို့ကို မထောက်ပံ့နဲ့ ကလေးတွေကိုပဲ လက်နက်တပ်ဆင်ပေးစေချင်တယ်။ ၈၈ ထက် အခုသာတယ်ဆိုတာ NUG ရှိနေလို့ ၊ ၈၈ တုန်းက တော်လှန်ရေးလုပ်ခဲ့တယ် ဒါပေမဲ့ မားမားမတ်မတ်ရပ်တည်တဲ့ အစိုးရတစ်ရပ် မရှိခဲ့ဘူး။ အခုက တော်လှန်ရေးလုပ်တယ် ၂ဝ၂၁၊ ဒါပေမဲ့ မားမားမတ်မတ်ရပ်တဲ့ NUG ရှိတယ်”
တကသ ကျောင်းသားဟောင်းများအင်အားစု ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ကိုနန်းလင်း ကသန်းနဲ့ချီတဲ့ CDM ဝန်ထမ်းတွေကြောင့် စစ်ကောင်စီအနေနဲ့ အခုအချိန်အထိ တိုင်းပြည်ကို အုပ်ချုပ်လို့ မရသေးတာဖြစ်တယ်လို့ သုံးသပ်ပါတယ်။
“ကျွန်တော်တို့ နွေဦးတော်လှန်ရေးရဲ့အစမှာကတည်းက Civil Disobedient Movement ဆိုပြီး ကျယ်ကျယ်လောင်လောင် ထွက်လာတယ်။ အဲဒီ CDM က ၂ဝ၂၁ ခုနှစ် ဖေဖော်ဝါရီက စလိုက်တာ အခုအချိန်အထိ CDM အင်အား သန်းနဲ့ချီပြီး ရှိနေတယ်။ ဒီအင်အားကြောင့် ကျွန်တော်တို့ရဲဘော်တွေ အားလုံးဟာ အခုအချိန်ထိ တိုက်ပွဲဝင်နေနိုင်တာဖြစ်တယ်။ ဒီအင်အားကြောင့်ပဲ စစ်အာဏာရှင်ကို ဒီနေ့အထိ တစ်နှစ်ကျော်သည်အထိ တိုင်းပြည်ကို လုံးဝအုပ်ချုပ်လို့ မရအောင် ဒီအင်အားကပဲ တောင့်ခံထားတာ။ ဒီအင်အားဟာ ကျနော်တို့ရဲ့ အဓိကအင်အားဖြစ်ပါတယ်။”
NUG အစိုးရက သူတို့အနေနဲ့ CDM ဝန်ထမ်းတွေကို တတ်စွမ်းသမျှ ထောက်ပံ့နေတယ်လို့ ပြောပါတယ်။ ဒါပေမဲ့ NUG အနေနဲ့ သူတို့ရရှိငွေအများစုကို PDF တွေအတွက် သုံးစွဲနေတယ်လို့ သိရပါတယ်။ ဒီရက်ပိုင်းအတွင်း အမေရိကန်လွှတ်တော်က အတည်ပြုလိုက်တဲ့ ၂ဝ၂၁-၂၂ ခုနှစ် ဘတ်ဂျက်ရသုံးငွေစာရင်းမှာ မြန်မာပြည်ကို ကူညီရေးအတွက် အမေရိကန်ဒေါ်လာ ၁၃၆ သန်းကျော်ခွင့်ပြုထားပြီး CDM ဝန်ထမ်းတွေကို ထောက်ပံ့ဖို့လည်း အတိအလင်းဖော်ပြထားတဲ့အတွက် CDM တွေရဲ့ဘဝတွေ မကြာခင် ပိုမိုအဆင်ပြေလာမယ် လို့ ယူဆရပါတယ်။