တရားရုံးကို ဖိနပ်နဲ့ပေါက်သူ ရှေ့နေ ဖမ်းဆီးခံရ
2018.03.22

တရားရုံးကို ဖိနပ်နဲ့ပစ်ပေါက်ခဲ့တဲ့ တရားလွှတ်တော် ရှေ့နေ ဦးဇော်ဝင်းကို နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(ခ) နဲ့ မနေ့ည မတ်လ ၂၁ ရက်နေ့က သူနေထိုင်တဲ့ မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်နေအိမ်မှာ ဖမ်းဆီး လိုက်ပါတယ်။
သတင်းထောက်တွေရဲ့ မေးမြန်မှုကို ဖြေကြားမှုဟာ နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(ခ) နဲ့ ညိစွန်းတဲ့ အတွက် နိုင်ငံတော် အစိုးရကို ထိခိုက်စေတဲ့အတွက် အမူဖွင့်ခဲ့တာလို့ ပြည်ကြီးတံခွန်မြို့နယ် တရားသူကြီး ဒေါ်ခင်မာဦးက ဒီနေ့ တရားရုံးချိန်းမှာ ပြောပါတယ်။
"ဝန်ကြီးချုပ်ကလည်း ဘာမှအသုံးမကျဘူး။အစိုးရက သူ့လက်အောက်မှာမရှိဘူးလို့ ဘယ်သူပြောလဲ။ တရားစီရင်ရေးသာ ဝင်ရောက်မစွက်ဖက်ရတာလေ။ အုပ်ချုပ်ရေးမှာတော့ သူ့မှာတာဝန်ရှိတယ်။ တရားသူကြီး မဟုတ်တာလုပ်ရင် အရေးယူမယ်။အလကားကောင်တွေ။ တိုင်းပြည်လစာကို အခုထက်ထိ ငွေကိုအလွဲသုံးစား လုပ်နေတုန်းရှိသေးတယ်။ ဒီကောင်တွေ မတတ်ရင်ထွက်၊ ဝန်ကြီးချုပ် ဒီကောင် ဖင်နဲ့ အပ်ပဲနားလည်တယ်။ ဘာမှနားမလည်ဘူး။ နားမလည်လို့သာ ဒီတိုင်းဖြစ်တာဆိုပြီး အဲဒီပြောကြားချက်တွေအရ နိုင်ငံတော်အစိုးရနဲ့ နိုင်ငံတော်ငြိမ်ဝပ်ရေးကို ထိခိုက်တဲ့ ပြစ်မှုတွေဖြစ်တဲ့အတွက် ၅၀၅ (ခ) နဲ့ အရေးယူရပါတယ်လို့ တင်ပြ ထားခြင်းဖြစ်ပါတယ်"
ပြည်ကြီးတံခွန် မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်စိုးက တရာလိုပြု လုပ်ပြီး ရှေ့နေ ဦးဇော်ဝင်းကို အရေးယူပေးဖို့ ပြီးခဲ့တဲ့ မတ်လ၂၀ ရက်နေ့က ဦးတိုက်လျောက်ထားခဲ့တာဖြစ်ပြီး အဲဒီနေ့မှာပဲ ဖမ်းဝရမ်းထုတ်ခဲ့တာဖြစ်တယ်လို့ ပြည်ကြီးတံခွန်မြို့နယ် တရားရုံးက တာဝန်ရှိသူက ပြောပါတယ်။
တရားလွှတ်တော်ရှေ့နေ ဦးဇော်ဝင်းဟာ တရားရေး ဆုံးဖြတ်ချက်တွေကို ကျေနပ်မှု မရှိတဲ့အတွက် မန္တလေးတိုင်း ပြည်ကြီးတံခွန် တရားရုံးကို ဖိနပ်နဲ့ နှစ်ကြိမ်ပစ်ပေါက်ခဲ့ပါတယ်။ အဲဒီတရားရုံးကိုပဲ ပြီးခဲ့တဲ့ မတ်လ ၁၅ ရက်နေ့က ဖိနပ်နဲ့ပစ်ပေါက်ခဲ့တာကြောင့် ဒုတိယမြို့နယ်တရားသူကြီးက ဦးဇော်ဝင်းကို ရာဇသတ်ကြီးပုဒ်မ ၄ ခုနဲ့ အမှုဖွင့်ခဲ့ပါတယ်။
အခုလို တရားစွဲဆိုခံရတာတွေအတွက် တရားရင်ဆိုင်သွားမှာဖြစ်သလို နိုင်ငံတော်အစိုးရကိုလည်း အိတ်ဖွင့်ပေး စာတွေ ပေးပို့သွားမှာဖြစ်တယ်လို့ တရားလွှတ်တော် ရှေ့နေ ဦးဇော်ဝင်းက ဒီနေ့ ပြည်ကြီးတံခွန် ရုံးထုတ်မှာ ပြောပါတယ်။ သူ့ကို မန္တလေးမြို့ အိုးဘိုထောင်မှာ ဖမ်းဆီးထားပြီး နောက်ထပ် ရုံးချိန်းကို လာမယ့် မတ်လ ၂၈ ရက်နေ့မှာချိန်းလိုက်ပါတယ်။