ရှေ့နေ ဦးဇော်ဝင်းက သူ့ကိုတရားစွဲဆိုသူတွေကို ပြန်လည်တရားစွဲခွင့် လျှောက်ထားမှု ပယ်ချခံရ
2018.08.15

တရားရုံးကို ဖိနပ်နဲ့ပစ်ပေါက်ခဲ့တဲ့အတွက် တရားရင်ဆိုင်နေရတဲ့ ရှေ့နေ ဦးဇော်ဝင်းဟာ သူ့ကို တရားစွဲဆိုခဲ့တဲ့ သူတွေအပါအဝင် နိုင်ငံဝန်ထမ်း ၄ ဦးကို တရားစွဲဆိုခွင့် လျှောက်ထားတင်ပြမှုကို မန္တလေးမြို့ ပြည်ကြီးတံခွန် တရားရုံးက ဒီနေ့ ပယ်ချလိုက်ပါတယ်။
အခုလိုဆုံးဖြတ်ချက်ဟာ ဥပဒေ လွှမ်းမိုးမှုမရှိတာကို ပြတာဖြစ်တယ်လို့ တရားစွဲဆိုခံထားရတဲ့ ရှေ့နေ ဦးဇော်ဝင်းက ပြောပါတယ်။
"ဥပဒေလွှမ်းမိုးမှု မရှိတာလေ။ ဥပဒေကို သူတို့လက်ထဲမှာကိုင်ပြီး လုပ်ချင်တာလုပ်တာလေ။ ဒါကြောင့်မို့ အောင်ရဲထွေးအမှုနဲ့ ယှဉ်ပြောတာ။ အောင်ရဲထွေးအမှုပဲ မတရားလုပ်တယ်လို့ ထင်နေလား။ မြန်မာတစ်နိုင်ငံလုံး မှာ အများကြီးရှိတယ်။ အခုလက်တွေ့ပဲ"
ဦးဇော်ဝင်းဟာ နိုင်ငံတော် အကြည်ညိုပျက်စေမှုအပါအဝင် တရားရုံးကို ဖိနပ်နဲ့ပစ်ပေါက်ခဲ့တဲ့အမှုတွေကို တရား ရင်ဆိုင်နေရတာဖြစ်ပြီး ဒီနေ့က ၁၃ ကြိမ်မြောက် ရုံးချိန်းဖြစ်ပါတယ်။
ပြည်ကြီးတံခွန်မြို့နယ် တရားသူကြီး ဦးစိုးနိုင်က အမှုတွေကို ဥပဒေလုပ်ထုံးလုပ်နည်းနဲ့အညီ ဆောင်ရွက်နေဆဲ ဖြစ်ကြောင်း၊ ဦးဇော်ဝင်းအနေနဲ့လည်း ဥပဒေနဲ့အညီ လုပ်ထုံးလုပ်နည်းနဲ့အညီ ခုခံချေပခွင့်ရနေပြီး တရားရုံးရဲ့ ဆင်ခြင်တုံတရားတွေနဲ့သာ ဆုံးဖြတ်ရမှာဖြစ်တယ်လို့ ပြောပါတယ်။ ဒီအမှုမှာ ထူးခြားချက်တွေလည်း မရှိတဲ့အတွက် တရားစွဲဆိုခွင့် လျှောက်ထားတင်ပြမှုကို ပယ်ချလိုက်တာလို့ ပြောပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၂၁ ရက်နေ့က ဦးဇော်ဝင်းဟာ ပြင်ဦးလွင်က သူရဲ့နေအိမ်မှာ ဖမ်းဆီးခံခဲ့ရတာဖြစ်ပြီး လက်ရှိမှာ မန္တလေးမြို့ အိုးဘိုထောင်အတွင်းကနေ တရားရင်ဆိုင်နေတာဖြစ်ပါတယ်။