တရားရုံးကို ဖိနပ်နဲ့ပေါက်တဲ့ရှေ့နေ ထောင်နှစ်နှစ်ကျ၊ အမှု နှစ်ခု ဆက်ရင်ဆိုင်
2019.11.20

ရှေ့နေ ဦးဇော်ဝင်းကို ရာဇသတ်ကြီးပုဒ်မ ၅၀၅ (ခ) နဲ့အမှု့ဖွင့်ထားခဲ့ရာမှာ ဒီကနေ့ ပြည်ကြီးတံခွန်မြို့နယ် တရားရုံးက အမြင့်ဆုံးပြစ်ဒဏ်ဖြစ်တဲ့ အလုပ်နဲ့ ထောင်ဒဏ် နှစ်နှစ် ချမှတ်လိုက်တာဖြစ်ပါတယ်။
အဲဒီအမှု့မှာ ပြည်ကြီးတံခွန်မြို့နယ် ဒုတိယအထွေထွေ အုပ်ချုပ်ရေးမှူး ဦးကျော်စိုးက တရားလိုပြုလုပ်တရားစွဲပြီး ၁၈ လအကြာမှာ အခုလို အမိန့်ချလိုက်တာဖြစ်ပါတယ်။
တရားစွဲဆိုခံရသူက ကောင်းမွန်စွာ ထုချေခြင်းမရှိဘူးလို့ ပြည်ကြီးတံခွန်မြို့နယ် တရားရုံးက တရားရေးပြန်ကြားရေးအရာရှိ ဦးအောင်ကျော်ဦးက ပြောပါတယ်။
"နိုင်ငံတော် အတိုင်ပင်ခံအပါဝင် မန္တလေးတိုင်းဝန်ကြီးချုပ်တို့ လုပ်ဆောင်ချက်တွေက ပေါ့ပျက်တယ်လို့ ပေါ်အောင်ပြောကြားတယ်၊ စီရင်ချက်ဖတ်ကြည့်ရင် သိမှာပါ"
ဖိနပ်နဲ့ပေါက်တာက ဖိနပ်နဲ့တန်လို့ပေါက်တာဖြစ်ကြောင်း၊ ဗုံးရှိရင် ဗုံးနဲ့ပေါက်ချင်တယ်၊ တရားစီရင်ရေးကို ဘယ်သူကထိန်းကျောင်းမှာလဲ၊ မိမရှိ၊ ဖမရှိ ကွပ်ကဲမဲ့သူမရှိဖြစ်နေတယ်၊ အဲဒါကြောင့်မို့ နိုင်ငံတော်ကို အသိပေးတယ်။ မလုပ်ဘူး၊ မတတ်ရင်ထွက်၊ တိုင်းပြည်လစာငွေကို အလကားသုံးနေတယ် စတာတွေကို ဦးဇော်ဝင်းက ပြည်ကြီးတံခွန်တရားရုံးမှာ ပြောကြားခဲ့တယ်လို့ သိရပါတယ်။
တရားစီရင်ရေးက ပြည်သူတွေနဲ့အလှမ်းကွာနေတယ်လို့ ဒီကနေ့ အမိန့်ချခံရတဲ့ တရားလွှတ်တော်ရှေ့နေ ဦးဇော်ဝင်းက ပြောပါတယ်။
"မှန်ကန်မှုလည်းဖြစ်မှာမဟုတ်ဘူး၊ တရားမျှတမှုလည်းဖြစ်မှာမဟုတ်ဘူး။ တရားစီရင်ရေးက မှန်ကန်မှု မဖြစ်ဘူးဆို တရားစီရင်ရေးကို ဘယ်သူကိုင်ထားလဲ၊ တက်လာတဲ့အစိုးရကိုင်ထားတာ၊ ဒီအမိန့်ကို ခရိုင်လည်း မတက်ဘူး"
ပြည်သူတွေက တင်မြှောက်ထားတဲ့ ပြည်သူ့အစိုးရလက်ထက်မှာ အခုလိုချမှတ်လိုက်တာကို ရှုံ့ချတယ်လို့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ဦးသိန်းအောင်မြင့်ကလည်း အခုလို ထောက်ပြပြောပါတယ်။
"တရားရုံးမှာထွက်ဆိုတာက ဒေါက်တာ ဇော်မြင့်မောင် အမိန့်နဲ့စွဲတယ်ဆိုတာ မဖြစ်သင့်တဲ့ကိစ္စ၊ ကျနော်တို့တင်တဲ့ အစိုးရ အခုလိုချမှတ်တယ်ဆိုတာ ဒီမိုကရေစီအတွက် တော်တော်လေးစိတ်မကောင်းစရာပဲ"
တရားလွှတ်တော်ရှေ့နေ ဦးဇော်ဝင်းကို ပြည်ကြီးတံခွန်မြို့နယ် တရားရုံးမှာ အမှုသုံးမှုနဲ့ စွဲဆိုထားတာဖြစ်ပြီး နောက်ထပ် နှစ်မှု ကျန်ရှိသေးတယ်လို့ သိရပါတယ်။
ဒုတိယမြို့နယ် တရားသူကြီးက တရားရုံးကို စော်ကားလို့ဆိုကာ စွဲဆိုထားတဲ့အမှုနဲ့ ဒုရဲမှူး ခင်မောင်ဇော်ကနေ စွဲဆိုထားတဲ့ အမှုတွေကို ရင်ဆိုင်ရအုံးမှာဖြစ်ပါတယ်။
အဲဒီအမှုတွေကတော့ တရားလိုပြသက်သေတွေကို စစ်ဆေးနေဆဲပဲဖြစ်တယ်လို့ သိရပါတယ်။
ဦးဇော်ဝင်းဟာ မန္တလေး အိုးဘိုအကျဉ်းထောင်အတွင်းကနေ တရားရင်ဆိုင်နေရတာဖြစ်ပါတယ်။