ထောင်အတွင်း ကိုယ်ထိလက်ရောက် ကျူးလွန်တာတွေရှိတယ်လို့ ရှေ့နေ ဦးဇော်ဝင်း ပြော
2018.10.10

မန္တလေးမြို့၊ အိုးဘိုအကျဉ်းထောင်တွင်းက အကျဉ်းသားတွေကို ရဲအရာရှိတွေက ကိုယ်ထိလက်ရောက် ပြုမူတာတွေ ရှိနေပြီး ဒီကိစ္စကို အမှုဖွင့်ဖို့အတွက် ထောင်အာဏာပိုင်တွေက လက်ခံဆောင်ရွက်ပေးတာ မရှိကြောင်း နိုင်ငံတော် အကြည်ညိုပျက်စေမှုနဲ့ ဖမ်းဆီးခံထားရတဲ့ တရားလွှတ်တော် ရှေ့နေ ဦးဇော်ဝင်းက ပြောပါတယ်။
ပြည်ကြီးတံခွန်မြို့နယ် တရားရုံးမှာ တရားစွဲဆိုခံထားရတဲ့ အမှုကို အိုးဘိုအကျဉ်းထောင်ကနေ ဒီနေ့ လာရောက် တရားရင်ဆိုင်ချိန်မှာ ရှေ့နေ ဦးဇော်ဝင်းက အခုလို ပြောခဲ့တာဖြစ်ပါတယ်။
"အမှန်အတိုင်းပဲ သွားချင်တာ။ ထောင်မှာ စီစီတီဗွီရိုက်ထားတာရှိတယ်။ ပေးလိုက်ပေါ့။ မတရားခံရတယ်။ တစ်ယောက်တည်းလားဆိုတော့ မဟုတ်ဘူး။ အများကြီးပဲ၊ လာပြီးစစ်ပါ"
ရဲအရာရှိတွေက အကျဉ်းသားတွေကို ကိုယ်ထိလက်ရောက် ကျူးလွန်တာတွေရှိနေတယ်ဆိုတဲ့ ပြောဆိုချက်တွေနဲ့ ပတ်သက်ပြီး ပြည်ကြီးတံခွန်မြို့နယ် ရဲစခန်းကို RFA က သွားရောက်မေးမြန်းခဲ့ပေမယ့် တစ်စုံတစ်ရာ ပြန်လည်ပြော ဆိုလို့ မရသေးကြောင်းသာ ပြောပါတယ်။
တိုင်းဝန်ကြီးချုပ်နဲ့ အစိုးရအဖွဲ့တို့ရဲ့ ဆောင်ရွက်ချက်တွေနဲ့ပတ်သက်ပြီး ရှေ့နေ ဦးဇော်ဝင်းက ပြီးခဲ့တဲ့မတ်လအတွင်း သတင်းမီဒီယာတွေကို ဖြေကြားရာမှာ နိုင်ငံတော်အစိုးရနဲ့ ငြိမ်ဝပ်ရေးကို ထိခိုက်စေတဲ့အသုံးအနှုန်းတွေ ပြောဆိုခဲ့ တယ်ဆိုပြီး ပုဒ်မ ၅၀၅(ခ)နဲ့ တရားစွဲဆိုခံထားရတာဖြစ်ပါတယ်။
အဲဒီအမှုကို ရင်ဆိုင်နေရချိန်မှာပဲ ဦးဇော်ဝင်းဟာ ပြည်ကြီးတံခွန်မြို့နယ်တရားရုံးကို ဖိနပ်နဲ့ပစ်ပေါက်ခဲ့တာဖြစ် ပါတယ်။
အဲဒီအတွက် ဆဲဆိုမှု၊ ဝတ္တရားနှောင့်ယှက်မှု၊ တရားစီရင်ရေး ရပ်ဆိုင်းစေမှု၊ နိုင်ငံတော် အကြည်ညိုပျက်စေမှုတွေနဲ့ ပြည်ကြီးတံခွန်တရားရုံမှာ ထပ်မံအမှုရင်ဆိုင်နေရတာလည်းဖြစ်ပါတယ်။