ကျောက်တော်မြို့ခံ ကိုဇော်ဝင်းကို စစ်ကောင်စီတပ်က အင်အားသုံးဖမ်းဆီး

2022.06.21
ကျောက်တော်မြို့ခံ ကိုဇော်ဝင်းကို စစ်ကောင်စီတပ်က အင်အားသုံးဖမ်းဆီး ရခိုင်ပြည်နယ် ကျောက်တော်မြို့တွင် ဖမ်းဆီးခံရသည့် တက်ကြွလှုပ်ရှားသူ ကိုဇော်ဝင်းအား တွေ့ရစဉ်
Photo: CJ

ရခိုင်ပြည်နယ် ကျောက်တော်မြို့မှာ ဇွန်လ ၂၁ ရက် ဒီနေ့မနက်က ကိုဇော်ဝင်းဆိုသူကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက အင်အားအလုံးအရင်းနဲ့ အိမ်ကိုဝိုင်းကာ လာရောက်ဖမ်းဆီး သွားတယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။

စစ်ကောင်စီတပ်သား ၄၀ ခန့်ဟာ အိမ်ကိုဝိုင်းထားပြီး ကိုဇော်ဝင်းကို အချုပ်ကားနဲ့ ဖမ်း ခေါ်သွားတာလို့ ဇနီးဖြစ်သူ ဒေါ်ခင်လှဇံက RFA ကို ပြောပါတယ်။

“စစ်သား ၄၀ လောက် အိမ်ကိုရောက်လာတယ်။ သူတို့က အိမ်အရှေ့၊ အနောက် အားလုံးကို ဝိုင်းထားတယ်။ စစ်ကားသုံးစီးပါတယ်။ အချုပ်ကားလည်းပါတယ်။ ကိုဇော်ဝင်း ရှိလားမေးတယ်။ ကျမလည်း ကြောက်လို့မရှိဘူး၊ ဈေးသွားတယ်လို့ လိမ်ပြောလိုက်တယ်။ သူတို့ အိမ်ထဲဝင်ရှာတော့ ကိုဇော်ဝင်းကို တွေ့သွားတယ်။ သေနတ်ကို မောင်းတင်တယ်။ သူ့ကိုချိန်ပြီး ဒူးထောက်ခိုင်းတယ်။ ပြီးတော့ လက်ထိတ်ခတ်ပြီး စစ်ဆေးစရာရှိတယ်ဆိုပြီး ခေါ်သွားတာ”

အခုလက်ရှိတော့ ကိုဇော်ဝင်းကို ဘယ်နေရာကို ဖမ်းဆီးခေါ်ဆောင်သွားတယ်ဆိုတာကို မသိရသေးသလို ကိုဇော်ဝင်းဟာ အစာအိမ်ရောဂါကြောင့် ဆေးပုံမှန်သောက်နေရသူဖြစ်လို့ ကျန်းမာရေးအတွက် စိုးရိမ်မိတယ်လို့ ဆိုပါတယ်။

ကျောက်တော်မြို့မှာ ဇွန်လ ၂၀ ရက်နေ့ မနေ့ညနေပိုင်းကလည်း ကျောက်တော်မြို့မ ရဲစခန်းက ရဲတပ်ဖွဲ့ဝင်သုံးဦးကို AA က ဖမ်းဆီးသွားပြီးနောက် စစ်ကောင်စီတပ်သား တွေဟာ လက်နက်အပြည့်အစုံ၊ အင်အားအလုံးအရင်းနဲ့ မြို့ထဲမှာ စစ်ဆေးဖမ်းဆီးတာတွေ လုပ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အခုလက်ရှိ ကျောက်တော်မြို့ အဝင်၊ အထွက်လမ်းတွေကို စစ်ကောင်စီတပ်ကပိတ်ထားပြီး ဒေသခံတွေဟာ ကြောက်လန့်နေလို့ အပြင်မထွက်ရဲကြဘူးလို့ အမည်မဖော်လိုတဲ့ ဒေသခံ တစ်ဦးက ပြောပါတယ်။

ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့မှာလည်း ပြီးခဲ့တဲ့ ဇွန်လ ၁၆ ရက်က စစ်ကောင်စီတပ်သား တစ်ဦးကို AA က ဖမ်းဆီးသွားပြီးနောက် ဒေသခံ ၁၀ ဦးကျော် အဖမ်းခံလိုက်ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့က ဒေသခံတွေကို ခုလိုဖမ်းဆီးနေတာနဲ့ ပတ်သက်လို့ စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က ဆက်သွယ်မေးမြန်းဖို့ ကြိုးစားနေပါတယ်။

ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ မြောက်ဦး စတဲ့ မြို့နယ်တွေက ဒီလအတွင်း စစ်ကောင်စီတပ် သား လေးဦးနဲ့ ရဲတပ်ဖွဲ့ဝင် သုံးဦးကို AA က ဖမ်းဆီးခဲ့ပြီး အခုလိုဖမ်းဆီးတာဟာ AA တပ် ဖွဲ့ဝင်တွေ၊ AA နဲ့ ဆက်စပ်သူတွေကို စစ်ကောင်စီတပ်က ဖမ်းဆီးတာကြောင့် အခုလို ဖမ်း ဆီးရတာလို့ AA ပြောခွင့်ရသူ ဦးခိုင်သုခက ပြီးခဲ့တဲ့ ဇွန်လ ၁၄ ရက် သတင်းစာရှင်းလင်းပွဲ မှာ ပြောထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။