ခင်ဦးမြို့နယ် ရွာသစ်ကုန်းရွာ မီးရှို့ခံရ

စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ် ရွာသစ်ကုန်းကျေးရွာမှာ ပျူစောထီးတပ်ဖွဲ့ ဖွဲ့ဖို့ စစ်သင်တန်းပေးတာကို လက်မခံလို့ဆိုပြီး စစ်ကောင်စီတပ်သားတွေက အောက်တိုဘာလ ၂၃ ရက်နေ့ မနေ့ညနေပိုင်းက ရွာကို မီးရှို့ခဲ့ရာ အိမ် ခြောက်လုံး မီးလောင်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒေသခံရွာသားတွေက ခုလို စစ်သင်တန်းပေးပြီး ပျူစောထီး တပ်ဖွဲ့ဝင်တွေ မဖြစ်ချင်လို့ ထွက်ပြေးခဲ့ကြတဲ့ အတွက် စစ်ကောင်စီတပ်သားတွေက မကျေနပ်ဘဲ ခုလိုမီးရှို့သွားတာလို့ အမည်မဖော်လိုတဲ့ ရွာသားတစ်ဦးက ပြောပါတယ်။
“ပျူစောထီးဆိုတာက တကယ်ဖြစ်လာရင် ကြားညပ်ခံရမှာဆိုတော့ တချို့ကလည်း မတက်ချင်လို့ ရွာက ထွက်ပြေးကြတာ။ အဲဒါကို ရွာကိုမီးရှို့သွားတာ အခုထိလည်း ပြေးနေတဲ့သူတွေ ရွာကိုမပြန်ရဲသေးဘူး”
စစ်ကောင်စီတပ်ဘက်က အင်အား ၂၀၊ ဒီပဲယင်းက ပျူစောထီးအင်အား ၂၀ စုစုပေါင်းအင်အား ၄၀ နဲ့ ရွာသစ်ကုန်းကျေးရွာမှာ ပျူစောထီးသင်တန်းပေးဖို့ အောက်တိုဘာလ ၁၉ ရက်နေ့ကတည်းက လာရောက် ခဲ့တာပါ။ ရွာကစာရင်းပေးထားတဲ့ အင်အား ၃၀ ကို စစ်သင်တန်းပေးဖို့ စီစဉ်ထားပေမယ့် အယောက် ၂၀ လောက်က ထွက်ပြေးခဲ့တာကြောင့် သင်တန်းလည်း မပေးဖြစ်လိုက်ဘူးလို့ ဆိုပါတယ်။
အောက်တိုဘာလ ၂၀ ရက်နေ့က ရွာထဲ တစ်အိမ်ကို ကျပ်နှစ်သောင်းစီကောက်ခံပြီး သူတို့ စခန်းချ နေထိုင် စဉ်မှာ ကျွေးမွေးခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီသတင်းနဲ့ပတ်သက်ပြီး RFA က သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။
ခင်ဦးမြို့နယ်ထဲမှာ အခုရက်ပိုင်း ကျေးရွာတချို့ကို စစ်ကောင်စီတပ်တွေနဲ့ ပျူစောထီးတို့ ပူးပေါင်း အဖွဲ့တွေက ဝင်ရောက်စီးနင်းကာ သေနတ်တွေနဲ့ ပစ်ခတ်တာ၊ နေအိမ်တွေကို ဖျက်ဆီးတာ၊ ရွာသား တချို့ကို သေနတ်နဲ့ ပစ်ခတ်တာကြောင့် သေဆုံးခဲ့ရတဲ့ ဖြစ်စဉ်တွေလည်းရှိပါတယ်။