ရွာငံမှာ တိုက်ပွဲဖြစ်နေပြီး နေအိမ် ၁၇၀ ခန့် မီးရှို့ဖျက်ဆီးခံရ

RFA Burmese
2024.12.23
ရွာငံမှာ တိုက်ပွဲဖြစ်နေပြီး နေအိမ် ၁၇၀ ခန့် မီးရှို့ဖျက်ဆီးခံရ ရှမ်းပြည်နယ်တောင်ပိုင်း ရွာငံမြို့နယ်တွင် စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် နေအိမ်အချို့ မီးလောင်နေသည်ကို ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၂၁ ရက်တွင် DSNDA အဖွဲ့က ထုတ်ပြန်ထားစဉ်။
Screenshot from DSNDA Video

ရှမ်းပြည်နယ်တောင်ပိုင်း ရွာငံမြို့နယ်မှာ စစ်ကောင်စီတပ်က စစ်ကြောင်းထိုး ဝင်ရောက်လာတာကြောင့် တိုက်ပွဲဖြစ်ခဲ့သလို စစ်ကောင်စီတပ်က မင်းပလောင်ရွာက နေအိမ် ၁၇၀ ခန့်ကို မီးရှို့ဖျက်ဆီးသွားတယ်လို့ ဓနုပြည်နယ် အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) က ဒီဇင်ဘာလ ၂၂ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

စစ်ကောင်စီတပ်က အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးလာတာကြောင့် တိုက်ပွဲတွေ ဖြစ်နေတာလို့ ရွာငံဒေသခံ တစ်ဦးက RFA ကို ပြောပါတယ်။

“တိုက်ပွဲဖြစ်နေတာ နှစ်ရက်ရှိပြီ။ စစ်ကောင်စီတွေ အင်အားအလုံးအရင်းနဲ့ ဆင်းချလာတော့ အဲမှာ တိုက်ပွဲက စဖြစ်တာရော။ လမ်းမှာသွားတဲ့ လူတွေလည်း စစ်ဆေးတာတွေလည်း တအားကြမ်းတာရော”

အင်အား ၁၁၀ ခန့် ပါတဲ့ စစ်ကြောင်းကို DSNDA ကြားဖြတ်တိုက်ခိုက်လို့ စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့ ထိခိုက်သေဆုံးပြီး စစ်ကောင်စီတပ်ကလည်း လေကြောင်းသုံး တိုက်ခိုက်ခဲ့တယ်လို့ DSNDA ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

တိုက်ပွဲအခြေအနေနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ ရှမ်းပြည်နယ်ပြောခွင့်ရသူ ပြည်နယ်စီးပွားရေးဝန်ကြီး ဦးခွန်သိန်းမောင်ကို RFA ကဖုန်းနဲ့ တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။

လက်ရှိမှာ တိုက်ပွဲကြောင့် မင်းပလောင်ရွာခံ ငါးရာကျော် ဘေးလွတ်ရာကို တိမ်းရှောင်နေရတယ်လို့ ဒေသခံတွေ က ပြောပါတယ်။

ဒီဇင်ဘာလ ၁၈ ရက်နေ့ကလည်း ရွာငံမြို့နယ် ရေလှရွာက ပြည်သူ့စစ်ခေါင်းဆောင် နေအိမ်ကို DSNDA က ဝင်ရောက်စီးနင်းခဲ့ပြီး လက်နက်တချို့ကို သိမ်းဆည်းခဲ့ပါတယ်။

ရွာငံမြို့နယ်မှာ ဓနုပြည်နယ် အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) နဲ့ ဓနုပြည်သူ့လွတ်မြောက်ရေးတပ်ဦး (DPLA/DPLF) တပ်ဖွဲ့တွေလည်း အဓိက လှုပ်ရှားနေတာဖြစ်ပြီး စစ်ကောင်စီတပ်နဲ့ မကြာခဏ ဆိုသလို တိုက်ပွဲတွေ ဖြစ်ပွားနေပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။