ယုဇနဥယျာဉ်မြို့တော်အိမ်ရာဝင်းက ဆိုင်ခန်းနှစ်ရာကျော် အင်အားသုံးဖြိုဖျက်ခံရ

RFA Burmese
2023.02.24
ယုဇနဥယျာဉ်မြို့တော်အိမ်ရာဝင်းက ဆိုင်ခန်းနှစ်ရာကျော် အင်အားသုံးဖြိုဖျက်ခံရ ယုဇနဥယျာဉ်မြို့တော် အိမ်ရာဝင်းအတွင်းမှ လမ်းဘေးဆိုင်ခန်းများ ဖြိုဖျက်နေသည်အား ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၂၄ ရက်နေ့က တွေ့ရစဉ်။
Citizen Journalist

ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ် ဆိပ်ကမ်းမြို့နယ်၊ ယုဇနဥယျာဉ်မြို့တော် အိမ်ရာဝင်းအတွင်းမှာ ရှိတဲ့ လမ်းဘေးဆိုင်ခန်းပေါင်း နှစ်ရာကျော်ဟာ ဖေဖော်ဝါရီလ ၂၂ နဲ့ ၂၄ ရက် ဒီနေ့မှာ အင်အားသုံးဖြိုဖျက်ခံခဲ့ရတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။

ဖေဖော်ဝါရီလ ၂၂ ရက်နေ့က ၉၄ ရပ်ကွက်ဈေးကို စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေနဲ့အတူ မျက်နှာဖုံးစွပ်ထားသူတွေ ရောက်လာပြီး ဆိုင်ခန်းတွေကို ဖြိုဖျက်ခဲ့သလို ဖေဖော်ဝါရီ ၂၄ ရက် ဒီနေ့မနက်ပိုင်းမှာလည်း ၉၃ ရပ်ကွက် ဈေးဆိုင်ခန်းတွေကို အလားတူ ဆက်လက် ဖြိုဖျက်လိုက်တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုသူတစ်ဦးက RFA ကို ပြောပါတယ်။

“လာဖယ်ရှားခိုင်းတဲ့အထဲမှာ စကစတပ်ဖွဲ့တွေရော တုတ်၊ ဓားကိုင်ဆောင်ထားတဲ့ လူတွေရောပါတယ်။ ဘူဒိုဇာလည်းပါတယ်။ ချက်ချင်းကြီး လာဖျက်တာဆိုတော့ တော်တော်လေးကို ခက်ခဲပါတယ်။ ၉၄ ရပ်ကွက် ဈေးတင်မကဘူး။ ဒီနေ့မနက်ကလည်း ၉၃ ရပ်ကွက်ဈေးပါ ဖျက်နေတယ်။ မိသားစုတွေအများကြီး ဒုက္ခနဲ့ ကြုံတွေ့ရတာပေါ့။ အခုက ဘယ်နားမှာ သွားနေလို့ နေရမှန်းကို မသိတော့ဘူး။ စည်ပင်ကတော့ ကျူးကျော်လို့ ဖျက်တာလို့တော့ ပြောတာပဲ”

ဖြိုဖျက်ခံရတဲ့ ဆိုင်ခန်းတွေဟာ လက်ဖက်ရည်ဆိုင်၊ ဘီယာဆိုင်စတဲ့ ဆိုင်ခန်းတွေအပါဝင် ယုဇနဥယျာဉ် မြို့တော်အိမ်ရာက ကျွန်းရွှေဝါလမ်းမကြီးတစ်လျှောက် အိမ်တွေနဲ့ အေ ဘလောက်၊ ဘီ ဘလောက်အကြား ဈေးတန်းဖြိုဖျက်ခံခဲ့ရတာလို့ ဒေသခံတွေက ဆိုပါတယ်။

ဆိုင်ခန်းတွေကို ရက်တိုအတွင်း အမြန်ဖျက်ရလို့ ဆိုင်ပိုင်ရှင်တွေနဲ့ နေအိမ်ဖျက်ခံရသူတွေ အတွက် အခန်းထပ်ငှားပြီး ပစ္စည်းတွေရွှေ့ပြောင်းရတာကြောင့် ဆိုင်ခန်းနဲ့ အိမ်ခန်း ငှားရမ်းခတွေ မြင့်တက်နေတယ်လို့ ရပ်ကွက်နေသူတွေက ပြောပါတယ်။

ယုဇနဥယျာဉ်မြို့တော် ၉၄ ရပ်ကွက်ရုံးကို ဖေဖော်ဝါရီ ၁၉ ရက်နေ့က တိုက်ခိုက်ခံရတာ ကြောင့် ရာအိမ်မှူး ဦးဝင်းမြင့်နဲ့ ဦးထွန်းထွန်းဝင်းတို့ နှစ်ဦး သေဆုံးခဲ့ပြီး ရာအိမ်မှူးတွေ ဖြစ်ကြတဲ့ ဦးမြင့်ဝေ၊ ဦးဖြိုးကိုကိုမောင်၊ ဒေါ်ခင်ဆွေဝင်း၊ ဦးအောင်ဝင်း၊ စုစုပေါင်း လေးဦး သေနတ်ထိမှန် ဒဏ်ရာရရှိခဲ့ကြပါတယ်။

ဒါ့အပြင် ဖေဖော်ဝါရီ ၂၂ ရက်နေ့ကလည်း ဒဂုံမြို့သစ် ဆိပ်ကမ်းမြို့နယ်မှာ ၉၃ ရပ်ကွက် အုပ်ချုပ်ရေးမှူး ဓားထိုးခံရတဲ့ ဖြစ်စဉ်ဖြစ်ခဲ့တယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။