လှိုင်သာယာမှာ နေအိမ် သုံးရာကျော် ကျူးကျော်ဆိုပြီး ဖယ်ရှားခံရ
2024.05.25

ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ် အပြင်ပဒံကျေးရွာအုပ်စု ကျွန်းကြီးရွာမှာရှိတဲ့ နေအိမ်သုံးရာကျော်ကို ကျူးကျော်ဆိုပြီး စစ်ကောင်စီတပ်က မေလ ၂၄ ရက်နေ့ မနက်ပိုင်းမှာပဲ အင်အားသုံးဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
မြို့အနောက်ဘက်ခြမ်း အနော်ရထာစက်မှုဇုန် အပိုင်း (၂) စံပယ်လမ်းပေါ်မှာ ကျူးကျော်ဆောက်လုပ်ထားတဲ့ နေအိမ်တွေကို ဖျက်သိမ်းဖို့ စစ်ကောင်စီဘက်က သုံးကြိမ်တိုင်တိုင် သတိပေးစာပို့ခဲ့ပြီးနောက် စံပယ်လမ်းပေါ်က နေအိမ်တွေသာမက ကျွန်းကြီးရွာက နေအိမ်တွေကိုပါ မြေတူးစက်တွေနဲ့ ဖျက်ဆီးသွားတာလို့ ဆိုပါတယ်။
ရွာထဲကနေအိမ်တွေအပြင် ရွာထဲမှာတည်ထားတဲ့ ဗုဒ္ဓရုပ်ပွားတော်ကိုပါ ဖျက်ဆီးခဲ့တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
“စံပယ်လမ်းထဲ အရင် ရုတ်တရက်ဝင်ဖျက်တာ။ အစက သူတို့ပြောတာလည်း စံပယ်လမ်းပေါ်ကဟာကိုပဲ ဖျက်မယ်လို့ သိထားတာ။ အဲဒါတွေဖျက်ပြီးတာနဲ့ တစ်ခါတည်း ရွာထဲကအိမ်တွေနဲ့ နှစ်ပေါင်း ခြောက်ဆယ်လောက်ရှိတဲ့ ဗုဒ္ဓရုပ်ပွားတော်လည်း အကုန်ဖျက်လိုက်တာ”
လက်ရှိ လူပေါင်းနှစ်ထောင်နီးပါး အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ပြီး ဒုက္ခရောက်နေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီအခြေအနေနဲ့ပတ်သက်ပြီး စစ်ကောင်စီရဲ့ ရန်ကုန်တိုင်းပြောခွင့်ရ ဥပဒေချုပ်ရုံးကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုခြင်းမရှိပါဘူး။
ပြီးခဲ့တဲ့ မေလ ၂၃ ရက်နေ့ကလည်း ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ် ရွှေနံ့သာကျေးရွာအုပ်စု၊ ပုလဲ (၃) ရပ်ကွက်က နေအိမ်နှစ်ရာကျော်ကို ကျူးကျော်လို့ဆိုပြီး စစ်ကောင်စီတပ်က ဖယ်ရှားခဲ့ပါတယ်။
RFA ရဲ့စာရင်းအရ အာဏာသိမ်းသုံးနှစ်ကျော်အတွင်း မရမ်းကုန်း၊ ဒဂုံမြို့သစ်ဆိပ်ကမ်း၊ ဒဂုံမြို့သစ်အရှေ့ပိုင်းနဲ့ တောင်ပိုင်း၊ ဒေါပုံ၊ မင်္ဂလာဒုံနဲ့ လှိုင်သာယာမြို့နယ်တွေက နေအိမ်နှစ်သောင်းဝန်းကျင် ဖယ်ရှားခံခဲ့ရပါတယ်။
စစ်ကောင်စီအနေနဲ့ ကျူးကျော်ဆိုပြီး ဖယ်ရှားခံရသူတွေကို အစားထိုးနေစရာပြန်ချမပေးဘဲ လူနေအိမ်တွေကို အင်အားသုံးဖယ်ရှားတာဟာ စစ်ရာဇဝတ်မှုမြောက်တယ်လို့ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၂ ရက်နေ့မှာ ကမ္ဘာ့ကုလသမဂ္ဂက ထုတ်ပြန်ထားပါတယ်။