ကျောက်ဖြူမှာ ကျူးကျော်ဆိုပြီး နေအိမ် ၂၀၀ နီးပါး ဖယ်ရှားခံရ
2024.04.14
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်အတွင်းက ကုလားပိုက်ဆိပ်ရပ်ကွက် မီးလောင်ကွင်းအနားမှာရှိတဲ့ နေအိမ်နှစ်ရာနီးပါးကို ဧပြီလ ၁၂ ရက်ညနေပိုင်းမှာ စစ်ကောင်စီတပ်က အင်အားသုံး ဖယ်ရှားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အဲဒီနေရာမှာ နေထိုင်သူတွေကို ကျူးကျော်နေထိုင်သူတွေလို့ စွပ်စွဲပြီး စစ်ကောင်စီတပ်က မြေသယ်ယာဉ်လေးစီးနဲ့ နေအိမ်တွေကို လာရောက်ဖျက်ဆီးခဲ့တာလို့ ဆိုပါတယ်။
နေအိမ်တွေဖယ်ပေးဖို့ စစ်ကောင်စီဘက်က ကြိုတင်အကြောင်းကြားတာမရှိဘဲ ရုတ်တရက်လာရောက် ဖျက်ဆီးလိုက်တာလို့ အမည်မဖော်လိုတဲ့ ကျောက်ဖြူ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
"စစ်ကောင်စီဘက်က ထွေအုပ်ဝန်ထမ်းနဲ့ ဌာနဆိုင်ရာဝန်ထမ်းတွေပါတယ်။ နေ့ချင်းပြီးကို ဖျက်သွားတာပေါ့။ နေအိမ်ဖယ်ရှားခံရတဲ့ ကာယာကံရှင်တွေကို ဘာမှအကြောင်းမကြားဘဲ ဝုန်းဒိုင်းကြဲပြီး ဖျက်သွားတာ"
အဲဒီနေရာမှာ အရင်က မွတ်စလင်လူမျိုးတွေ နေထိုင်ခဲ့ကြတာဖြစ်ပြီး အရေးအခင်းဖြစ်ချိန်က သူတို့နေအိမ်တွေ မီးရှို့ခံလိုက်ရပြီးနောက်ပိုင်း လက်ရှိနေထိုင်သူတွေက ရွှေ့ပြောင်းလာပြီး နေထိုင်ခဲ့ကြတာလို့ ဆိုပါတယ်။
လက်ရှိ နေအိမ်တွေဖျက်ဆီးခံလိုက်ရတဲ့ ဒေသခံတွေဟာ သက်ဆိုင်ရာဌာနတွေကို သွားရောက်တွေ့ဆုံခဲ့ပေမယ့် သင်္ကြန်ကာလရုံးပိတ်ထားတာကြောင့် မတွေ့ရသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး အသေးစိတ်သိရဖို့ စစ်ကောင်စီရဲ့ ရခိုင်ပြည်နယ် ပြောခွင့်ရသူ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုခြင်း မရှိပါဘူး။