မကွေးမြို့ ရထားသံလမ်းဘေးက ကျူးကျော်နေအိမ် သုံးရာခန့်ကို စည်ပင် ဖယ်ခိုင်း
2024.05.07
မကွေးတိုင်း၊ မကွေးမြို့ အောင်မေတ္တာ (ဃ) ရပ်ကွက်၊ ရထားသံလမ်းဘေး ဝဲယာမှာရှိတဲ့ နေအိမ်သုံးရာခန့်ကို မေလအတွင်း နောက်ဆုံးထားဖယ်ရှားဖို့ စစ်ကောင်စီရဲ့ မြို့နယ်စည်ပင်သာယာရေးကော်မတီက သတိပေးထားတယ်လို့ မကွေးဒေသခံတွေက ပြောပါတယ်။
အဲဒီရပ်ကွက်ဟာ နေအိမ်တွေ စိပ်တာကြောင့် စုစုပေါင်း နေအိမ်ငါးရာခန့်ရှိနိုင်ပြီး အရင်က မြေလွတ်တွေပေါ်မှာ နေထိုင်ကြရင်း တိုးချဲ့ရပ်ကွက်ပုံစံမျိုးဖြစ်သွားတာလို့ ဆိုပါတယ်။
အဲဒီရပ်ကွက်မှာ နေထိုင်သူတွေကို ဒီလအတွင်း ဖျက်ပေးဖို့ စည်ပင်ကနေ သတိပေးစာတွေ လာပို့သွားတယ်လို့ မကွေးမြို့ခံတစ်ဦးက RFA ကို ပြောပါတယ်။
"အောင်မေတ္တာ အပိုင်း (ဃ) ဖျက်ခံရမှာ မှန်တယ်။ ဒီလကုန် အပြီးဖျက်ပေးမယ်ရမယ်ဆိုပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေ ဘာတွေက စာတွေလာဝေသွားတယ်။ လကုန်အပြီးဖယ်ပေးဖို့ လုပ်နေကြတယ်။ စာတွေလည်း ပို့ထားတယ်။ ရှေ့ပိုင်းတစ်သုတ် ဖျက်ထားပြီးသားပါ။ အခုထပ်ဖျက်ရမှာကို စာလည်းပို့ထားပြီ။ အောင်မေတ္တာ (ဃ) ရပ်ကွက်က ဒီလကုန်နောက်ဆုံးတဲ့"
ဒီကိစ္စနဲ့ပတ်သက်ပြီး အသေးစိတ်သိရဖို့ မကွေးမြို့ စည်ပင်သာယာရေးကော်မတီကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုခြင်း မရှိသေးပါဘူး။
မကွေးတိုင်း စည်ပင်သာယာရေးကော်မတီရဲ့ မေလ ၆ ရက်နေ့ ထုတ်ပြန်စာမှာတော့ အဲဒီ ကျူးကျော်နေရာတွေကို မေလ ၁၃ ရက်နေ့မှာ အပြီးတိုင်ဖယ်ရှားရှင်းလင်းရမယ်လို့ ဖော်ပြထားပါတယ်။
ညွှန်ကြားချက်ကို မလိုက်နာရင် စည်ပင်သာယာရေး ဥပဒေပုဒ်မ ၂၈၉ အရ အရေးယူသွားမယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့တစ်လကျော်ကတည်းက မကွေးမြို့ အောင်မေတ္တာရပ်ကွက် ရထားသံလမ်းဘေးဝဲယာက ကျူးကျော် နေအိမ်တွေကို စစ်ကောင်စီတပ်နဲ့ စည်ပင်ကော်မတီက ဖယ်ရှားရှင်းလင်းခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။